ဘန်ကောက်မြို့သား ဥပဒေဘက်သား - ရန်ကုန်မြို့သူ တက္ကသိုလ်ကျောင်းသူ

 


 

ကောလိယ ဝေယံမောင်မောင်

(ကျွန်ုပ်၏အဘေးနှင့်ဘေးမတို့၏ (၁၉၂၂)ခုနှစ်က  ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး 

ရန်ကုန်တက္ကသိုလ်ရာပြည့်၌ ဝတ္ထတိုဆုရခဲ့သည်။)


            ကျောင်းဖွင့်ရက် မနက်ငါးနာရီဆိုလျှင် မောင်မောင်၏ဖုန်းမှ နှိုးစက်သံပေါ်လာမြဲဖြစ်သည်။ ရေမိုးချိုး၊ အဝတ်ဆင်၊ ဆွမ်းတော်ကပ်၊ မနက်စာစား၍ ကျောင်းသွားရသည်။ ဇန်နဝါရီလဆန်း(၁)ရက် ဆောင်းဥတု ဆိုသော်လည်း ရန်ကုန်ဆောင်းကခိုက်ခိုက်တုန်လှသည်မရှိ။ သို့သော် ယခုလက အေးမြလျက်ရှိသည်။ မကြာခဏဆိုသလို နှင်းမြူထုဖုံးအုပ်သဖြင့် မျက်စိတစ်ဆုံးရှိ ဆူးလေစေတီကို မပီဝိုးတဝါးမြင်ရတတ်သည်။ ရာသီဥတုကား သူ့ဆန္ဒအတိုင်း အလီလီပြောင်းနေသည်။

            မောင်မောင်မှာ ရန်ကုန်တက္ကသိုလ်၏ သမိုင်းနှင့်ယဉ်ကျေးမှုဘွဲ့လွန်ဒီပလိုမာ ကျောင်းသားဖြစ်၏။ ရသစာပေပညာနှင့်ဘွဲ့ရသူ။ သမိုင်းကိုအလွန်စိတ်ဝင်စားသူ။ အလယ်တန်းအောင်၊ အထက်တန်းအရောက် ဘာသာတွဲများလျှောက်ထားစဉ် ပထဝီ၊ သမိုင်းနှင့် စိတ်ကြိုက်မြန်မာစာတွဲ လျှောက်ထားခွင့်မရခဲ့သမျှ ယခု ရန်ကုန်တက္ကသိုလ်၌ သူဝါသနာပါသောဘာသာများ တက်ခွင့်ကြုံခဲ့သဖြင့် ကြည်နူးနေရသူဖြစ်သည်။

            နံနက်(၇)နာရီဆိုအတန်းစ၍ အိမ်က(၆)နာရီထွက်မှ တော်ရာကျသည်။ ယနေ့တော့ (၆)နာရီမတိုင်မီ ယောက်လမ်းမှတ်တိုင်၌ ကားစောင့်ဖြစ်သည်။ ကားလာပြီ။ ကားပေါ်တက်၊ ပိုက်ဆံထည့်ပြီး ကားပေါ်က ကြည့်လျှင် ဆူးလေနားက တရားလွှတ်တော်ကိုမြင်နိုင်မည့် စိတ်ကြိုက်ခုံပေါ်ရွေးထိုင်လိုက်သည်။ မနက်စော စောကားစီးရသည်မှာ လူရှင်းပြီး အေးအေးလူလူရှိသည်။ ရန်ကုန်တက္ကသိုလ်ထံ အမြန်ရောက်သည်။ သူ ကြည့်ချင်သော မြင်ကွင်းများကို စိတ်အေးလက်အေး ကြည့်သွားနိုင်သည်။ နံနက်တိုင်လည်း ကားပေါ်တွင် ခရီးသည်ဟူ၍ မောင်မောင်တစ်ဦးတည်း ပါတတ်သည်။

 

x          x          x

တင်တင်

            ရန်ကုန်တက္ကသိုလ်တစ်ခုလုံးမှ အထူးချွန်ဆုံးနှင့် အချောမောဆုံးကျောင်းသူကိုပြပါဆိုလျှင် တင်တင့် ကိုပြရမည်။ တင်တင်သည် စာတော်သည်။ လှပသည်။ မျက်ခုံး၊ မျက်လုံးမှအစ ခန္ဓာကိုယ်တစ်ခုလုံး သွယ်လှ ပြေပြစ်သည်။ ကျောင်းလာတိုင်းဆင်မြန်းသော မြန်မာဝတ်စုံက တင်တင့်ကိုယ်ခန္ဓာနှင့် အလွန်လိုက်ဖက်၏။ ခေါင်းပေါ်၌ ဆံထုံးပါးပါးထုံးထားလေ့ရှိပြီး ကံကော်ပွင့်ကိုလည်း ပန်တတ်သည်။ တင်တင်လာပြီဆိုလျှင် တက္ကသိုလ်ကျောင်းသားများမဆိုထားနှင့် ကျောင်းသူများပါငေးမောရအောင် လှပယဉ်ကျေး ဂုဏ်သတင်း မွှေးသည်။

            ဇန်နဝါရီဆောင်းတွင်းက ရန်ကုန်အတွက်တော့ အလွန်အေးသည်။ မြူခိုးဝေဝေ ဆောင်းနှင်းလေတို့ သည် ကော်မရှင်နာလမ်းတစ်လျှောက် လမ်းပျောက်မတတ်ကျဆင်းနေသည်။ နှင်းမဟုတ်သော မြူများမှာ တစ်ခါတစ်ရံ အုံ့ထူဆိုင်းပြန်သည်။ ယနေ့တော့ တင်တင့်အဖေ မနက်ခင်းကိစ္စရှိ၍ သမီးဖြစ်သူကို ကျောင်းသို့ စောစောပို့ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်သို့ ကမ္ဘာကျော်အထူးဧည့်သည်တော်တစ်ဦး ရက်ပိုင်းအတွင်းလာဖို့ ရှိ၍ ပန်းစည်းကမ်းကြိုဆိုဖို့ တင်တင့်ကိုတာဝန်ပေးထားသည်။ တင်တင်ပန်းစည်းကမ်းမှ ရန်ကုန်တက္ကသိုလ် ကျောင်းသူများလှကြောင်း ကမ္ဘာကသိမည်တဲ့။

တင်တင်သည် ရန်ကုန်တက္ကသိုလ်၏ ပထမဆုံးကျောင်းသူများထဲမှ တစ်ဦးဖြစ်သည်။ သူတို့ခေတ် ရန်ကုန်တက္ကသိုလ်က ယခင်ကော်မရှင်နာလမ်း၊ ယနေ့ မင်းရဲကျော်စွာလမ်း၌ တည်ရှိသည်။ (၁၉၂၂)၌ သူတို့ တက္ကသိုလ်ကို လာမည့်ဧည့်သည်ကား ဗြိတိသျှအင်ပါယာ၏ အက်ဒွက်ဘုရင်ဖြစ်လာမည့် အိမ်ရှေ့စံ ဝေလ မင်းသားဖြစ်သည်။ တက္ကသိုလ်သို့ ဝေလမင်းသားလာခြင်းမှာ တင်တင့်ကိစ္စမဟုတ်။ သို့သော် ဝေလမင်းသား ခရီးစဉ်ကြောင့် တင်တင့်ဘ၀ ဖူးစာဘက်တွေ့ရခြင်းမှာတော့ တင်တင့်ကိစ္စဖြစ်သည်။

 

x          x          x

 

            ယနေ့နံနက်ကားက ဆောင်းမြူဖုံးလမ်းတစ်လျှောက် ခပ်သွက်သွက်မောင်းနေသည်။

ဆူးလေစေတီနားရောက်တော့ တရားရုံးချုပ်က ခပ်မှိုင်းမှိုင်း။

ပြည်လမ်းရောက်တော့လည်း မင်းရဲကျော်စွာလမ်းက ခပ်မှိုင်းမှိုင်း။

ရန်ကုန်တက္ကသိုလ်ရောက်တော့လည်း အဓိပတိလမ်းက ခပ်မှိုင်းမှိုင်း။

ခြောက်နာရီမတိုင်မီ စောထွက်မိသည်ကတစ်ကြောင်း၊ လမ်းရှင်းလှသည်ကတစ်ကြောင်းကြောင့် မောင်မောင် တက္ကသိုလ်သို့ ခြောက်နာရီမခွဲခင် ရောက်သွားသည်။

အဓိပတိလမ်းတစ်လျှောက်မှာ ကံ့ကော်ပန်းတို့ဝေနေသည်။ နှစ်ချို့ပင်မို့လားမသိ၊ တန်ခူးမဟုတ် သော်လည်း ကံ့ကော်ပန်းတို့ပွင့်နေ၏။ မောင်မောင် သူ့အိမ်၌ချိတ်ဆွဲထားသည့် ကံ့ကော်ပန်ထားသော ရန်ကုန် တက္ကသိုလ်ကျောင်းသူ အဘိုး၏အမေဓာတ်ပုံကို မြင်ယောင်မိသည်။ စစ်ကိုင်းဆောင်အနီး ကရဝေးပင်ကြီးက တော့ ရွက်ခြောက်များကြွေနေသည်။ မောင်မောင့်အဘိုးက မောင်မောင့်အကြိုက် ဘဲဥဟင်းချက်လျှင် ကရဝေး မဆလာ မပါ၍မပြီး။ ဤမနက်ခင်း၏ ပတ်ဝန်းကျင်ကား မောင်မောင့်အတွက်လွမ်းစရာများလှ၏။

ဝေသာလီဆောင်ရှိ စာသင်ခန်းကိုရောက်ပြီ။ ဒီနေ့က အသက်(၉၀)ကျော် သမိုင်းနှင့်ယဉ်ကျေးမှု ပါရဂူကြီး ဒေါက်တာခင်မောင်ညွန့်နေ့။ ဆရာကြီး ဒီနေ့သင်ခန်းစာများပို့ချရင်း ရန်ကုန်တက္ကသိုလ်သမိုင်းကို ဝေေ၀ဆာဆာ ပြောပြသွားသည်မှာ စိတ်ဝင်စားစရာ ကောင်းလှသည်။

x          x          x

ထွန်းဖြူ

(၁၉၀၀)ပြည့်နှစ်များအတွင်း ယိုးဒယားနိုင်ငံ၊ ဘန်ကောက်မြို့၏ နာမည်အကြီးဆုံး သူဌေးမိသားစု၏ သားဖြစ်သည်။ အသားဖြူ၊ ရုပ်ချော၊ ဖြောင့်တောင့်၍ ပျိုတိုင်းကြိုက်သောနှင်းဆီခိုင်ဖြစ်သည်။ စာလည်း အင်မတန်တော်သည်။ အထူးသဖြင့် ဥပဒေပညာ အလွန်ဝါသနာပါသည်။ တက္ကသိုလ်တက်သည့်အရွယ်၌ သင်လိုသည့်ဘာသာမှာလည်း ဥပဒေပညာသာဖြစ်သည်။ သို့သော် ဘန်ကောက်၌ ရန်ကုန်တက္ကသိုလ်လို ကျောင်းကောင်းကောင်းမရှိ။ ထိုခေတ်က ယိုးဒယားဘုရင် ရာမ(၅)တည်ထောင်ခဲ့သော ချူလာလောင်ကွန်း တက္ကသိုလ်ဆိုသည်မှာလည်း အနွယ်တော်များ၊ အမှုတော်ထမ်းများနှင့် သက်ဆိုင်သောဘာသာရပ်များမှအပ ဘာမျှမရှိလှ။

အရှေ့တောင်အာရှ၏ အကောင်းဆုံး ရန်ကုန်တက္ကသိုလ်ကြီးကဲ့သို့ ဘာသာရပ်လည်းမစုံလင်။ ထို့ကြောင့် ရန်ကုန်တက္ကသိုလ်၌ ဥပဒေပညာတက်မည်စဉ်းစားသည်။ သို့သော် ဝတ်လုံတော်ရခေါ် အင်္ဂလန် နိုင်ငံ၏ ရှေ့နေလိုက်ခွင့်လက်မှတ်အတွက် အင်္ဂလန်တွင်လည်း ကျောင်းတစ်ကြိမ် ပြန်ထပ်တက်ရဦးမည်။ ထို့ကြောင့် အင်္ဂလန်နိုင်ငံတွင် ဥပဒေပညာသင်ပြီးမှသာ ခမ်းနားသော တရားလွှတ်တော်ကြီးရှိရာ မြန်မာနိုင်ငံ၌ တာဝန်ထမ်းဆောင်မည်ဟုဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ကျောက်စိမ်တွင်းများပိုင်ရှင်မိဘများက ထွန်းဖြူကို အင်္ဂလန်သို့ပညာတော်သင် ပို့လိုက် သည်။ ပညာတော်သင်ပြန်လာအပြီး ဝတ်လုံတော်ရ၊ ဘိလပ်ပြန်ဘွဲ့ရအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိလာ၏။ သူ့ဝါသနာ၊ သူ့ပါရမီ ဥပဒေပညာအတွက် ဟိုက်ကုတ်ခေါ် တရားလွှတ်တော်ကြီးရှိရာ ရန်ကုန်မြို့၌ပင် အခြေ ချရန် ဆုံးဖြတ်လိုက်သည်။ ထိုထွန်းဖြူကား အခြားမဟုတ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်များကို လုပ်ကြံသည့် နိုင်ငံတော်ပုန်ကန်မှုကြီးအား နိုင်ငံကျော်လျှောက်လဲစာတမ်းဖြင့် ပြစ်ဒဏ်ချမှတ်စေခဲ့သည့် မြန်မာနိုင်ငံတော်တရားဝန်ကြီးချုပ် မဟာသီရိသုဓမ္မ ဦးထွန်းဖြူဖြစ်လာမည့် ထွန်းဖြူဖြစ်၏။

 

x          x          x

မာရီထွန်းမင်း

ရာဇဝတ်ဝန်ကြီးမင်း ဦးထွန်းမင်းနှင့် ပင်းသာခင်ခင်ကြီးတို့၏သမီး။ တက္ကသိုလ်ကျောင်းသူ လှပျိုဖြူ ဖြစ်သည်။ ဦးထွန်းမင်းမှာ ရန်ကုန်တက္ကသိုလ်မပေါ်မီ ကိုလိုနီခေတ်အဆင့်မြင့်ပညာရေး၏ ကိုးတန်းကို ပထမ ဆုံး အောင်မြင်သဖြင့် သူတစ်ဦးတည်းအတွက် ဘုရင်ခံကိုယ်တိုင် အခမ်းအနားကျင်းပ ဂုဏ်ပြုရသူဖြစ်သည်။ ထိုတင်မက မြန်မာလူမျိုးများအနက် ပထမဆုံးရာဇဝတ်ဝန်ကြီးမင်း Superintendent of Police ခန့်အပ်ခံရ သူဖြစ်၏။

ဂျော့ဘုရင်(၅) အိန္ဒိယပြည်တွင် (၁၉၁၁)ခုက ရာဇဘိသေကခံယူရာ၌ အထူးတလည် ဖိတ်ကြားခံရ သူဖြစ်သည်။ ဦးထွန်းမင်း မြန်မာပြည်အပြန်ယူဆောင်ခဲ့သော ပို့စကတ်များတွင် ဂျော့ဘုရင်သရဖူ၌ ပတ္တမြား ငမောက်ပုံပါသဖြင့်သာ နှောင်းလူများက မြန်မာ့ပတ္တမြားငမောက်အကြောင်း ပြန်သိကြရခြင်းဖြစ်သည်။ ဇနီး သည် ပင်းသာခင်ခင်ကြီးမှာလည်း ပင်းသာမင်းမျိုး၊ ရနောင်မောင်မောင်တုတ် တူမဖြစ်သဖြင့် သူတို့၏သမီး မာရီထွန်းမင်းမှာ ရန်ကုန်မြို့၌ ကျော်ကြားသည်။

ထို မာရီထွန်းမင်းနှင့် တက္ကသိုလ်ကျောင်းသူတင်တင်မှာ အတူတူဖြစ်သည်။ ကိုလိုနီခေတ်က အင်္ဂလိပ်  အမည်တွဲခေါ်သည့်ဓလေ့ကြောင့် မာရီထွန်းမင်းဟုလည်း ခေါ်ကြသည်။ မာရီထွန်းမင်းခေါ် တင်တင်က ကျောင်းစာသိပ်တော်သည်။ သူ့အဖေရသည့် T.D.M ဘွဲ့ထူးကိုလည်း အားကျသည်။ ထို့ကြောင့် ဦးထွန်းမင်း၏ သမီးတို့ခေတ် ရန်ကုန်တက္ကသိုလ်ပေါ်ဦးစ ကျောင်းသားကျောင်းသူများ မည်မျှထူးချွန်ကြမည်မှာ လေ့လာ ကြည့်လျှင် စိတ်ဝင်စားစရာ။

 

x          x          x

 

ဝေလမင်းသားက (၁၉၂၂) ဇန်နဝါရီ(၂)ရက်တွင် ရန်ကုန်သို့ရောက်လာသည်။ သူ့ခရီးစဉ်က ဇန်နဝါရီ (၁၀)ရက်ထိ ကိုးရက်တာကြာမည်။ ကိုယ့်မင်းကိုယ့်ချင်းမဟုတ်သည့်အချိန် ကိုလိုနီလက်အောက်ခံဖြစ်သဖြင့် ဗြိတိသျှအိမ်ရှေ့စံကို ကြိုကြရသည်။ ဝေလမင်းသား၏သင်္ဘောက ယခုဆိပ်ကမ်းသာလမ်းရှိ ဆိပ်ကမ်းသို့ ဆိုက်လာသည်။ ဆိပ်ကမ်းအစ အထင်ကရနေရာမှာ ထွန်းဖြူတို့၏ တရားလွှတ်တော်ဖြစ်သည်။ ဝေလမင်းသား က ကော်မရှင်နာခေါ် ဘုရင်ခံအိမ်သို့သွားမည်။ ထိုသွားရာလမ်း၌ ကော်မရှင်နာလမ်းရှိသည်။ ထိုကော်မရှင်နာ လမ်း၌ တင်တင်တို့၏ ရန်ကုန်တက္ကသိုလ်ရှိသဖြင့် တက္ကသိုလ် ကျောင်းသားကျောင်းသူများလည်း ပါဝင်ကြိုဆို ကြရသည်။

နောက်ရက်တွင် ဝေလမင်းသား တင်တင်တို့ရန်ကုန်တက္ကသိုလ်ကို ရောက်လာ၍ အခမ်းအနားဖြင့် ကြိုဆိုသည်။ ကျောင်းဂုဏ်ဆောင်တင်တင်က ပန်းစည်းကမ်းရသည်။ ထိုမျှမက ဝေလမင်းသားတို့ သွားလာရာ ၌လည်း ကားဖြင့်လိုက်ပါရသည်။ ထိုအချိန် ရန်ကုန်တက္ကသိုလ်ကို တက္ကသိုလ်အဖြစ် တည်ထောင်စအချိန်။ အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်မို့ ဝေလမင်းသားက အထူးနှစ်သက်သည်။ ဝေလမင်းသားတို့ နေထိုင်ရာ အနောက်ပြည်အင်္ဂလန်၌ အောက်စဖို့ဒ်တက္ကသိုလ် ရှိသလို၊ အာရှ၌ ရန်ကုန်တက္ကသိုလ်ရှိသည် မဟုတ်လား။

ဝေလမင်းသား ရန်ကုန်တက္ကသိုလ်လာရောက်အပြီး နိုင်ငံ့အကြီးအကဲများနှင့်အတူ ညစာစားပွဲကြီး ခမ်းနားစွာကျင်းပသည်။ ဝေလမင်းသားကပင် တရားလွှတ်တော်နှင့် ရန်ကုန်တက္ကသိုလ်ကို ဖူးစာရွှေလမ်း ဖောက်ခဲ့သည်လားမသိ။ ထိုညစာစားပွဲ၌ ရာဇဝတ်ဝန်ကြီးမင်းတို့ မိသားစုရော ထွန်းဖြူပါတက်ရောက်ကြ သဖြင့် ထွန်းဖြူနှင့် တင်တင်တို့ဆုံကြလေသည်။

x          x          x

 

“ဆရာမှတ်မိသေးတယ်။ အဲချိန်ကျ ဦးနေဝင်းခေတ်ရောက်ပြီ။

အင်္ဂလိပ်တော်ဝင်မင်းသမီး မြန်မာပြည်လာတော့ ဆရာက ရုပ်သေးပွဲနဲ့ဧည့်ခံရှင်းပြခဲ့တာ။

ရုပ်သေးကို အရုပ်ဆိုပြီးအထင်မသေးနဲ့ လူလိုပဲအင်္ဂါစုံပါတယ်လို့ပြောပြီး

တော်ဝင်မင်းသမီးကိုကြည့်မလားလို့ ဆရာမေးတော့ သူကပြောတယ်။

You are permitted တဲ့။

ဒါနဲ့ ဆရာလည်းရုပ်သေးအဝတ်ကို လှန်လှောပြလိုက်တာ အမလေး တ လေရဲ့”

မောင်မောင်တို့၏ သမိုင်းနှင့်ယဉ်ကျေးမှု ဘွဲ့လွန်ဒီပလိုမာကျောင်းသားများ တဝါးဝါးရယ်ကြသည်။ ပါမောက္ခကြီးများပို့ချလျှင် ပုံမှန်အားဖြင့် ခပ်လေးလေးရှိတတ်သော်လည်း အသက်(၉၀)ကျော် ဆရာကြီး၏ အချိန်မှာတော့ ကျောင်းသားများပျင်းသည်မရှိ။ မြန်မာပြည် နိုင်ငံတကာဆက်ဆံရေးဌာန၏ ဖခင်ကြီး၊ သမိုင်း နှင့်ယဉ်ကျေးမှုပါရဂူကြီး ဒေါက်တာ ခင်မောင်ညွန့်က အတန်းထဲတွင် စာလည်းသင်ရ၊ ရွှင်လည်းရွှင်ရအောင် အမြဲပြောသည်။ သည်နေ့နံနက်တွင်လည်း မောင်မောင်တို့အတန်း၌ ရုပ်သေးအကြောင်းသင်ရင်း အင်္ဂလန် တော်ဝင်မင်းသမီး၏ မြန်မာပြည်ခရီးစဉ်အကြောင်း ပြောသွားသည်။ ထိုခေတ်ကတော့ ဝေလမင်းသားခေတ် ထက် အများကြီးနောက်ကျသွားပြီ။

နံနက်ကိုးနာရီအတန်းချိန်ပြီးတော့ မောင်မောင့်စိတ်ထဲ သမိုင်းအတွေးတစစဖြင့် အိမ်ပြန်လာသည်။  (၁၉၂၂)ခုနှစ် ယခုလို ဇန်နဝါရီလဆန်း၌ ဝေလမင်းသား ရန်ကုန်တက္ကသိုလ်လာခဲ့သည်။ ဝေလမင်းသားလာ သည်ကို သူတွေးသည်မဟုတ်။ ဝေလမင်းသားလာခြင်းကြောင့် ဖူးစာဖက်ရသည့် သူ့အဘေး ဦးထွန်းဖြူနှင့် ဘေးမ ဒေါ်တင်တင်တို့အကြောင်းကို သူတွေးသည်။

 

x          x          x

 

‘ဖူးစာ’ ဟူသည့်စကားလုံးသည် အင်မတန်စိတ်ဝင်စားဖွယ်ကောင်းသည်။ ‘နဖူးစာ’မှ ဖူးစာဖြစ်လာ သည်။ လောကီအလိုအရ စုံဖက်ရမည့်ကြင်သူနှစ်ဦး၏ နဖူးပေါ်၌စာပါသည်။ ထိုစာချင်းကိုက်ညီသူနှစ်ဦးက ပေါင်းဖက်ရသည်။ ထွန်းဖြူနှင့် တင်တင်တို့လည်း ထိုနည်းလည်းကောင်းပင်။ ဝေလမင်းသားနှင့် ညစာစားပွဲ၌ ဆုံကြပြီး ထွန်းဖြူက တင်တင်ကို မြင်မြင်ချင်းပင် ချစ်ခင်မိသည်။

“သူ ဘယ်သူလိမ့်၊ ဘယ်သူ့သမီးလိမ့်။”

ထွန်းဖြူတစ်ယောက် ညစာစားပွဲကျင်းပနေစဉ်၌ ရအောင်စုံစမ်းမိပြီ။

“သူက ရာဇဝတ်ဝန်ကြီးမင်း ဦးထွန်းမင်းရဲ့သမီး တင်တင်ပါ။ မာရီထွန်းမင်းလို့လည်းခေါ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ရဲ့အလှဆုံး ထူးချွန်ကျောင်းသူပါ။”

“ဒါဖြင့် ရာဇဝတ်ဝန်ကြီးမင်းက စံအိမ်ကဘယ်မှာလဲသိချင်တယ်။”

ထွန်းဖြူက သူ့အချစ်ကို ထိန်းချုပ်ခြင်းငှာ မစွမ်းသာတော့။ အလှဘုရင်မ တင်တင်ကို သူများဦးသွားမှာ စိုးသည်။ ယိုးဒယားပြည်မှာရော၊ ဘိလပ်ပြည်မှာပါ မိန်းမများစွာမြင်ခဲ့ပါလျက် မြန်မာပြည်ရောက်ခါမှ ထွန်းဖြူ ၏ အသည်းနှလုံးတို့ နိုးထလာသည်ထင့်။ ထို့ကြောင့် နောက်ရက်ရောက်သည်နှင့် တင်တင့်ကို လူကြီးစုံရာနှင့် မိသားဖသားပီပီသွားရောက်မြန်းတော့သည်။

 

x          x          x

မောင်မောင်က သူ့အမေ ဒေါ်မမကြီးအမြဲပြောပြသော အဘေးနှင့် ဘေးမတို့ဖူးစာအကြောင်း ပြန်ပြန် တွေးတတ်၏။

မြန်မာနိုင်ငံတော်တရားဝန်ကြီးချုပ် ဦးထွန်းဖြူနှင့် ပင်းသာတင်တင်တို့က မောင်မောင့်အဘိုး ပင်းသာ တင်မောင်မောင်ကို မွေးသည်။ ပင်းသာတင်မောင်မောင်နှင့် အလောင်းဘုရားမိသားစုဝင်၊ ရန်ကုန်ဝန်ကြီး မင်းအနွယ်တော် ကောလိယတင်မမတို့ ဖူးစာဆုံပြီး မောင်မောင့်အမေကိုမွေးသည်။ ထို့ကြောင့် သမိုင်းနှင့် စပ်ဆက်သော သူ့ဘေးနှင့်ဘေးမတို့ဖူးစာကို သမိုင်းဝါသနာရှင်မောင်မောင် အထူးစိတ်ဝင်စားခြင်းမှာ မဆန်း။

 

x          x          x

 

နံနက်ငါးနာရီ နှိုးစက်သံကြောင့် မောင်မောင်နိုးလာသည်။ ဒီနေ့ရန်ကုန်ဆောင်းသည်လည်း မနေ့နှင့် ထပ်တူပင်။ ဒီနေ့ ဇန်နဝါရီ(၂)ရက်။ လွန်ခဲ့သည့် (၁၉၂၂)ခု ဇန်နဝါရီ(၂)ရက်က ဝေလမင်းသားလာသည့်နေ့။ သူ့ အဘေးနှင့်ဘေးမတို့ ဆုံသည့်ကာလ။ ထိုခေတ် ရန်ကုန်တက္ကသိုလ်၊ ထိုခေတ် ရန်ကုန်မြို့ပြ၊ ထိုခေတ် မြန်မာ နိုင်ငံ။ ဒီနေ့မှာလည်း ဒီအကြောင်းတွေတွေးမိပြီး အိပ်ရာထလိုက်သည်။

ရေချိုး၊ အဝတ်ဆင်၊ ဆွမ်းတော်ကပ်၊ နံနက်စာစားပြီး ယောက်လမ်းမှတ်တိုင်သို့ ခပ်စောစောသွားခဲ့ သည်။ မောင်မောင် ကားပေါ်တက်တော့ မြန်မာဂန္ထဝင်သီချင်းတစ်ပုဒ် ကြားရ၏။ သီချင်းက မြို့မြငြိမ်းရေးပြီး မေရှင်ဆိုသည့် ဖူးစာပိုင်။

 

“မြင်ရင်မြင်ချင်းပင်

 တသင်းသင်း ချစ်ရနံ့ကြိုင်ကြိုင်

 စွဲမိပေါ့ ပျို့အသည်းညှာရွှေစိုင်

 နှစ်ကံပြိုင် ဖူးစာပိုင်ချင်ရဲ့

 ခင်မင်တာ၊ ကြင်နာတာ၊ စေတနာပိုလို့မြိုင်”

           

            မောင်မောင့်အဘေးတို့ ဖူးစာဆုံရသည့် နှစ်ပတ်လည်အချိန်မှာ ဖူးစာပိုင်သီချင်းကြားရသောအခါ မောင်မောင့်စိတ်ထဲ လွမ်းမိသလို။    ဆူးလေစေတီနားရောက်တော့ တရားလွှတ်တော်နီနီကြီးကို မောင်မောင် လှမ်းမျှော်မိသည်။ တစ်ချိန်က ထိုအဆောက်အအုံ၌ အဘေး ဦးထွန်းဖြူရုံးစိုက်ခဲ့သည်။ ဘေးမ ဒေါ်တင်တင် ရော ရုံးကိုလာလေ့ရှိသလား မောင်မောင်တွေးကြည့်၏။

ပြည်လမ်းတစ်လျှောက် မြူနှင်းများကြား ကားဆက်စီးရင်း မင်းရဲကျော်စွာလမ်းနား ရောက်ပြန်သည်။ ရှေးကတော့ ကော်မရှင်နာလမ်းခေါ်သည်။ ဘေးမ ဒေါ်တင်တင်တက်ခဲ့သည့် ရန်ကုန်တက္ကသိုလ်ဆိုတာ ဒီမှာ လည်း ရှိခဲ့သေးတာပါလားဟု မောင်မောင်ပုံဖော်မိ၏။

ရန်ကုန်တက္ကသိုလ်ရောက်တော့ ကံ့ကော်ပင်တန်းနှင့် ကရဝေးပင်ကြီးက ဆီးကြိုနေသည်။ သစ်ပုပ် ပင်တောင် မောင်မောင့်ကိုအထူးအလည် စိတ်ကူးမယဉ်မိစေတတ်။ ကံ့ကော်နှင့် ကရေဝေးပင်တွေကသာ မောင်မောင့်ကို စိတ်အတွေးများ ဝေစေတတ်သည်။

မောင်မောင် ဝေသာလီဆောင်ရောက်တော့ အမှတ်တရအတွေးများနှင့်အတူ သမိုင်းစာသင်ခန်းထဲ ဝင်လိုက်သည်။

“သမိုင်း… သမိုင်း။

အမှတ်တရများသည့်သမိုင်း။ 

အမှတ်တရရှိမှ သမိုင်းရှိသည်။

သမိုင်းဆိုသည်မှာလည်း အမှတ်တရများကိုသာ မှတ်တမ်းတင်ထားသည်။

ထို့ကြောင့် အမှတ်တရမရှိဘဲ သမိုင်းမရှိနိုင်”

သမိုင်းကျောင်းသား မောင်မောင်တစ်ယောက် အတန်းသို့ဆရာကြီးဝင်လာသောအခါ အတွေးတစ်ခု လက်စသတ်လိုက်၏။ လွန်ခဲ့သည့်နှစ်တစ်ရာက မောင်မောင့်အဘေးတို့ဖူးစာဆုံသော ရန်ကုန်တက္ကသိုလ် ကြီးပင် (၂၀၂၀)မှာ နှစ်တစ်ရာပြည့်ပါပြီလား။

 

(အဘေး မြန်မာနိုင်ငံတော်တရားဝန်ကြီးချုပ် မဟာသီရိသုဓမ္မ ဦးထွန်းဖြူနှင့်

ဘေးမ ရန်ကုန်တက္ကသိုလ်ကျောင်းသူ ပင်းသာ ဒေါ်တင်တင်တို့အား 

ရိုကျိုးစွာကန်တော့ပါသည်။)

 

ကောလိယ ဝေယံမောင်မောင်

၁၅ နိုဝင်ဘာ ၂၀၂၀

တစ်ညဉ့်တည်းအပြီးရေးသည်

Comments