အိန္ဒိယပြည့်တန်ဆာများဘဝ မြင့်တင်ပေးခဲ့သော ဂန်ဂူးဘိုင် Gangubai Kathiawadi

'ဂန်ဂူးဘိုင် ကာချီယာဝါဒီ’ ၂၀၂၂ ရုပ်ရှင်ပိုစတာ

 

ဂန်ဂူးဘိုင် သက်ကြီးပိုင်း

သရုပ်ဆောင်သူ အာလီးယား ဘတ်ထ် နှင့် ဂန်ဂူးဘိုင်

သရုပ်ဆောင်သူ အဂျေးဒေဗန့်နှင့် ကာရင်မ်လာလာ

သရုပ်ဆောင်သူ ရပ်ဟူးဗိုဟရာနှင့် အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာ နေရူး

သတင်းစာဆရာ အေမင်ဖေဇီးကို Mafia Queens of Mumbai စာအုပ်ရေးသူအဖြစ် ထည့်ထားသည်ဟု ဆိုသည်။

ဂန်ဂူးဘိုင်အပါအဝင် ဒုစရိုက်အမျိုးသမီး ၁၃ဦးအကြောင်းရေးထားသော Mafia Queen of Mumbai ဖြစ်ရပ်မှန်စာအုပ်

၂၀၂၂ မတ်လ ၁၄ထုတ် Outlook မဂ္ဂဇင်းမှ ဂန်ဂူးဘိုင်

ဂန်ဂူးဘိုင်နှင့် မိသားစုကဲ့သို့ နေသူများဟု ဆိုသောပုံ

ဂန်ဂူးဘိုင်တိုက်ခန်းရှိ ရုပ်တု

ဂန်ဂူးဘိုင်ဓာတ်ပုံအား ကန်တော့နေသော အမျိုးသမီးတစ်ဦး

ကမာထီပူရဒေသ ညမြင်ကွင်း

ကမာထီပူရဒေသ နေ့မြင်ကွင်း

ဂန်ဂူးဘိုင်ရုပ်တုနှင့် အမျိုးသမီးတစ်ဦး

အပေါ်ဆုံးရှိ ခန်းစည်းမရန်း ဖွင့်ထားသည့်အခန်းမှာ ဂန်ဂူးဘိုင်နေခဲ့သည့် အခန်းဖြစ်သည်။


           

        (၂၀၂၂)ခုနှစ်၊ ဖေဖော်ဝါရီ(၁၆)၌ ကျင်းပသော (၇၂)ကြိမ်မြောက် ဘာလင်နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၏ အဖွင့်ရုပ်ရှင်အဖြစ် ‘ဂန်ဂူးဘိုင် ကာချီယာဝါဒီ’ အိန္ဒိယရုပ်ရှင် ပြသခဲ့သည်။ မင်းသမီး ‘အာလီးယား ဘတ်ထ်’ ၏ သရုပ်ဆောင်မှုက ပြောင်မြောက်လွန်းသည်။ ဤကားကို ညစ်ညမ်းခန်းမပါဘဲ သရုပ်ပြအမွှမ်းတင်ထားသည်။

    ဇာတ်လမ်းမှာ ပြည့်တန်ဆာအမျိုးသမီးများ၊ မိဘမဲ့ကလေးများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို ဖော်ဆောင်ခဲ့သော  ပြည့်တန်ဆာမကြီး ‘ဂန်ဂူးဘိုင်’ ၏ ဖြစ်ရပ်မှန်ဖြစ်သည်။

 

သိက္ခာရှိမိသားစုဘဝမှ ပြည့်တန်ဆာဖြစ်ရ

            ဂန်ဂူးဘိုင်ကို အိန္ဒိယမြောက်ပိုင်း၊ ကာချီယာဝါကျွန်းဆွယ်၌ ၁၉၃၉တွင် မွေးသည်။ ငယ်မည်မှာ ‘ဂင်္ဂါ ဟာဂျီးဗန်းဒတ်စ်’ ဖြစ်သည်။ ဖခင်က ဝတ်လုံတော်ရရှေ့နေ ဂျာဒီဗန်းဒက်စ်ဖြစ်သည်။ သူက ကောလိပ်မှာ နဝမတန်းကျောင်းသူ၊ သူ့မိသားစုက သူတို့ဒေသမှာ ဂုဏ်ရှိသည်။ သူ့အိမ်မက်က ဘောလီးဝုဒ်မင်းသမီး ဖြစ်ရေးပင်။ အသက်၁၆နှစ်ခန့်၌ ဖခင်၏စာရင်းကိုင် ‘ရမ်နစ်လဲ’က ပိုးပန်းသည်။

            ရမ်နစ်လဲက သူ့အဒေါ်အကူအညီဖြင့် ဂင်္ဂါကို မင်းသမီးဖြစ်အောင် လုပ်ပေးမည်ဆိုသည်။ ဂင်္ဂါမိသားစု မသိအောင် ဘုံဘေမြို့သို့ ရထားဖြင့်ခေါ်သွားသည်။ ဘုံဘေမြို့၊ ကမာထီပူရဒေသ၊ ပြည့်တန်ဆာတန်း၌ ရူပီးတစ်ထောင်ဖြင့် ရောင်းစားခဲ့သည်။ ဂင်္ဂါတစ်ယောက် ပိတ်လှောင်ခံ၊ နှိပ်စက်ခံ၊ အဓမ္မကျင့်ခံရပြီးနောက် ပြည့်တန်ဆာတစ်ဦး ဖြစ်လာသည်။

 

ဂင်္ဂါမှ ဂန်ဂူးဘိုင်ဖြစ်လာပုံ

ကာရင်မ်နှင့် လူဆိုးမောင်နှမဖြစ်လာပုံ

ထိုအချိန်က မူးယစ်ဆေးဝါး၊ အရက်သေစာ ဖောက်ကားနေသော လူဆိုးဗိုလ် ကာရင်မ်လာလာက ကမာထီပူရကို ကြီးစိုးနေသည်။ ကာရင်မ်၏ တပည့်တစ်ဦးက ဂင်္ဂါကိုမုဒိမ်းကျင့်ပြီး ဗိုက်နှင့် ခန္ဓာကိုယ်အနှံ့ ဒဏ်ရာရအောင် နှိပ်စက်သည်။ ဂင်္ဂါက တရားမျှတမှုလို၍ ကာရင်မ်ထံ သွားတောင်းဆိုသည်။

ထိုအချိန်မှစ၍ ဂင်္ဂါနှင့် ကာရင်မ်တို့ ပူးပေါင်းမိသည်။ စီးပွားရေးများ လုပ်ကြသည်။ ဂင်္ဂါလည်း ‘ဂန်ဂူးဘိုင် ကာချီယာဝါဒီ’ ဟူသော ထိတ်ထိတ်ကြဲ ပြည့်တန်ဆာကြီး ဖြစ်လာသည်။ လူဆိုးမောင်နှမနှစ်ဦး တောက်လျှောက်လက်တွဲဖြစ်ကြသည်။

 

ထိတ်ထိတ်ကြဲ အမျိုးသမီးကြီး

            ဒုစရိုက်လောကသား၊ ရာဇဝတ်ဂိုဏ်းသား၊ လူဆိုးဂိုဏ်းသားတို့သည် ဂန်ဂူးဘိုင်၏ ဖောက်သည်များ ဖြစ်လာ၏။ ၁၉၆၀နှစ်များ၌ ဂန်ဂူးဘိုင် အထွဋ်အထိပ်ရောက်သည်။ ဘုံဘေမြို့၏ ထိတ်ထိတ်ကြဲ ဖြစ်လာသည်။ ပြည့်တန်ဆာအိမ်မြောက်မြား ပိုင်ဆိုင်လာ၏။ သူနေသောနေရာက ကမာထီပူရ၏ စုတ်ပြတ်နုံချာသော ဆင်ခြေဖုံးရပ်ကွက်လေး ဖြစ်ခဲ့သည်။ သို့သော် အိန္ဒိယတစ်ပြည်လုံးဖို့ ပြည့်တန်ဆာလုပ်ငန်းခွဲများ စည်းစနစ်ကျ ချပေးနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ့ကို ကမာထီပူရ၏ အမျိုးသမီးကြီးအဖြစ် သမုတ်ကြတော့သည်။

 

အမျိုးသမီးများအပေါ် အကြင်နာတရားကြီးမားလွန်း

            ဂန်ဂူးဘိုင်သည် ပြည့်တန်ဆာခေါင်း ဖြစ်လင့်ကာ အမျိုးသမီးများအပေါ် မည်သည့်အခါမှ အတင်းအကျပ် စေခိုင်းခြင်းမရှိ။ ပြည့်တန်ဆာအဖြစ် ရောင်းစားခံရသော အမျိုးသမီးများကိုပင် ငွေဖြင့်ရွေး၍ နေရပ်ပြန်လွှတ်ပေးသည်။ ပြည့်တန်ဆာများကို မိခင်သဖွယ် စောင့်ရှောက်သည်။ တစ်ခါကဆိုလျှင် ဘုံဘေ၏ အရေးပါသူတစ်ဦးက ပြည့်တန်ဆာတစ်ဦးကို အဓမ္မကျင့်သည်။ ဂန်ဂူးဘိုင်က ထိုသူနှင့် ထိပ်တိုက်တွေ့ကာ သတ်ပုတ်ပညာပေးခဲ့သည်။ သူ့ရည်ရွယ်ချက်သည် အမျိုးသမီးများဘဝကို အကာအကွယ်ပေးရေး ဖြစ်သည်။

 

ရွေးကောက်ပွဲမှာ အနိုင်ရ

            ဂန်ဂူးဘိုင်သာ ကမာထီပူရ အကြီးအကဲဖြစ်ခဲ့လျှင် သူ့အိပ်မက်များ အကောင်အထည်ဖော်ရန် လွယ်ကူသည်။ ထို့ကြောင့် ရွေးကောက်ပွဲ၌ လက်ရှိအကြီးအကဲ၊ မိန်းမလျာကြီး ရာဇီယာဘိုင်နှင့် ယှဉ်ပြိုင် ရွေးကောက်ခံရန် ပြင်သည်။ ရာဇီယာဘိုင်က ဩဇာကြီးသူ၊ အများထောက်ခံချက်ရှိသူ ဖြစ်သည်။ ဂန်ဂူးဘိုင် ရှုံးရေး သူ့ပရိသတ်များကပင် ရပ်တည်ကြသည်။

            သို့သော် ဂန်ဂူးဘိုင်က ရာဇီယာဘိုင် မိန့်ခွန်းပြောမည့်နေ့၌ ပိတ်ကားထောင်ရုပ်ရှင်ပြ၍ ပရိသတ်ကို မဲဆွယ်ခြင်းမျိုး၊ ကမာထီပူရ မိန်းမသားများ၏အချစ် ယူနိုင်သည်မျိုးကြောင့် အပြတ်အသတ် အနိုင်ရခဲ့သည်။ ထိုအထဲ၌ ရောင်းစားခံရသူတစ်ဦး ပြည့်တန်ဆာမဖြစ်မီ ခမ်းနားစွာ ထိမ်းမြားပွဲကျင်းပပေးခြင်းမှာ အဓိကပါဝင်သည်။ ထိမ်းမြားပေးသည့် အမျိုးသားမှာ သူ့ချစ်သူဖြစ်နေသည်။

 

မိမိချစ်သူကို တခြားသူနှင့်လက်ထပ်ပေး

            ဂန်ဂူးဘိုင်ကို စက်ချုပ်သမားအဘိုးကြီးက အမြဲချုပ်လုပ်ပေးသည်။ တစ်နေ့ ကာလကတ္တားနေ သူ့တူ အက်ဖ်ဆန် ဘက်ဒါရဇဒ် ရောက်လာသည်။ အက်ဖ်ဆန်နှင့် ဂန်ဂူးဘိုင် ချစ်သူများဖြစ်လာသည်။ ထိုစဉ်က ပြည့်တန်ဆာမကြီးတစ်ဦး၌ ရှောင်ရှနီဆိုသည့် ၁၅နှစ်အရွယ် သမီးပျိုရှိသည်။

အိန္ဒိယရိုးရာအရ လက်ထပ်ရမည့်အရွယ်သည် လက်ထပ်မှပြည့်စုံသည်။ သူ့ကို ပြည့်တန်ဆာလည်း မဖြစ်စေလို။ ထို့ကြောင့် လာသမျှ ယောက်ျားများမမြင်ရန် သူ့မိခင်ကဘိန်းကျွေးကာ လှောင်အိမ်၌ထည့်ပြီး သော့ခတ်ထားရသည်။

            ကမာထီပူရသည် ပြည့်တန်ဆာဒေသဖြစ်၍ လက်ထပ်ပွဲမရှိ။ သို့သော် ဂန်ဂူးဘိုင်က ထိုအပျိုစင်ဖို့ လက်ထပ်ပွဲကြီး ကျင်းပပေးလိုသည်။ သင့်တော်သည့်သူမှာလည်း သူ့ချစ်သူသာ ရှိသည်။ ဂန်ဂူးဘိုင်လည်း ချစ်သူကို အနစ်နာခံ လက်လွှတ်ခဲ့ပြီး ကမာထီပူရ၏ မင်္ဂလာပွဲကြီးဖြစ်စေခဲ့သည်။

 

ပြည့်တန်ဆာ၏ ဂုဏ်သိက္ခာဆိုသည်မှာ

            ပြည့်တန်ဆာမှာလည်း သူ့အခွင့်အရေးနှင့် သူ့ဂုဏ်သိက္ခာရှိသည်။ တစ်ပါးသူက အာသာရမ္မက်အဖို့ သူတို့ကိုယ်ခန္ဓာကို သုံးနိုင်သော်လည်း ထိုသူသည် အကြမ်းဖက်ခြင်း၊ သိက္ခာချခြင်း လုပ်ပိုင်ခွင့်မရှိ။ ဘုံဘေမြို့ အာဇာ့မိုင်ဒန်ကွင်း၌ ကျင်းပသော အမျိုးသမီးအခွင့်အရေး စုဝေးသဘင်၌ ဂန်ဂူးဘိုင်ကပြောသည်။

“သင်တို့ဂုဏ်သိက္ခာဟာ

တစ်ခါရှုံးတော့ တစ်သက်လုံးစာ။

ကျွန်မတို့ဂုဏ်သိက္ခာဟာ

ညတိုင်းရောင်းလဲ မကုန်စမြဲပါ။”

ပြည့်တန်ဆာများက သူ့ထံလာသောသူဆီမှ ထိုက်သင့်သောအဖိုးကို ယူသည်။ လူမျိုး၊ ဘာသာ၊ ဇာတ်၊ အဖြူ၊ အမည်း၊ ဆင်းရဲ၊ ချမ်းသာ မခွဲခြား။ သို့သော် လူလူချင်းမခွဲခြားရေး ဟောပြောနေသူများကမူ ပြည့်တန်ဆာများကို ခွဲခြားကြသည်။ စည်းလုံးမှုနှင့် တန်းတူညီမျှမှုအကြောင်း သူနှင့်အတူ ဟောပြောနေသည့် ဝန်ကြီးပင်လျှင် သူတို့ထံလာရောက်သည်ပဲဟု ပြောသည်။

အဓိကအချက်မှာ ပြည့်တန်ဆာများက ပုရိသရမ္မက်ကို ဖြည့်တင်းပေးပြီး အဓမ္မကျင့်ခံရမည့် ဣတ္ထိယ ဘဝကို ကာကွယ်ပေးသည်။ အကယ်၍ ပြည့်တန်ဆာလုပ်ငန်းသာ မရှိလျှင် အမျိုးသမီးများ ပိုမိုအကြမ်းဖက် ခံရနိုင်ဖွယ်ရှိပြီး အိန္ဒိယယဉ်ကျေးမှုပင် ပျက်သုဉ်းနိုင်ကြောင်း ရှင်းပြသည်။

 

သူ့ဘဝရေးထက် ပြည့်တန်ဆာများအရေး ပူပင်သူ

ဂန်ဂူးဘိုင်က သူ့ဘဝဖို့ထက် ပြည့်တန်ဆာပေါင်း (၄၀၀၀)၏ဘဝဖို့ တွေးသည်။ သူတို့၏လုံခြုံရေး၊ အမျိူးသမီးအခွင့်အရေး၊ ဂုဏ်သိက္ခာမြင့်မားရေးအတွက် အပြောင်းအလဲ လုပ်ချင်သည်။ အိမ်ခြေရာမဲ့၊ မိဘမဲ့ ကလေးများဖို့လည်း အထူးလှုပ်ရှားသည်။ ပြည့်တန်ဆာပင် ဖြစ်လင့်ကစား နှိပ်စက်၊ ခေါင်းပုံဖြတ်၊ အခကြေးငွေ နှိမ်ခြင်းတို့ကို နည်းနည်းမှလက်မခံ။ ဘုံဘေမြို့၏ ဤမျှဆိုးသွမ်းသော အခြေအနေကြီးက သူ့ကို လောကဓံ ကြံ့ကြံ့ခံနိုင်သည့် အမျိုးသမီးကြီး ဖြစ်စေခဲ့သည်။

မိခင်နှင့် ဖုန်းအဆက်အသွယ်ရ

            ပြည့်တန်ဆာအဖြစ် ရောင်းစားခံရပြီး ၁၂နှစ်အကြာ၌ အိမ်နှင့်ဖုန်းပြောရသည်။ ထိုခေတ်က အော်ပရေတာမှတစ်ဆင့် ၂မိနစ်ဆက်သွယ်နိုင်သည်။ မိခင်ဖြစ်သူက ဖုန်းကိုင်သည်။ ဂန်ဂူးဘိုင်ကို မကျေနပ်။ ဖခင်ဆုံးပြီဆိုသည်။ အိန္ဒိယဓလေ့အရ  မွေးဖွားချိန်နှင့် ကွယ်လွန်လုချိန် သောက်ရမည့် ဂင်္ဂါမြစ်ရေကိုပင် ဂင်္ဂါအမည်ပါ၍ မသောက်သွားဟုဆိုသည်။ သူ့အိမ်နှင့် အဆက်အသွယ်ရသည်က ဤမျှသာဖြစ်သည်။

 

ခရစ်ယာန်အဖွဲ့က ပြည့်တန်ဆာများ မောင်းထုတ်

သတင်းစာဆရာဖေဇီးက ကူညီ

            စိန့်အန်ထော်နီ ခရစ်ယာန်အမျိုးသမီးကျောင်း ဘုန်းကြီးနှင့် သီလရှင်အဖွဲ့က ပြည့်တန်ဆာများကို မောင်းထုတ်ရန် စီမံသည်။ သတင်းစာဆရာ အေမင်ဖေဇီးက ပြည့်တန်ဆာများအရေးကို လေ့လာရေးသားသူ ဖြစ်သည်။ ထိုသူက ခရစ်ယာန်ဘုန်းကြီး၊ သီလရှင်များနှင့် ဆွေးနွေးနေစဉ် ဂန်ဂူးဘိုင် ရောက်လာသည်။

ဂန်ဂူးဘိုင်က ထိုစာသင်ကျောင်း၌ ပြည့်တန်ဆာတို့၏ ကလေးများကိုအပ်သည်။ ဘုန်းကြီးနှင့် သီလရှင် တို့က နှင်ကာရိုက်လွှတ်သည်။ သတင်းစာဆရာဖေဇီးက ဂန်ဂူးဘိုင်နှင့် ကလေးများပုံရိုက်၍ AAINA မဂ္ဂဇင်း မျက်နှာဖုံး၌ တင်လိုက်ရာ ပညာရေးခွဲခြားမှုကိုပါ အများသိကုန်သည်။

ဖေဇီးက အမျိုးသမီးအခွင့်အရေး စုဝေးသဘင်၌ ဂန်ဂူးဘိုင် မိန့်ခွန်းပြောနိုင်ရန် စီမံပေးသည်။ ထိုမျှမက အိန္ဒိယဝန်ကြီးချုပ် ဂျဝါဟာလာ နေရူးနှင့် တွေ့ဆုံနိုင်ရန်ပါ ဆောင်ရွက်ပေးခဲ့သည်။

 

အိန္ဒိယဝန်ကြီးချုပ် နေရူးနှင့် ဂန်ဂူးဘိုင် တွေ့ဆုံ

            လွတ်လပ်ရေးရပြီး ပထမဆုံးအိန္ဒိယဝန်ကြီးချုပ် ဖြစ်လာသည့် ဂျဝါဟာလာ နေရူးက ဂန်ဂူးဘိုင်ကို တွေ့ဆုံခဲ့သည်။ ဂန်ဂူးဘိုင်က ရှင်းပြသည်။ ပြည့်တန်ဆာလုပ်ရန် မိန်းမငယ်လေးများ ရောင်းစားခံရသည်။ ကုန်ကူးခံရသည်။ သို့သော် လုပ်သူများ အပြစ်ပေးမခံရဘဲ ပြည့်တန်ဆာဖြစ်လာသော မိန်းမငယ်လေးများသာ အပြစ်ပေးခံရသည်။

ပြည့်တန်ဆာဆိုလျှင် ကျောင်း၊ ဆေးရုံ၊ ဘဏ်၊ ကုန်စုံဆိုင် နေရာတိုင်း၌ ပစ်ပယ်ခံရသည်။ ထို့ပြင် ခရစ်ယာန်ဘုန်းကြီးနှင့်အဖွဲ့ ဦးဆောင်လက်မှတ်ထိုးမှုကြောင့် နေအိမ်များ အဖယ်ခံရတော့မည် ဖြစ်သည်။ ပြည့်တန်ဆာများကို အပြစ်ပေးဖယ်ရှားလျှင် အမျိုးသားထုက သူတို့သာယာမှုအတွက် အမျိုးသမီးများ ဘဝကို ပိုမိုအသုံးချတော့မည်။

            ထို့ကြောင့် ပြည့်တန်ဆာလုပ်ငန်း တရားဝင်ဖြစ်ရေး၊ နှင်ထုတ်မခံရရေး နေရူးကို တောင်းဆိုသည်။ နေရူးမေးသည်။ ‘နေရာကောင်းမှာ မိသားစုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း မဖြတ်သန်းချင်ဘူးလား’။ ဂန်ဂူးဘိုင်လည်း ‘ပြည့်တန်ဆာ ၄၀၀၀သာ သူ့ဘဝပါ’ ဟုဖြေသည်။  ဂန်ဂူးဘိုင်၏ အတွေးအမြင်နှင့် ခေါင်းဆောင်မှု အရည်အသွေးတို့ကို လေးစားသွားသည်။ ထို့နောက် ပြည့်တန်ဆာများဘဝ အဆင်ပြေသွားတော့သည်။

 

ဂန်ဂူးဘိုင်အကြောင်း စာအုပ်နှင့်ရုပ်ရှင်

            စာရေးဆရာ ဟတ်ဆန်း ဇယ်တီက ၂၀၁၁၌ Mafia Queens of Mumbai ဟူသော ဖြစ်ရပ်မှန်ဝတ္ထုရှည် စာအုပ်ထုတ်သည်။ ထိုစာအုပ်၌ ဂန်ဂူးဘိုင်အပါအဝင် ဒုစရိုက်လောကမှ အမျိုးသမီး၁၃ဦး၏ ဖြစ်ရပ်များကို သုတေသနပြု ရေးသားခဲ့သည်။

            ထိုစာအုပ်ကို အခြေတည်၍ ဒါရိုက်တာ ဘန်ဆာလီက ‘ဂန်ဂူးဘိုင် ကာချီယာဝါဒီ’ ရုပ်ရှင်ရိုက်ကူးပြီး ၂၀၂၂ ဖေဖော်ဝါရီ၌ ပြသရာ အတိုင်းထက်အလွန် အောင်မြင်ခဲ့သည်။

 

ဂန်ဂူးဘိုင်၏ နောက်ဆုံးခရီး

            ဂန်ဂူးဘိုင်သည် ပြည့်တန်ဆာမကြီးဖြစ်သော်လည်း အမျိုးသမီးများနှင့် မိဘမဲ့များအပေါ် ကိုယ်ကျိုးမငဲ့ စွမ်းဆောင်ခဲ့သည်။ သူ့ဘဝသည် အလွန်ဆိုးသည်။ သို့သော် ရောင်းစားခံမိန်းကလေးငယ် မြောက်မြားစွာကို သူ့လိုမဖြစ်ရန် အိမ်ပြန်ပို့ပေးသည်။ သူ၏ကြီးမြတ်သော ပရဟိတလုပ်ငန်းများကြောင့် “ဂန်ဂူးဘိုင် ဂင်္ဂါ မိခင်ကြီး” ဟုအများက ကမ္ဗည်းတင်ကြသည်။

ဂန်ဂူးဘိုင်သည် ကမာထီပူရရှိ သူ့အိမ်၌နေထိုင်ရင်း အသက် ၆၉နှစ်အရွယ်၌ နှလုံးရပ်၍ အနိစ္စရောက် ခဲ့သည်။ သူ့ဓာတ်ပုံများ၊ ရုပ်တုများကို ပြည့်တန်ဆာအိမ်တိုင်း၌ ဂုဏ်ယူစွာ ချိတ်ထူထားကြလေသတည်း။

 

ကောလိယ ဝေယံမောင်မောင်

 

Comments