စာသားမှားကြတဲ့ မန်းတောင်ရိပ်ခို မြနန္ဒာလို့မှားကြတဲ့ မန်းတောင်ရိပ်ခို

 

          ‘မန်းတောင်ရိပ်ခို’ ကို သင်္ကြန်အမျိုးသားသီချင်းလို့ဆိုပါရစေ။ ဘာလို့လဲဆိုတော့ မြန်မာတစ်ပြည်လုံး တင်မက ကမ္ဘာအနှံ့ကမြန်မာသင်္ကြန်ရဲ့ မဏ္ဍိုင်သီချင်းကြီးဖြစ်နေလို့ပါ။

 

မန်းတောင်ရိပ်ခိုဟာ မြနန္ဒာမဟုတ်

‘မန်းတောင်ရိပ်ခို’ ကို ‘မြနန္ဒာ’ လို့မှားကြတယ်။ ‘မြနန္ဒာ’ ကသတ်သတ်ပါ။ ‘မြနန္ဒာ’ကို နန်းတော်ရှေ့ ဆရာတင်ရေးပြီး စိန်ပါတီဆိုခဲ့ပါတယ်။ (၁၉၃၉)ဇန်နဝါရီမှာ အသံသွင်းခဲ့ပါတယ်။ သီချင်းက “ရက်ရွေးမနေပါနဲ့ ကိုကိုရယ်။ အသက်ကလေးရယ် ရှည်စေလိုရင်ဖြင့်…” ဆိုပြီးစပါတယ်။ မန်းတောင်ရိပ်ခိုထက် (၈)နှစ်ထက် ထက်မနည်းစောပါတယ်။

 

ဘယ်သူ၊ ဘယ်တုန်းကရေးသလဲ

 (၁၉၄၇)ခုနှစ်၊ ဧပြီလ(၁၀)ရက်ထုတ် လူထုသတင်းစာမျက်နှာဖုံးမှာ မန်းတောင်ရိပ်ခိုစာသားကို တေးညွန့်ဖူးကလေးလို့ သုံးနှုန်းထားပုံအရ အဲ့ကာလမှာပေါ်မှန်းသိရတယ်။ မြို့မအဖွဲ့ကဖြစ်စေ၊ တစ်နိုင်ငံလုံး ထုတ်သမျှသီချင်းခွေတွေမှာဖြစ်စေ၊ နိုင်ငံတော်အဆင့်ထုတ်လွှင့်မှုတွေမှာဖြစ်စေ၊ ဝင်းဦးနဲ့လူထုဒေါ်အမာတို့လို ပုဂ္ဂိုလ်တွေကဖြစ်စေ မြို့မငြိမ်းရေးကြောင်း ခေတ်အဆက်ဆက် မှတ်တမ်းပြုထားပါတယ်။ မြို့မငြိမ်းက အဲဒီ (၁၉၄၇)သင်္ကြန်အတွက်တင် သီချင်းပေါင်း(၂၀)ကျော်တောင် ရေးခဲ့ပါသတဲ့။

ဒါပေမဲ့ မြို့မငြိမ်းကွယ်လွန်အပြီး နှစ်ပေါင်း(၅၀)နီးခါမှ ဝိဝါဒစတယ်။ အဲဒါကတော့ ဒီသီချင်းကို ကိုအံ့ကြီးဆိုဖို့ (၁၉၅၀)ပြည့်နှစ်မှာ တခြားတေးရေး(၂)ဦးပါ ပေါင်းစပ်ရေးခဲ့ကြတာလို့ အငြင်းပွားခြင်းပါ။

 

မူရင်းတေးဆို မြို့မအဖွဲ့

ဓာတ်ပြားသွင်းပြန်ဆို ကိုအံ့ကြီး

           (၁၉၄၇)မှာပေါ်တဲ့ ‘မန်းတောင်ရိပ်ခို’ ကိုအစောဆုံးဆိုတာကမြို့မပါ။ ဓာတ်ပြားအနေနဲ့ (၁၉၅၁)မှာ ကိုအံ့ကြီးသွင်းတယ်။ ကျွန်တော် ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူလုပ်စဉ် ကိုအံ့ကြီးရဲ့အစီအစဉ်တွေ (၂၀၁၄)မှာရိုက်ခဲ့ပါတယ်။ သူ့ဂီတအကြောင်းကအစ၊ အသက်(၉၁)နှစ်ပြည့်မွေးနေ့ အစီအစဉ်အဆုံးပေါ့။ ကျွန်တော့်ဆီမှာ ကိုအံ့ကြီးရဲ့ မန်းတောင်ရိပ်ခို ဆိုမူ(၃)မျိုးရှိပါတယ်။ ဒီမူသုံးခုအကြောင်း ပြောပြပါ့မယ်။

 

ပထမမူ - (၁၉၅၁)ခုနှစ်

သီချင်းပေါ်ပြီး(၄)နှစ်ခန့်အကြာမှာ ဓာတ်ပြားသွင်းခဲ့ပါတယ်။ ကိုအံ့ကြီးတို့မိသားစုရဲ့ ဘီတီဘရားသား တီးဝိုင်းနဲ့ ရန်ကုန်မှာအသံသွင်းတာ ဒီမူဖြစ်ပါလိမ့်မယ်။ ဒီမူကို ကျွန်တော်ဗီဒီယိုဖန်တီးပြီး (၂၀၂၂)ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှာတင်ခဲ့ပါတယ်။ ဖော်ပြပါလင့်ခ်တွေမှာ နားဆင်နိုင်ပါတယ်။ (ယူကျု - youtu.be/LqmbH14yzaU ဖေ့စ်ဘုတ် - shorturl.at/WUF5k)  

 

ဒုတိယမူ - (၁၉၅၅)ခုနှစ်

ကိုအံ့ကြီးရဲ့ ဂျပန်ဒုတိယခရီးမှာ ဆိုခဲ့ပါတယ်။ မန်းတောင်ရိပ်ခိုနဲ့အတူ မြို့မငြိမ်းရေးတဲ့ ‘အခါတော် ရေသဘင်’ ပါဆိုခဲ့ပါတယ်။ ဂျပန်ပထမခရီး (၁၉၅၃)မှာတော့ မြို့မငြိမ်းပဲရေးတဲ့ ‘ပြုံးတုံ့လှယ်’ နဲ့ ‘အောင်သပြေ (ခ) ရက်မြတ်သင်္ကြန်’ ဆိုခဲ့ပါတယ်။ အဲဒီသီချင်းအားလုံးကို ဂျပန်နိုင်ငံ NHK ရုပ်သံနဲ့ရေဒီယိုရဲ့ သံစုံတီးဝိုင်းက တီးခတ်ထားတာပါ။ ဒုတိယမူကို ကိုအံ့ကြီးရဲ့သမီးဖြစ်သူ ဒေါ်ခင်မေအံ့ကြီးက ကျွန်တော့်ထံ (၂၀၁၄)မှာ ပေးခဲ့ပါတယ်။ ဒေါ်ခင်မေအံ့ကြီးကို သတိရကျေးဇူးတင်ရပါတယ်။

 

တတိယမူ - (၁၉၆၁)ခုနှစ်

အဲဒီနှစ် ဧပြီလ(၂၁)ရက် အမေရိကန်-မြန်မာ ချစ်ကြည်ရေး ဂီတဖလှယ်ပွဲမှာ အမေရိကန်အဆိုတော် စတီးဗ် အဲဒစ် (Steve Addis) နဲ့ ဝီလျံ ခရောဖတ်ဒ် (William Crawford) တို့နဲ့အတူ သီဆိုရိုက်ကူးခဲ့တာပါ။ ဒီသီချင်းမှာတော့ “ခါးသေးနွဲ့မူရာကြွယ်” ကနေ “ငွေငန်းထွက်ကာလည်” အထိအပိုဒ်တွေ ဆိုမထားပါဘူး။  

          ကျွန်တော်(၂၀၂၂)မှာတင်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ အမေရိကန်ဗီဒီယိုထဲက ကိုအံ့ကြီးငယ်ဘဝနဲ့ ကျွန်တော်(၂၀၁၄)မှာရိုက်ခဲ့တဲ့ သက်ကြီးဘဝတို့ကို တွေ့မြင်နိုင်ပါတယ်။

 

ပြန်ဆိုသူတွေ စာသားကုန်မှန်သူမှမရှိ

          မန်းတောင်ရိပ်ခိုရဲ့ စာတစ်လုံးစီကို သပ်သပ်ရပ်ရပ် ကျစ်ကျစ်လျစ်လျစ်နဲ့ အလင်္ကာမြောက် ဖွဲ့ဆိုသီကုံး ထားတာပါ။ ဒါပေမဲ့ ပြန်ဆိုသူများလေ စာသားလွဲလေ ဖြစ်လာတယ်။ ဒါ့ပြင် စာသားတွေကို စိတ်တိုင်းကျ ပြောင်းဆိုလာကြတယ်။ ဒါ့ကြောင့် အဓိပ္ပာယ်၊ အသံထွက်၊ ကာရန်နဲ့ အနှစ်သာရတွေပျက်ကုန်တယ်။

          အနုပညာတစ်ရပ်ဟာ အနုပညာရှင် ဖန်တီးထားတဲ့အတိုင်း ဖြစ်နေဖို့လိုပါတယ်။ ဥပမာ မိုနာလီဇာ ပန်းချီကားကို ဒါဗင်ချီဆွဲတဲ့အတိုင်းပဲ ထိန်းသိမ်းထားရမှာပါ။ ဘယ်လိုမွမ်းမံခြယ်သတာမှ မလုပ်အပ်ပါဘူး။ ဒီအတိုင်းပါပဲ။ မန်းတောင်ရိပ်ခိုကိုလဲ မူလအတိုင်း ထိန်းသိမ်းဖို့လိုပါတယ်။

 


ဘယ်စာသားတွေ လွဲကြလဲ

            အလွဲအကြောင်းကိုပြောဖို့အတွက် မူရင်းစာသားကို ကြည့်ရပါတယ်။ မူရင်းစာသား မတွေ့တဲ့နေရာမှာ မူလအသံသွင်းသူရဲ့သီချင်းကယူရပါတယ်။ ဒါ့ကြောင့် လွဲမှားသွားတာလေးတွေကို မြို့မငြိမ်းနဲ့ဂီတကို လေးစားတန်ဖိုးထားစိတ်နဲ့ ဖော်ပြအပ်ပါတယ်။

၁၊ အမှားအများဆုံးကတော့ သီချင်းအမည်ပါ။ ‘မန်းတောင်ရိပ်ခို’ ကနေ ‘မြနန္ဒာ’ ဖြစ်သွားတယ်။ (တေးအမည်ကို “ရွှေမန်းတောင်ရိပ်ခို” လို့လဲ မူရင်းအဖြစ်သမုတ်တာလဲရှိပါတယ်။)

၂၊ မူလသီချင်းက “ခင့်ငွေငန်းလာပြီကွယ်” ပါ။ ဒါပေမဲ့ (၁၉၅၀)ပြည့်နှစ်? မြန်မာသက္ကရာဇ် (၁၃၁၁-၁၃၁၂) မှာ မြို့မငြိမ်းတို့ရန်ကုန်ဆင်းပြီး “ရွှေမန်းရေယာဉ်” အလှပြယာဉ်နဲ့လှည့်လည်ဖျော်ဖြေတော့ ကာလဒေသကို လိုက်ပြီး “ခင့်ရွှေမန်းလာပြီကွယ်” လို့ပြောင်းဆိုပေးကြတယ်။  ဒါပေမဲ့ ကိုအံ့ကြီးကဓာတ်ပြားမှာ  “ခင့်ရွှေမန်း လာပြီကွယ်” လို့ဆက်နေလို့ မြို့မငြိမ်းမိသားစုက စာသားမှန်လှမ်းထောက်ပြကြတယ်လို့ ဆိုပါတယ်။

၃၊ နန္ဒာကန်အကြောင်းစပ်ထားလို့ “ရေညိုညို ရစ်ခါသမ်းတယ်” ပါ။ ဒါကို “နေညိုညို ရစ်ခတ်သမ်းတော့” ဖြစ်လာတယ်။ ‘ရေ’ ကနေ ‘နေ’ ဖြစ်သွားတယ်။ ‘တယ်’ ကနေ ‘တော့’ ဖြစ်သွားတယ်။

၄၊ “မောင်နှမအရင်းနှယ် ခင်မင်ချစ်သွေးကြွမိတယ်” ကို “ရှက်သွေးကြွ” ဖြစ်ကုန်တယ်။ မောင်နှမအရင်းတောင် ရှက်စရာတွေဖြစ်လာသလား။

၅၊ မြို့မမောင်တွေက မန္တလေးသူတွေ ကျန်းမာလားလို့မေးတယ်။ မန္တလေးသူတွေက နေကောင်းကြောင်း ပြန်ဖြေကြတယ်။ ဒါဆိုရင်ရေပက်မယ်လို့ မြို့မမောင်တွေက ပြန်ပြောတယ်။ ဒီအကြောင်းကို “ဇာတိမျက်ခြယ်၊ ကျန်းမာပါစသက်လှယ်? ဪ ကောင်းပါလေကွယ်။ ဟင် ပက်လိုက်တော့မယ်” လို့ရေးခဲ့တယ်။ အခုပြန်ဆိုကြ တော့ “ဪ လောင်းပါလေတယ်။ ဟင် ပက်လိုက်တော့မယ်” တဲ့။ အဓိပ္ပာယ် လုံးဝပျက်စီးသွားတယ်။ (ကိုအံ့ကြီးဆိုတဲ့နေရာမှာလဲ “ပက်လိုက်တော့မယ်” ကို “ပက်လိုက်တော့ကွယ်” လို့ဖြစ်နေတယ်။ ဒီတော့ကာ မြို့မမောင်က ရေပက်မဲ့အစား မန္တလေးသူကို ပက်ခိုင်းတဲ့သဘောဖြစ်သွားတယ်။)

၆၊ “လာချေပေါ့ကွဲ့” နဲ့ “ကညာမေကျော့ရဲ့” ကို ကာရန်ကိုက်ထားပေမဲ့ “လာပြီပေါ့ကွယ်” လို့ဆိုပြီး ကာရန်စနစ် ဖျက်ဆီးပစ်ကြတယ်။

၇၊ “အတူတူခိုသူ ပျိုဖြူတွေရယ်” လို့ ‘ခိုသူ’ နဲ့ ‘ပျိုဖြူ’ ကာရန်ကိုက်ရေးခဲ့တယ်။ “အတူတူခိုမယ်” လို့ ဆိုကြတော့ ကာရန်ပျက်သွားပြန်တယ်။

၈၊ “ယဉ်စစနဲ့ မြင်လိုက်ရတာ” ဆိုပြီး တစ်ပါဒတည်း တည်တည်ငြိမ်ငြိမ်ရေးခဲ့ပေမဲ့ “ယဉ်စ ယဉ်စ ယဉ်စစနဲ့ မြင်လိုက် မြင်လိုက် မြင်လိုက်ရတာ” ဆိုပြီးဆိုကုန်ပြန်တော့ သီချင်းက ကလက်သွားတယ်။

၉၊ “မြှောက်လို့ပေးတာမဟုတ်ဘူးတကယ်” ကနေ “မြှောက်လို့ပြောတာမဟုတ်ဘူးကွယ်” ဖြစ်သွားတယ်။ “ပေး နဲ့ ပြော” ၊ “တကယ် နဲ့ ကွယ်” လွဲသွားတယ်။

၁၀၊ “လရောင်ခြယ်” ကနေ “လရောင်ဝယ်” ဖြစ်သွားတယ်။

၁၁၊ “ခိုင်ညှာတံပွင့်လန်း” ကနေ “ခိုင်မာလာတစ်ပွင့်ပန်း” ဖြစ်သွားတယ်။

၁၂၊ “အတိတ်ကောင်းယူမယ်” ကနေ “နိမိတ်ကောင်းယူမယ်” ဖြစ်သွားတယ်။

၁၃၊ “လှဂုဏ်မြင့်ဖွယ်” ကနေ “လှဂုဏ်ဝင့်ထည်” ဖြစ်သွားတယ်။

၁၄၊ “မြနန္ဒာ ရေညိုညိုရစ်ခါသမ်းတော့” ကို “မြလေးလေး နန္ဒာမှာကွယ်” လုပ်ကြပြန်တယ်။

၁၅၊ “လိုက်ခဲ့ပါလား အပျင်းတော်ပြေမယ်” ကို “အပျင်းတော့ပြေမယ်” လို့ပဲဆိုကြပြီမို့ “တော်” ဆိုတဲ့ တော်ဝင်စကားလုံး ပျောက်သွားတယ်။ “တော် နဲ့ “တော့” ဘာမှကို အဓိပ္ပာယ်မနီးစပ်တာ။ 

          မန်းတောင်ရိပ်ခိုဟာ သင်္ကြန်ရဲ့ အသက်သွေးကြောဖြစ်တာမို့ ဂုဏ်ပြုလိုတဲ့အာသီသ၊ စာသားမှန်နဲ့ ဆိုစေချင်တဲ့ဆန္ဒကြောင့် ရေးသားရခြင်း ဖြစ်ပါတယ်။ ဒီစာရေးရတဲ့အတွက် အကျိုးအမြတ်တစ်စုံတစ်ရာ ရရှိခြင်းမရှိပါ။ ဒါ့ကြောင့် မူလစာသားကို ဖော်ပြရင်း နိဂုံးချုပ်ပါရစေ။ တကယ်လို့ စာဖတ်သူအနေနဲ့ မူရင်းလက်ရေးမူ လက်ဝယ်ရှိခဲ့မယ်ဆိုရင် အထောက်အထားပြပြင်ဆင်ပေးဖို့လဲ မေတ္တာရပ်ခံအပ်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်

၁.၄.၂၀၂၂ 


မန်းတောင်ရိပ်ခို

(ချိုပြုံးရွှင်သော နှမပျိုငယ်

တစ်ကိုယ်လုံးပင်ချော အလှပိုတယ်

မြို့မနဲ့တစ်မိတည်းဖွားလို့ ဆိုတော့မယ်ကွယ်။) ၂

(အမောက်ကလေးတသသနဲ့

မြှောက်လို့ပေးတာမဟုတ်ဘူးတကယ်။) ၂

(ယဉ်စစနဲ့ မြင်လိုက်ရတာ

အဝတ်အစားမှာလဲ အလွန်တင့်တယ်။) ၂

(ထွန်းသစ်စ လရောင်ခြယ်

ခိုင်ညှာတံပွင့်လန်း ပန်းသို့နှယ်။) ၂

ရိုးရိုးသားသားနဲ့ ကျုပ်တို့မြို့မက ကျေနပ်တယ်။

(မြနန္ဒာ ရေညိုညိုရစ်ခါသမ်းတယ်

ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်။) ၂

ပျော်ခင်းလေး သာပါဘိတယ်

အတိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်။

(ခါးသေးနွဲ့မူရာကြွယ် လှဂုဏ်ဝင့်ဖွယ် (ကိုအံ့ကြီး - မြင့်ဖွယ်)

မာလာနွယ် ခိုင်ညှာရယ်

တစ်ယောက်ဆိုတစ်ယောက်လို့ အောက်မေ့တယ်

ခင့်မြို့မလာပြီကွယ် ဆီးကြိုလို့ရယ်

မောင်နှမရင်းနှယ် ခင်မင်ချစ်သွေး ကြွမိတယ်။) ၂

(ဇာတိမျက်ခြယ် ကျန်းမာပါစသက်လှယ်?

ဪ… ကောင်းပါလေတယ်

ဟင်… ပက်လိုက်တော့မယ်။) ၂

နှစ်ကူးတော့မယ် ခင်ခင်ရယ်

လိုက်ခဲ့ပါလား အပျင်းတော်ပြေမယ်

မောင်တို့လာချေပေါ့ကွဲ့ ကညာမေကြော့ရဲ့

ငွေငန်းထွက်ကာလည်။

(မြနန္ဒာ ရေညိုညိုရစ်ခါသမ်းတယ်

ရွှေမန်းတောင်ရိပ် အတူတူခိုသူ ပျိုဖြူတွေရယ်။) ၂

ပျော်ခင်းလေး သာပါဘိတယ်

အတိတ်ကောင်းယူမယ် နှစ်ဦးသင်္ကြန်တော်ဝယ်။

 

ယူကျု၌နားဆင်ရန်

https://youtu.be/LqmbH14yzaU 


#မန်းတောင်ရိပ်ခို #မြနန္ဒာ #မြို့မငြိမ်း
#WaiYanMaungMaung 
#KawliyaWaiYanMaungMaung 
#KawliyaInstituteAndEventSolutions
#ကောလိယဝေယံမောင်မောင် #ဝေယံမောင်မောင်


 



 

Comments