တန်ဆောင်မုန်းလ၏ပုံရိပ်လွှာများ
ကောလိယ ဝေယံမောင်မောင်
မြန်မာ့တို့၏ဆယ့်နှစ်လရာသီသည် ကမ္ဘာ့နိုင်ငံအသီးသီး၏လများထက် ပိုမိုထူးခြားသာလွန်သော အချက်များရှိသည်။ ဥပမာအားဖြင့် မြန်မာ့ဆယ့်နှစ်လရာသီ၏ လစဉ်လတိုင်းတွင် ရာသီပန်းနှင့် ရာသီပွဲတော် တို့ရှိခြင်းဖြစ်သည်။ တန်ခူးလဆိုလျှင် ရာသီပန်းက ကံ့ကော်၊ ရာသီပွဲက သြင်္ကန်၊ ကဆုန်လဆိုလျှင် ရာသီပန်း ကစံကားဝါ၊ ရာသီပွဲက ညောင်ရေသွန်းပွဲ စသည်ဖြင့် သင်္ကေတထူး၊ ဝိသေသထူးများ ရှိခြင်းဖြစ်သည်။
ထိုနည်းတူ တန်ဆောင်မုန်းလတွင်လည်း ထူးခြားသောအမှတ်လက္ခဏာများရှိသည်။ တန်ဆောင် မုန်းလ၏ ရာသီပန်းသည် ခဝဲပန်းဖြစ်ပြီး ရာသီပွဲသည် ကထိန်ပွဲဖြစ်သည်။ အနက်ဖွင့်လျှင် တန်ဆောင်မုန်း ဟူသည် မီးထွန်းလဖြစ်သည်။ “တန်ဆောင်”၏အဓိပ္ပာယ်သည် ဆီမီး၊ မီးတိုင် ဖြစ်ပြီး “မုန်း”၏ အဓိပ္ပာယ်မှာ ထွန်းလင်းတောက်ပခြင်းဖြစ်သည်။

တန်ဆောင်မုန်းလအလှူဒါန ရှေးပန်းချီ
စာအညီ ရာသီ
ရာသီခွင်ဖြင့်ကြည့်လျှင် တန်ဆောင်မုန်းလသည် ဗြိစ္ဆာရာသီခွင်တွင် တည်ရှိသည်။ စန်းဟုခေါ်သော လမင်းသည် ကြတ္တိကာနက္ခတ်နှင့် ယှဉ်ပြိုင်ထွန်းလင်းသည်။ တာရာမှာကျီးတာရာဖြစ်သည်။ ခဝဲပန်းတို့ သည် လည်း လှပစွာပွင့်ဖူးကြသည်။ ထို့ကြောင့် စလေဦးပုညက ဤသို့စာဖွဲ့သည်။
"မိုးဝသန်ချိန်ဆုံးလို့ တန်ဆောင်မုန်းဗြိစ္ဆာ
ဖဝါးနှစ်စွန်းခါဝယ် ကြတ္တိကာကြယ်မင်း
ခဝဲပွင့်မာလာငယ် သည်ချိန်ခါမွှေးထုံပျံ့သင်း”
ဥတုအရဆိုလျှင်လည်း ဆယ့်နှစ်လရာမိုးကဗျာစာချိုး၌ "တန်ဆောင်မုန်းတွင် ဆီးနှင်းတစ်ပြိုက် မိုးတစ်လိုက်" ဆိုသည့်အတိုင်း တန်ဆောင်မုန်းလတွင်ဆီးနှင်းကျပြီး မုန်တိုင်း၊ မိုးကြွင်းမိုးကျန် တို့ကြောင့် ဆီးနှင်းရောမိုးပါ ရွာသွန်းကျတတ်သည်။ သို့သော် မိုးသည်မိုးရာသီကဲ့သို့ ထစ်ချုန်းရွာမနေတော့သဖြင့် “မီးပန်းပွင့်တုန်း တန်ဆောင်မုန်း ထစ်ချုန်းမဖွဲ့” ဟု ကဝိလက္ခဏသတ်ပုံကျမ်းတွင် ဖော်ပြထားသည်။ စပါးနှံများ အသီးကင်းဖြစ်လာပြီး ဝတ်ဆံကလေးများ တင်းမာဖုလုံးလာချိန်ကို "ဖုံးတုန်းလုံးတုန်း တန်ဆောင်မုန်း” ဟုလည်း ဆိုစမှတ်ပြုကြသည်။

တန်ဆောင်မုန်းလရာသီပန်း
ခဝဲပန်း
သာမညဖလ အခါတော်နေ့
အဇာတသတ်မင်းမှာ ဒေဝဒတ်နှင့်ပေါင်းမိမှားပြီး ခမည်းတော် ဗိမ္ဗိသာရမင်းကြီးကို သတ်ခဲ့မိသည်။ ထိုအချိန်မှစ၍ ညစဉ်အိပ်မပျော်သောရောဂါစွဲကပ်လာသည်။ မည်သည့်ဆေးနှင့်မှကုစား၍မရပေ။ တိတ္ထိ ဆရာကြီး(၆)ယောက်ထံမေးသော်လည်း ကုမရချေ။ နောက်ဆုံးတွင် ဇီဝက၏အကြံပေးချက်အရ ဘုရားရှင် ထံရောက်ရှိသွားသည်။
ထိုညသည် တန်ဆောင်မုန်းလပြည့်ညဖြစ်ပြီး ဇီဝကဦးဆောင်သော မိန်းမစစ်သည်ငါးရာက ဘုရားကျောင်းတော်ကို ဆီမီးပူဇော်ထားသည်။ ဇီဝကသရက်ဥယျာဉ်တော်တွင်း၌ ဘုရားရှင်က သံဃာ(၁၅၁ဝ)ခြံရံ၍ သီတင်းသုံးသည်ကိုမြင်လျှင် အဇာတသတ်က လွန်စွာကြည်ညိုမိသွားသည်။ ထို့နောက် ဘုရားရှင်က ရဟန်းပြုခြင်းအကျိုးကိုပြဆိုသော သာမညဖလသုတ်ကို ဟောကြားတော်မူလျှင် အိပ်မပျော်သောရောဂါမှာ အလျဉ်းပျောက်သွားသည်။ ဘုရား ရှင်ထံတွင်လည်း (၁) ခမည်းတော်သတ်သောအပြစ်ဝန်ခံခြင်း (၂) တောင်းပန်ခြင်း (၃) နောက်မပြုရန် ကတိပြုခြင်းတို့လုပ်၍ ကုစားသဖြင့် ဖခင်သတ်သော ပိတုဃာတကံမှလျော့ကာ မဟာအဝီစိငရဲ အစား လောဟကုမ္ဘီငရဲတွင်သာ ကျတော့သည်။ (အဇာတသတ်သည် ငရဲမှလွတ်လျှင် ဝိဇိတာဝီ အမည်ရှိ ပစ္စေကဗုဒ္ဓါခေါ် ဘုရားငယ်ဖြစ်ပြီးနောက် ကျွတ်တန်းဝင်မည်ဖြစ်သည်။)
![]() |
သာမညဖလသုတ်ဟောကြားရာ ဇီဝကသရက်ဥယျာဉ်ကျောင်းတော်နေရာ |
မီးထွန်းပွဲ၊ မီးပုံးပွဲ
အဇာတသတ်ဘုရင် ဘုရားရှင်၏ကျောင်းတော်သွားသောညသည် တန်ဆောင်မုန်းလပြည့်ညဖြစ်ပြီး ထိုကျောင်းတော်၌ ဇီဝကဦးဆောင်သော မိန်းမစစ်သည်ငါးရာက ဘုရားကျောင်းတော်ကို ဆီမီးပူဇော်ကြ သည်မှစ၍ တန်ဆောင်တိုင်မီးထွန်းပွဲစသည်ဟု မှတ်ယူကြသည်။ နတ်ပြည်ရှိ စူဠာမုဏိစေတီတော်ကို မီးပူဇော်ခြင်းအနေဖြင့်လည်း မီးပုံများလွှတ်တင်ကြသည်။
![]() |
| တောင်ကြီးတန်ဆောင်တိုင်ပွဲတော်မှ မီးပုံးပျံတစ်ခု |
ကထိန်ပွဲ
ကထိန်ခင်းခြင်းဆိုသည်မှာ ဥပစာရသိမ်အတွင်း၌ သံဃာများအားစည်းဝေးစေပြီး ဉတ်ကမ္မဝါစာဖြင့် နှုတ်မှရွတ်ဖတ်အသိအမှတ်ပြုကာ လှူဒါန်းလာကြသော ဉတ်သင်္ကန်းကို ကထိန်ခင်းထိုက်သည့် ရဟန်း အား သေချာစွာပေးအပ်ခြင်းဖြစ်သည်။ ထိုသို့ ကထိန်သင်္ကန်းကို သံဃာအားပေးလှူသောပွဲကို ကထိန်ပွဲဟုခေါ်ဆို သည်။ (ဉတ်သင်္ကန်း၏အသံထွက်အမှန်မှာ ညပ်သင်္ကန်းဖြစ်သည်။)
ကထိန်ဟူသော ဝေါဟာရ
ကထိန်ဟူသော ဝေါဟာရသည် ပါဠိစကားလုံး "ကထိန" ကိုအဆုံးသရချေ၍ ပေါ်ပေါက်လာဖြေစ်သည်။ ဝိမတိဝိ နောဒနီဋီကာ၊ ဒုတိယတွဲ၌ "အာနိသင်ငါးပါးတို့ကို ဥပစာရသိမ်အတွင်း၌ တည်နေအောင်ပြုခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ် ကြောင့် စည်ပင်ပြန့်ပွားကြီးမားသောသစ်ပင်ကြီးအလား ခိုင်မြဲတည်တံ့သောထိရသတ္တိရှိသဖြင့် ကထိန်" ဟု ဖွင့်ဆိုထားသည်။ သာရတ္တိဒီပနီဋီကာ၊ တတိယတွဲ၌လည်း "မယိမ်းမယိုင် ကျောက်စာတိုင်ပမာ တည်တံ့ခိုင် ဖြွင့်ဆိုထားသည်။
ကထိန်သမိုင်း
ဘုရားရှင်သည် ပါဝေယျကတိုင်းသား ဘဒ္ဒဝဂ္ဂိယမင်းသား ရဟန်းသုံးကျိပ်တို့ကို အကြောင်းပြု၍ ကထိန်ခင်းရန် ခွင့်ပြုတော်မူခဲ့ပါသည်။ ထိုရဟန်းတို့သည် ဘုရားရှင်၏ သာသနာတော်၌ အာရညကဓူတင်၊ ပိဏ္ဍပတ်ဓူတင်၊ တိစီဝရိတ်ဓူတင် တို့ကိုကျင့်ကြသည်။ ဘဒ္ဒဝဂ္ဂီရဟန်းတို့က ဘုရားရှင်ကို ဖူးမြော်ရန် သာဝတ္တိမြို့ ကြွလာကြသည်။ လမ်းခရီးတွင် ဝါဆိုရန်ရက်နီး၍ သာဝတ္တိပြည်သို့ ဝါဆိုအမီရောက်ရန် မတတ်နိုင်ကြတော့ပေ။ ထို့ကြောင့် ခရီးလမ်းအကြားဖြစ်သော သာကေတမြို့၌ ဝါကပ်တော်မူကြကုန်သည်။
ဝါကျွတ်သော် ပဝါရဏာခေါ် ဝါတွင်းရှိအပြစ်များ အချင်းချင်းဝန်ခံကြားနာခြင်းပြုပြီးလျှင် ဘုရားရှင်ရှိ ရာ သာဝတ္တိမြို့သို့ ခရီးဆက်ခဲ့ကြသည်။ လမ်းခရီး၌ မိုးသည်းထန်သောကြောင့် မိုးရေရွှဲသောသင်္ကန်းတို့ဖြင့် ဘုရားရှင်ရှိရာ ဇေတဝန်ကျောင်းတော်သို့ ရောက်ရှိလာကြသည်။ ဘုရားရှင်က “လမ်းခရီး၌ ချမ်းသာစွာ ဝါကပ်၍ မပင်မပန်းဘဲရှိကြ၏လော” ဟု မေးတော်မူရာ ရဟန်းတို့က လမ်းခရီးတွင် မိုးသည်းထန်စွာရွာသဖြင့် မိုးရေထဲတွင် ရွှံ့ပေသောသင်္ကန်းတို့ဖြင့် ပင်ပန်းကြီးစွာလာခဲ့ရဘေုရားက ဘဒ္ဒဝဂ္ဂီရဟန်းများ ၎င်းတို့အဓိဋ္ဌာန်တင်ထားသော သင်္ကန်းသုံးထည်ဖြစ်သော ခါးဝတ်သင်းပိုင်၊ အပေါ်ရုံဧကသီ၊ နှစ်ထပ်သင်္ကန်းကြီး တို့ဖြင့် ပင်ပန်းဆင်းရဲစွာလာခဲ့ရသောဖြစ်ရပ်ကို အကြောင်းပြု၍ ဝါကျွတ်သောအခါ ကထိန်ခင်းခွင့်ပြုခဲ့သည်။ ထို့ပြင် ကထိန်အာနိသင်(၅)ပါးနှင့် ကထိန် ခင်းပုံခင်းနည်း ကထိန်မူဝိနည်းကံကိုပါ ခွင့်ပြုတော်မူခဲ့လေသည်။ ထိုသို့ခွင့်ပြုတော်မူခဲ့၍ ကထိန်အာနိသင် ရသောရဟန်းများ ခရီးသွားရာ၌ အဓိဋ္ဌာန်ဝင်ထားသော သင်္ကန်းသုံးထည်လုံး ဆောင်စရာမလိုတော့သည့် အပြင် ထေားခဲ့လိုလျှင်လည်း ရကြတော့သည်။
ဤသို့ ကထိန်ခင်းခွင့်ပြုခြင်းမှာ သံဃာများခရီးသွားလာရာတွင် သင်္ကန်းအတွက် အခက်အခဲမတွေ့ စေလိုခြင်း၊ဂေါတမဘုရားမတိုင်မီ ရှေးရှေးသော ဘုရားရှင်များကလည်း ခွင့်ပြုတော်မူခဲ့ကြခြင်း၊ကထိန် သင်္ကန်းအလှူရှင်တို့လည်း သံဃိကဒါနအကျိုးရစေလိုခြင်း တို့ကြောင့်ဖြစ်သည်။

ဘုံကထိန်လှည့်ပုံ သရုပ်ဖော်ကာတွန်းတစ်ခု
ကထိန်သင်္ကန်းလှူဒါန်းမှတ်ဖွယ် အသွယ်သွယ်
“ဘုရားမှာ စိန်၊ ကျောင်းမှာ သိမ်၊ သင်္ကန်းမှာ ကထိန်” ဟူသည့်အတိုင်း သင်္ကန်းအလှူအမျိုးအမျိုး အနက် ကထိန်သင်္ကန်းအလှူသာ အမြတ်ဆုံးဖြစ်သည်။ ထို့ကြောင့် မှတ်သားသိဖွယ် များစွာရှိသည်။
ကထိန်လျာသင်္ကန်း (ဝါ) ကထိန်သင်္ကန်း - ကထိန်ခင်းမည့်သင်္ကန်းကို ကထိန်လျာသင်္ကန်း (ဝါ) ကထိန်သင်္ကန်း ဟုခေါ်သည်။ ဒါယကာတစ်ဦးတည်းမဟုတ်ဘဲ ပေါင်းစုလှူလျှင် ဘုံကထိန်သင်္ကန်း ဟုခေါ်သည်။ ခါးဝတ်သင်းပိုင်၊ အပေါ်ရုံဧကသီ၊ ဒုကုဋ်နှစ်ထပ်သင်္ကန်းကြီး သုံးထည်မှတစ်ထည်ထည်လှူ ရုံဖြင့် အထမြောက်သည်။
မိုးပေါ်ကျသင်္ကန်း - ရဟန်းတစ်ပါးပါးက ကထိန်သင်္ကန်းလှူရန် ပြောဆိုအလှူခံံခြင်းမပြုရချေ။ မိုးပေါ်မှ အလိုလျောက် သန့်စင်စွာကျလာသည့်မိုးရေကဲ့သို့ လှူဒါန်းသူထံမှာ အလိုအလျောက်သဒ္ဓါပေါက်၍ လှူဒါန်းမှ သာ ကထိန်သင်္ကန်း ဖြစ်သည်။ ထို့ကြောင့် မိုးပေါ်ကျသင်္ကန်းဟုခေါ်သည်။
ဉတ်သင်္ကန်း - ကထိန်သင်္ကန်းသည် ခါးဝတ်သင်းပိုင်၊ အပေါ်ရုံဧကသီ၊ ဒုကုဋ်နှစ်ထပ်သင်္ကန်းကြီး သုံးထည်မှ တစ်ထည်သာဖြစ်ရသည်။ ဉ တ္တိဒုတိယကမ္မဝါစာဖတ်၍ ပေးရသောကထိန်သင်္ကန်းကို ဉတ်သင်္ကန်းဟုခေါ် သည်။
ဉတ်ရံသင်္ကန်း - ကထိန်ခင်းမည့်သင်္ကန်းမှအပ တစ်ခြားအရံသင်္ကန်းများအား ဉတ်ရံသင်္ကန်းသို့မဟုတ် ကထိန်ရံသင်္ကန်းဟု ခေါ်သည်။
ကာလဒါန - ဘုရားရှင် ကထိန်ခင်းရန် ခွင့်ပြုတော်မူသော ရက်အပိုင်းအခြား သို့မဟုတ် ကထိန်သင်္ကန်းကာလမှာ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လသာ ဖြစ်သည်။ ယင်းသို့ အချိန်ကာလအလျောက် လှူဒါန်းရသဖြင့် ကာလဒါနဟုလည်း ခေါ်သည်။
တစ်ကျောင်းလျှင်တစ်ကြိမ်သာအလှူခံရမည် - ကျောင်းတစ်ကျောင်းကျောင်းသည် ကထိန်အလှူကို တစ်နှစ်လျှင် တစ်ကြိမ်ထက်ပို၍ အလှူခံလျှင် ဘုရားရှင်ဟောကြားသည်နှင့် ဆန့်ကျင်သဖြင့် အပြစ်ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် တစ်ကြိမ်ထက် ပို၍အလှူခံနေသော ကျောင်းများစွာကို တွေ့ရသည်။
ကထိန်သင်္ကန်းလှူခြင်း(၂)မျိုး -
၁၊ ခင်းမည့်ကျောင်းသွား၍လှူခြင်း - “ဤကထိန်သင်္ကန်းကို သံဃာအားလှူပါ၏” ဟုပြော၍လှူရသည်။ သံဃာ ဆိုရာတွင် ထိုကျောင်းအတွင်းရှိသံဃာများနှင့်သာ သက်ဆိုင်သည်။
၂၊ မိမိအိမ်၊ ဌာန၊ နေရာ (သို့) တစ်နေရာရာတွင်လှူခြင်း - “မည်သည့်ကျောင်းတိုက်တွင် ကထိန်ခင်းရန် သံဃာအားလှူပါ၏”ဟု ကျောင်းအမည်ထည့်ပြော၍လှူရသည်။ ကျောင်းအမည်ထည့်မဆိုလျှင် အလှူအခမ်းအနား သို့ကြွရောက်တော်မူလာကြသော (၁၂)တောင်ပတ်လည်ကသံဃာများနှင့်သာ သက်ဆိုင်သည်။ ထို့ကြောင့် ရည်စူးရာကျောင်းတိုက်တွင် ကထိန်ခင်းခွင့်မရှိတော့ပေ။
ကထိန်မခင်းထိုက်သောရဟန်း -
၁၊ ကထိန်သင်္ကန်းဖြစ်ပေါ်သောကျောင်း၌ ဝါမကပ်၊ ဝါမဆိုသောရဟန်း။
၂၊ ပုရိမဝါ (ဝါဆိုလပြည့်ကျော်တစ်ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့အထိ) ဝါကပ်သော်လည်း ဝါကျိုးပျက်သော ရဟန်း။
၃၊ သီတင်းကျွတ်လပြည့်နေ၌ မဟာပဝါရဏာမပြုသောရဟန်း။
၄၊ ပစ္ဆိမဝါ (ဝါခေါင်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ)သာ ဝါဆိုသောရဟန်း။
၅၊ ဝါမဆို၊ ဝါမကပ်သောရဟန်း။
၆၊ ပုဗ္ဗာကရဏ (ကနဦးဆောင်ရွက်ဖွယ်)အစရှိသည့် ကထိန်ခင်းထိုက်သော အင်္ဂါရှစ်ပါးနှင့် မပြည့်စုံသော ရဟန်း။
၇၊ ကထိန်ခင်းခြင်းအတွက် မစွမ်းဆောင်နိုင်သောရဟန်း။
ကထိန်းခင်းထိုက်သောရဟန်း -
၁၊ ပုရိမဝါကျွတ်ပြီး ပထမ မဝါရဏာနေ့၌ ပဝါရဏာပြုသောရဟန်း။
၂၊ ပုရိမဝါ မကျိုးပျက်သောရဟန်း။
၃၊ ပုဗ္ဗကရဏ (ကနဦးဆောင်ရွက်ဖွယ်) စသည်ကိုသိခြင်း အစရှိသည့်အင်္ဂါရှစ်ပါးနှင့် ပြည့်စုံသောရဟန်း။
၄၊ သံဃာက ဝိနည်းနှင့်အညီ ဉ တ္တိ ဒုတိယကမ္မဝါစာဖတ်ပြီးပေးသည့် ကထိန်သင်္ကန်းကို ခံယူရရှိသော ရဟန်း။
၅၊ ကထိန်ခင်းရန် စွမ်းဆောင်နိုင်သောရဟန်း။
ကထိန်ခင်းနည်း
၁၊ အလှူရှင်၏ကထိန်သင်္ကန်းကို သံဃာကခံယူရသည်။
၂၊ ကထိန်ခင်းထိုက်သောရဟန်းကို ရွေးချယ်ရသည်။
၃၊ ထိုရဟန်းအား ဉ တ္တိ ဒုတိယကမ္မဝါစာဖတ်ပြီး သင်္ကန်းပေးရသည်။
၄၊ သင်္ကန်းရလျှင် ရဟန်းက မိမိ၏မူလ တိစိဝရိတ်အဓိဌာန်တင်ထားသောသင်္ကန်းကို အဓိဌာန်ချ၍ စွန့်ရသည်။
၅၊ ကထိန်သင်္ကန်းသစ်၏ထောင့်တွင် အညိုရောင်၊ ရွှံ့ စသည့်အစက်အပြောက်တစ်ခု ထိုးပေးရသည်။ ကပ္ပဗိန္ဓုထိုးသည်ဟုခေါ်သည်။
၆၊ ထို့နောက် အဓိဌာန်တင်ရသည်။
၇၊ တင်ထားသောသင်္ကန်းနှင့် ကထိန်ခင်းကာ အောက်ပါအတိုင်း ပါဠိ (သို့) မြန်မာဘာသာဖြင့် ပြောရသည်။
(က) ဒုကုဋ်သင်္ကန်းကြီးနှင့်ခင်းလျှင် “ဤဒုကုဋ်သင်္ကန်းကြီးဖြင့် ကထိန်ခင်းပါ၏။”
(ခ) ဧကသီနှင့်ခင်းလျှင် “ဤဧကသီဖြင့်ကထိန်ခင်းပါ၏။”
(ဂ) သင်းပိုင်ဖြင့်ခင်းလျှင် “ဤသင်းပိုင်ဖြင့်ကထိန်ခင်းပါ၏။”
၈၊ ကထိန်ခင်းပြီးလျှင် အခြားရဟန်းများက ဝမ်းမြောက်စကား - အနုမောဒနာ ပြောကြားရသည်။ ထိုသို့ပြော ကြားခြင်းဖြင့် ပြောကြားသည့်ရဟန်းများပါ ကထိန်အာနိသင်ငါးပါးကို ရရှိသည်။
ကထိန်အာနိသင်(၅)ပါး
ကထိန်သင်္ကန်းအလှူရခြင်းဖြင့် သံဃာများအာနိသင်(၅)ပါးရရှိနိုင်သည်။ ထို့အတူ လှူဒါန်းသူများ လည်း အာနိသင်(၅)ပါးရရှိသည်။
ပထမအာနိသင် - ရဟန်းတော်များက ဆွမ်းစားပင့်သည်ကိုကြွလျှင် အခြားရဟန်းတစ်ပါးကို ပန်ကြားပြီးမှ ကြွရသည်။ မပန်ကြထိန်ခင်းခြင်းကြောင့် ထိုသို့ ပန်ကြားရန်မလိုတော့ဘဲ လွတ်လပ်စွာကြွရောက်နိုင်ခဲ့ကြသည်။
ဒုတိယအာနိသင် - သင်္ကန်းသုံးထည်ဟုခေါ်သော ခါးဝတ်သင်းပိုင်၊ အပေါ်ရုံဧကသီ၊ နှစ်ထပ်သင်္ကန်း ကြီး တို့ကိုဆောင်သောရဟန်းသည် အဓိဋ္ဌာန်ထားသောသင်္ကန်းကို ဝတ်လိုလျှင်ဝတ်၊ မဝတ်လိုလျှင် မိမိအနီး နှစ်ထောင့်ထွာအတွင်းကပ်ထားရသည်။ အနားတွင်မရှိက အာပတ်သင့်သည်။ ကထိန်ခင်းခြင်းကြောင့် သင်္ကန်းသုံးထည်လုံးဆောင်ရန်မလိုအပ်တော့ပေ။
တတိယအာနိသင် - လူများသည် သံဃာတော်များအားစားဖွယ်ကပ်လိုလျှင် “ဘုန်းပေးပါဦး”ဟု မလျှောက်ရပေ။ ကထိန်ခင်းခြင်းကြောင့် လွတ်လပ်စွာအလှူခံခွင့်၊ ဘုန်းပေးခွင့်ရရှိသွားသည်။
စတုတ္ထအာနိသင် - သင်္ကန်းအသစ်ရလျှင် သင်္ကန်းအဖြစ်ဝတ်ပါ့မည်ဟု (၁၀)ရက်အတွင်း အဓိဋ္ဌာန်တင် ရသည်။ သို့သော် ကထိန်ခင်းခြင်းကြောင့် အဓိဋ္ဌာန်တင်ရန်မလိုတော့ဘဲ လွတ်လပ်စွာဝတ်ရုံခွင့် ရခဲ့ကြသည်။
ပဉ္စမအာနိသင် - သံဃာများသည် မိမိကျောင်းတိုက်တွင်ကထိန်မရစဉ်က လှူသောသင်္ကန်းမှန်သမျှ ခံယူခွင့်မရှိပေ။ ကထိန်ခင်းခြင်းကြောင့် သင်္ကန်းများကပ်လှူလျှင် ခံယူခွင့်ရခဲ့ကြသည်။
မဟာစည်ဆရာတော်ကြီးက ကထိန်သင်္ကန်းလှူဒါန်းသူများရရှိမည့် အကျိုးအာနိသင်(၅)မျိုးကို ဤသို့ကဗျာစပ်ဆိုတော်မူခဲ့သည်။
တားဆီးကင်းကွာ လွပ်လပ်စွာ လိုရာသွားနိုင်သည်။
တာဝန်ကိစ္စ မလေးရ ပေါ့လှလေတော့သည်။
စားလိုရာများ စားသော်ငြား ဘေးကားမဖြစ်ပြီ။
ပစ္စည်းအများ သိမ်းပိုက်ငြား ဘေးကားမဖြစ်ပြီ။
ကိုယ့်ပစ္စည်းများ သူတစ်ပါး ယူသွားကင်းပသည်။
ကထိန်ဒကာ ကျိုးငါးဖြာ လျော်စွာရနိုင်သည်။
![]() |
| ဗန်းမော်ဆရာတော်ကြီးအား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ကထိန်သင်္ကန်းကပ်လှူစဉ် (၂၀၁၆) |
မသိုးသင်္ကန်းရက်လှူခြင်း
မဟာဝါ ကထိနက္ခန္ဓကအဋ္ဌကထာ၌ “တဒ ဟေဝ သိဗ္ဗိတွာ နိဋ္ဌိတသူစိ ကမ္မံရဇိတွာ ကထိနံ အတ္ထရိတဗ္ဗံ” “ကထိန်သင်္ကန်းအဖြစ်လှူသောဖျင်ကို ထိုနေ့ပင်ချုပ်၍ဆိုးပြီး ကထိန်ခင်းရမည်”ဟု ပါရှိသည်။ ဘုရားရှင်လက်ထက်က ချုပ်ပြီးသင်္ကန်းများမပေါ်သေးသဖြင့် ကထိန်သင်္ကန်းအတွက် ဖျင်ပိုင်းများကိုသာ အလှူခံရရှိသည်။ အလှူခံသည့်နေ့၌ပင် ဖျင်များ စပ်ဟပ်ကာ ပိန္နဲခေါက် စသည်ကိုပြုတ်၍ ဖန်ရည်ဆိုးကာ အရုံမတက်မီ ကထိန်ခင်းရသည်။ ထိုသို့မဟုတ်လျှင် သင်္ကန်းမှာသိုးသွားသည်။
ထို့ကြောင့် ဘုရားရှင်က သင်္ကန်းချုပ်ရန်ကာလကို သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့မှ တန်ဆောင်မုန်းလပြည့်နေ့အထိ တစ်လတိတိတိုးမြှင့်ပေးတော်မူသည်။ ထိုဗုဒ္ဓဝင်ကိုအထိမ်းအမှတ်ယူ၍ လူတို့က မသိုးသင်္ကန်းရက်လှူကြသည်။ တန်ဆောင်မုန်းလပြည့်နေ့သည် ကထိန်ခင်းနိုင်သည့်နောက်ဆုံး ရက်ဖြစ်၍ ယင်းရက်မတိုင်မီအဖိတ်နေ့တွင် ညတွင်းချင်းရက်လှူကြခြင်းဖြစ်သည်။
အင်းဝမြို့ဘွဲ့ ဆယ့်နှစ်ရာသီ လူးတားတွင် "တန်ဆောင်မုန်းကား၊ မချုန်းမိုးသား၊ တိုင်ထွတ်ဖျားဝယ်၊ ငါးပါးကျိုးရှိ၊ မီးပွင့်ညှိ၍၊ ပြည့်ကြီးဖွယ်ရာ၊ သဒ္ဓါအကျိုး၊ မသိုးသင်္ကန်း၊ လှူရွှင်လန်းလျက်၊ ရဟန်းသံဃာ၊ အရိယာအား၊ ပရိက္ခရာရှစ်စုံ၊ ရွှေစည်းခုံဝယ်၊ ကြည်ယုံလှချင်၊ ပွဲပုံယင်လျက်၊ အောက်ထက်ကျော်ရှိန်၊ ညှိလှူချိန်သည်၊ ကထိန်လှူသင်္ကန်းတည့်လေး” ဟု ဖော်ပြထားသည့်အတွက် မသိုးသင်္ကန်းရက်ခြင်းသည် အင်းဝခတ်ကတည်းကစတင်ခဲ့ကြောင်း သိနိုင်သည်။
ရှေးခေတ်ကမသိုးသင်္ကန်းရက်ပုံမှာ ဗုဒ္ဓဝင်တွင်လာသည့်အတိုင်း ဝါကိုကြဲ၍ကောက်ပြီး ချည်ဖြစ်အောင် ရက်လုပ်ပြီးခါမှ ရက်လုပ်ကြခြင်းဖြစ်သည်။ ဝါကြဲခြင်း၊ ဝါကောက်ခြင်း၊ ဝါကြိတ်ခြင်း၊ ဝါဖန်ခြင်း၊ ချည်ဆွဲခြင်း စသည်တို့ကို အပြိုင်အဆိုင်ရက်လုပ်ကြသည့် အဖိုးဖြတ်မရနိုင် သော မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ဖြစ်သည်။ မသိုးသင်္ကန်ရက်ပြိုင်ပွဲကျင်းပခြင်းကြောင့် မြန်မာ့ရိုးရာ ရက်ကန်း လုပ်ငန်းသည်လည်း ဆက်လက်ရှင်သန်ရာရောက်လေသည်။

ရွှေတိဂုံစေတီတော် မသိုးသင်္ကန်းရက်ပြိုင်ပွဲ
ပံ့သကူပစ်ခြင်း
ပံ့သကူပစ်ခြင်းကို တန်ဆောင်မုန်းလပြည့်ညတွင်ပြုလုပ်ကြသည်။ လှူဖွယ်၊ စွန့်ကြဲဖွယ်ပစ္စည်းကို တစ်စုံတစ်ယောက်ရရှိသုံးစွဲစေရန် နေရာတစ်ခုခုတွင် ထားရစ်၍လှူခြင်းသည် ပံ့သကူပစ်ခြင်းဖြစ်သည်။ ရဟန်းများ၊ သီလရှင်များက အလှူပစ္စည်းများကို ပံ့သကူစာတန်းထိုး၍ ဘုရားကျောင်းကန်ဇရပ်များအနီး မြေပေါ်တွင်ထား၍ တွေ့သူတို့သုံးပြုနိုင်ရန် ပံ့သကူပစ်ကြသည်။
လူတို့ကလည်း ပိုက်ဆံ၊ ပစ္စည်း စသည်ကို အိမ်ရှေ့၊ လမ်းဘေး စသည့်တစ်နေရာရာတွင်ထားရစ်ပြီး လှူဒါန်းစွန့်ကြဲကြသည်။ ၎င်းအလှူသည် ဒါန-လှူဒါန်းခြင်းလည်းဖြစ်သကဲ့သို့ စာဂ-စွန့်ကြဲခြင်းလည်း ဖြစ် သည်။ ဤအလှူမျိုးသည် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတွင်သာရှိသောအလှူတစ်မျိုးဖြစ်ပြီး ကုသိုလ်လည်းရ စိတ်ပျော်ရွှင်မှုလည်းရသည်။
ကျီးမနိုးပွဲ
ရှေးခေတ်ကာလသားများ ပေါင်၊ လက်ဖျံ စသည်တွင် အိမ်မြှောင်၊ ကြောင်တက်၊ ကြောင်ဆင်း၊ အရှိန်း၊ အမှောင်၊ အဟန့် စသည်ဖြင့်ဆေးမင်ရည်စုတ်ထိုးလေ့ရှိသည်။ ထိုးပြီးမင်ကြောင်ဆေး စွမ်း၊မစွမ်း စမ်းသပ်သည့်အနေဖြင့် ဆေးပေါင်းခသည့် တန်ဆောင်မုန်းလပြည့်ည၌ ပစ္စည်းလိုက်ခိုးကြသည်။ အိမ်ရှင်က ခိုးသူအားမမြင်ဘဲနေခြင်း၊ ခိုးသူမှာ အတက် အဆင်း၊ အရှောင်အတိမ်းကောင်းခြင်း၊ ကိုယ်ပျောက်သွားခြင်း စသည်တို့ဖြစ်၍ ပစ္စည်းခိုးယူသွားနိုင်ခဲ့လျှင် ဆေးအောင်သည်။ ထို့ကြောင့် ပိုင်ရှင်များက ကျီးမနိုးခင်ထစောင့် ကြသည့်ဓလေ့မှစ၍ ကျီးမနိုးပွဲဖြစ်လာသည်။
ခိုးလာသည့်ပစ္စည်းများကို ရွာထိပ်တွင် ပဒေသာပင်သီးသကဲ့သို့ ချိတ်ဆွဲထားကြသည်။ နောက်ရက် လပြည့်နေ့တွင် ရွာ၌စုပေါင်းရှင်ပြုပွဲကျင်းပလေ့ရှိသည်။ အခိုးခံရသည့်ပိုင်ရှင်များက မိမိတို့ပစ္စည်းတန်ဖိုး အလိုက် သင်္ကန်းပရိက္ခရာများနှင့် အလိုက်ပေး၍ရွေးယူရသည်။ ခေတ်ကာလကြာသည်နှင့်အမျှ ကျီးမနိုးပွဲ မှသည် သူခိုးကာလ၊ သူခိုးကြီးညဖြစ်လာပြီး သူတစ်ပါး ပစ္စည်း ခိုးယူ၊ ဖျက်ဆီး၊ မတော်ရာနေရာရွှေ့ပြောင်း စသည့်အကျင့်ဆိုးများ ပေါက်ဖွားလာခဲ့သည်။
![]() |
| မယ်ဇလီဖူး |
ဆေးပေါင်းခသောည၊ မယ်ဇလီဖူးသုပ်
တန်ဆောင်မုန်းလပြည့်ညသည် ကြယ်တာရာအစုံအညီတောက်ပသဖြင့် ဘုရားရှင်လက်ထက်တော် ကတည်းက နက္ခတ်ပွဲသဘင်ဆင်ယင်ကျင်းပကြသည်။ ထို့ကြောင့် နက္ခတ္တဗေဒအရ ဆေးပေါင်းခသည့်ညဟု သတ်မှတ်နိုင်သည်။ လပြည်ညဉ့်လယ် ကန်ရေပြင်ပေါ်လမွန်းတည့်ချိန်တွင် လမွန်းတည့်ရေကို သောက် သုံးသည့်ဓလေ့လည်းရှိသည်။ ဤညတွင်ခူးဆွတ်သော ဆေးပင်၊ အရွက်၊ အခက်၊ အလက်၊ အမြစ်၊ အဖု စသည်ကိုသိမ်းကာ လိုရာသုံးကြသည်။
သာရကောမုဒိဆေးကျမ်းတွင် ဆေးပင်အားလုံးက တန်ဆောင်မုန်းလ၌ မယ်ဇလီပင်အား ခစား ကြကြောင်းဖော်ပြထားသည်။ မြန်မာ့ရိုးရာအစဉ်အလာတွင်လည်း ဆေးဝါးဓာတ်ရရှိရန်၊ ကျန်းမာစေရန် မယ်ဇလီဖူးကို သုပ်၍စားသုံးကြသည်။
တန်ဆောင်မုန်းလဟူသည် ဘာသာရေး၊ ယဉ်ကျေးမှု၊ အလှူဒါန၊ နက္ခတ္တဗေဒ၊ ဆေးပညာ၊ ပွဲလမ်းသဘင် တို့ဆုံတည်ရာ လထူးလမြတ်ဖြစ်သည်။ ခေတ်အဆက်ဆက် မည်သို့ပင်ပြောင်းစေကာမူ ရိုးရာ မပျက်သော တန်ဆောင်မုန်းလဖြစ်စေရေးအတွက် ထိန်းသိမ်းရင်း ကုသိုလ်တရားများ ပွားများနိုင်ကြ ပါစေ ကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇ နိုဝင်ဘာလ





Comments
Post a Comment