နတ်တော်လ၏ပုံရိပ်လွှာများ

           ဆယ့်နှစ်လရာသီ အလီလီတို့သည် လအလိုက် မတူထူးခြားသော အဓိပ္ပာယ်များဆောင်ကြဉ်းကြသည်။ ထို့အတူ နတ်တော်လသည်လည်း ထူးခြားချက်ရှိသည်။ ယင်းမှာ စာပေပညာရှင်များကို ဂုဏ်ပြုသည့်လဖြစ်ခြင်းပင် ဖြစ်သည်။
 
နတ်တော်လ၏ရာသီပန်း - သဇင်ပန်း

နက္ခတ်အရ နတ်တော်လ
___________________
 
           မြန်မာတို့၏ တစ်ဆယ့်နှစ်လသော ရာသီများအနက် နတ်တော်လသည် န၀မမြောက်လဖြစ်သည်။ ရာသီ ခွင်အရ ဓနုရာသီဖြစ်သည်။ ဆောင်းရာသီ၌ပါ၀င်ပြီး စန်းယှဉ်နက္ခတ်မှာ မိဂသီနက္ခတ်ဖြစ်သည်။ ဓနုရာသီ သည် လေးဆွဲသောယောက်ျားsတို့ နှစ်သက်သောရာသီ၊ ၎င်းယောက်ျားနှင့် အဆင်းတူသောရာသီဟုဆိုသည်။ ရာသီရုပ်သည် အရှေ့ပိုင်းက လေးဆွဲသောယောက်ျား၊ အနောက်ပိုင်းက မြင်းခြေတို့ဖြစ်သည်။
ရာသီပန်းမှာ သဇင်ပန်း ဖြစ်သည်။ ရုက္ခဗေဒတွင် Bulbophyllum Auricomum ဟု ခေါ် သည့် မြန်မာ့ တော်၀င်သ ဇင်သည် မြန်မာနိုင်ငံတွင်သာ အထင်ကရရှိပြီး အဓိကအားဖြင့် နတ်တော်လအတွင်း ပွင့်လန်းလေ့ရှိသည်။ ဆောင်းရာသီ၌ ဂမုန်းသဇင်ခေါ် တော်၀င်သဇင်ရော၊ ဂေါ်သဇင်ခေါ် ပင်ခြေခြုံတက်နွယ် သဇင်ပါပွင့်သည်။
 
နတ်တော်လနှင့် ဝေါဟာရ
_____________________
           ပုဂံခေတ်ကျောက်စာများတွင် နတ်တော်လကို နတ္တာဝ်၊ နတ်တာဝ်၊ နတ္တဝ်၊ နတ်တဝ် စသည်ဖြင့် တွေ့ရသည်။ နတ်တော်လ၏ အဓိပ္ပာယ်ကို ဝေါဟာရလီနတ္ထဒီပနီ၌ "ထိုနတ်တော်လကား ကမ္ဘာဦးကာလ နတ်ပူဇော်ပသကြသည်ကိုစွဲ၍ နတ်တော်လဟု မြန်မာဘာသာခေါ်ဝေါ်ကြသည် ယူရမည်" ဟု ဖော်ပြထားသည်။
 
နတ်တော်လတွင် ကိုးကွယ်ခဲ့ကြသောနတ်
________________________________
           ရှေးဘုရင်များထံပါးတွင်ခစားသော ဗြဟ္မဏပုဏ္ဏားတို့သည် ၎င်းတို့ယုံကြည်ကိုးကွယ်မှုများကို နန်းတော် တွင်း၌ ပျံ့နှံ့စေခဲ့သည်။ ဘုရင်များကလည်း မြှောက်စားကြသဖြင့် လောကအရေး၊ တရားရေး၊ ဘုရင့်အရေး၊ နိုင်ငံ့အရေး စသည်တို့တွင် ပါ၀င်နေရာယူခဲ့ကြသည်။ ထိုလူမျိုးတို့က မင်းအဆက်ဆက်ပါ၀င်ပတ်သက်ခဲ့ကြ သဖြင့် ထေရဝါဒဗုဒ္ဓဘာသာတွင် ဗြဟ္မဏဝါဒများ ယှက်သွယ်လာခဲ့ရသည်။ ဗုဒ္ဓကိုးကွယ်မှုများတွင်လည်း ဟိန္ဒူ ကိုးကွယ်မှုများ ပါ၀င်လာခဲ့သည်။ စင်စစ်မှာ ထေရဝါဒစစ်စစ် လုံး၀မဟုတ်ချေ။ 

           ရာဇမတ္တဏ်ကျမ်းအလိုအရ တနင်္ဂနွေဂြိုဟ်သည် ဗြိစ္ဆာအရပ်တွင်တည်စဉ် ကြတ္တိကာနက္ခတ်၌ မဟာပိန္နဲနတ်ကို ပသကြသည်။ ယင်းသို့ နတ်ပူဇော်ရာလဖြစ်သောကြောင့် “နတ်လ”ဟုလည်း ခေါ်ခဲ့ကြသည်။ တရားကို တရားတော်၊ သံဃာကို သံဃာတော် စသည်ဖြင့်ခေါ်ကြသကဲ့သို့ နတ်လကိုလည်း နတ်တော်လ ဟုခေါ်ရာမှ နတ်တော်လဖြစ်လာသည်ဟု ဆိုသည်။
 
           မဟာပိန္နဲကို အင်္ဂလိပ်ဘာသာဖြင့် Ganesha ဟုခေါ်သည်။ ဟိန္ဒူအလိုရ မဟာဝိနာယကနတ် ဖြစ်ပြီး ‘၀’ ကို ‘ဗ’ အဖြစ်ပြောင်းလဲ၍ ဗိနာယက၊ ၎င်းမှ ပိန္နဲ ဖြစ်လာပြီး မြန်မာတို့က ‘မဟာပိန္နဲနတ်’ ဟုခေါ်တွင်သည်။ မဟာပိန္နဲသည် ပရမီသွာ (ခ) သျှီ၀နတ်ဘုရားနှင့် ဥမ္မာဒေဝီတို့၏သားငယ်ဖြစ်သည်။ ဖခင်နတ်ဘုရားနှင့် တစ်ထေရာတည်း တူသဖြင့် လည်ပင်း၌ဆည်းလည်းဆွဲထားရသည် ဆိုသည်။ မဟာပိန္နဲအထက်တွင် အစ်ကိုလည်းရှိသည်။ မဟာပိန္နဲသည် သတ္တိအလွန်ကောင်းသဖြင့် ပါဠိဘာသာဖြင့် ‘သတ္တိရေ’ ဟုလည်းခေါ်သည်။ အသူရာတို့ စစ်တိုက်လာရာ မဟာပိန္နဲကဦးဆောင်တိုက်၍ အသူရာများ အရေးနိမ့်သည်။ 
 
           ထို့ကြောင့် ခမည်းတော် ပရမီသွာက လိုရာဆုတောင်းစေရာ လောက၌လှုပ်ရှားသွားလာခြင်းအားလုံး ပင်ပန်းဆင်းရဲသဖြင့် တစ်ကမ္ဘာပတ်လုံး အိပ်စက်လိုသည့်ဆုတောင်းသည်။ မဟာပိန္နဲအစ်ကိုက တစ်သက်လုံး အိပ်ခြင်းသည် သေခြင်းနှင့်တူ၍ လောကကောင်းကျိုး မသယ်ပိုးနိုင်သဖြင့် ခြောက်လအိပ်၊ ခြောက်လနိုးရန် ၀င်၍ လျှောက်ထားသည်။ ထိုအချိန်မှစ၍ မဟာပိန္နဲသည် ဝါဆိုလမှစအိပ်သဖြင့် ဝါဆိုလကို နတ်စက်လ၊ နတ်လျောင်း လ ဟုခေါ်ပြီး နတ်တော်လကို နတ်နိုးလဟုခေါ်သည်။ ထိုလ၌ မဟာပိန္နဲနတ်ကိုပူဇော်ကြ၍ နတ်တော်လဖြစ် လာသည်။
 
           မဟာပိန္နဲနတ်အား မူလက အိန္ဒိယတွင်သာ ကိုးကွယ်ကြသည်။ ၎င်းမတိုင်မီက မြန်မာနိုင်ငံတွင် အိမ်တွင်း မင်းမဟာဂီရိ စသည်ကို မြန်မာတို့ကိုးကွယ်ပခဲ့ကြသည်။ နတ်ပသရင်း သောက်စားမူးယစ်သဖြင့် အစိုးရမှ သတ် သတ်လွတ်ပသမှုဖြစ်စေရန် မဟာပိန္နဲနတ်ပွဲစတင်ကျင်းပရာမှ မြန်မာပြည်တွင် မဟာပိန္နဲနတ် ပေါ်ပေါက်ခဲ့ရ သည်။ မဟာပိန္နဲသည်အသားမစားသဖြင့် ၎င်းအားသတ်သတ်လွတ်သာတင်ရသည်။
 
နတ်ကိုးကွယ်သည့်လမှသည် 
စာဆိုတော်များ၏လဖြစ်လာပုံ
________________________ 

           ခေတ်ကာလများ ပြောင်းလဲလာပြီးနောက် ကုန်းဘောင်မင်းဆက်၏ ဆဋ္ဌမမြောက်မင်းဖြစ်သော ရတနာပူရ အင်း၀နှင့် အမရပူရနန်းတည် ဗဒုံမင်း (ခ) ဘိုးတော်ဘုရား (ခ) ဘိုးတော်ဦးဝိုင်း က ထေရဝါဒဗုဒ္ဓ ဘာသာသန့်ရှင်းရေး ဆောင်ရွက်ခဲ့သဖြင့် ဗြဟ္မဏအယူများ ကွယ်ပခဲ့သည်။ ပုဏ္ဏားများသည်လည်း ဗေဒင် ပညာရှင်၊ ဟူးရားဖြူ၊ ဟူးရားညို စသည့်နေရာများကိုသာ ပေးအပ်ခံခဲ့ရတော့သည်။ ထို့ကြောင့် ယနေ့တွင်လည်း ပုဏ္ဏား ဗေဒင်ပညာရှင်တို့ကို တွေ့မြင်ရခြင်းဖြစ်သည်။ ထိုအချိန်မှစတင်ကာ နတ်ပူဇော်သောလမှ မြန်မာ့ စာဆိုတော်များ ကို အားပေးချီးမြှောက်သည့် နတ်တော်လဖြစ်လာသည်။
အင်းဝခေတ်သည် မြန်မာ့ယဉ်ကျေးမှု၊ စာပေတို့ အလွန်ထွန်းကားသော ခေတ်ဖြစ်သည်။ အထူးသဖြင့် သက္ကရာဇ် (၈၄၂)ခုတွင်နန်းတက်၍ (၂၁)နှစ်ကြာနန်းစံတော်မူခဲ့သော အင်း၀ဘုရင် ဒုတိယမင်းခေါင်သည် စာဆိုတော်များကို အားပေးချီးမြှောက်သည်။ ဥပမာ လောကသာရပျို့ကိုရေးတော်မူသော ကန်တော်မင်းကျောင်း ဆရာတော်သည် ဒုတိယမင်းခေါင်၏ ဆရာတော်ဖြစ်သည်။
 
စာအညီ ရာသီ
___________
          ဆယ့်နှစ်လရာသီမိုးအနက် နတ်တော်လတွင်မိုးရွာလျှင် ဆင်ခြေရာပျောက်ရုံမျှသာရွာသဖြင့် “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်” ဟု ဖွဲ့ဆိုသည်။ မြန်မာ့ဆိုရိုးစကား စာအုပ်တွင် "နတ်တော်လသို့ရောက်လျှင် ဆင်ခြေရာပျောက်ရုံရွာသော ဆင်ရာတိမ်မိုးဟူသော ရာသီမိုးရွာသည်"ဟု ဖွင့်ဆို ထားသည်။ မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၌ "နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်၊ နတ်အိမ်မြှောက်ချီး၊ မုန့်စားလှီး" ဟူ၍ဖော်ပြထားပြီး "နတ်တော်လအခါ ဆင်ခြေရာ၊ မြင်းခြေရာ တိမ်မြုပ်အောင် မိုးရွာသောကြောင့် အဖျားအနာများ၍ နတ်များကိုသော်မ ဆီကြော်မုန့်အစား ဓားလှီးမုန့်နှင့်တင်ရသည် ဆိုလို သည်" ဟူ၍ ရှင်းလင်းထားသည်။ ဆင်ရာတိမ်မိုးကို "ဆင်ရာတိမ်၊ ရာတိမ်နတ်၊ ရာဆင်တိမ်၊ ရာတိမ်မိုး၊ ရာတိမ်၊ ဆင်ရာထင်" စသည်ဖြင့်လည်း ကာရံအပြောင်းအလဲ မူကွဲများဖြင့် ရေးခဲ့ကြသည်လည်းရှိသည်။
 
           ရာသီဘာ၀နှင့်ပတ်သက်၍ ရှေးစာဆိုကြီးများကလည်း ဤသို့ မှတ်တမ်းပြု စပ်ဆိုခဲ့ကြသည်။
စာဆိုတော် နဝဒေး၏ ‘ဖြူးလေပြည်ဖျန်းစလေ’ချီ နတ်တော်လဘွဲ့လူးတားတွင်
"ဟေမန်ဆောင်းရက်၊ ဓနုလဂ်နှင့် ပြိုးပြက်လျှံထိန်၊ ဆင်ရာတိမ်လည်း၊ သွန်းချိန်ကာလ၊ သစ်ခွပန်းတင်၊ သဇင်ပန်းပေါ်၊ နတ်တော်ရာသီ၊ မိဂသီနက္ခတ်၊ ဝေဒတ္တရ၊ ကျမ်းမှအလာ၊ မဟာပိန္နဲ၊ ဆင်ပွဲသဘင်" ဟု စပ်ဆိုထားသည်။
 
           စာဆိုအမတ်ကြီး လက်ဝဲသုန္ဒရ၏ မိုးဘွဲ့ပိုဒ်စုံရတုတစ်ပုဒ်၏ ပထမပိုဒ်တွင်
"နတ်ပန်းဝြေမိုင်၊ သဇင်လှိုင်က၊ ဖြိုင်ဖြိုင်မကြဲ၊ စွတ်ရုံဖွဲ၏၊ သွန်းမြဲဟန်မှာ ဆင်ရာတိမ်မိုး၊ ခေါ်ကြရိုးတည့်၊ မကြိုးမထစ်၊ မဟစ်မ၀င့်၊ မရင့်မမြည်၊ ဆော်စည်မရွမ်း၊ ရာစတမ်းကို၊ ဆင်လှမ်းရာတိမ်၊ ခုတစ်ကြိမ်မူ၊ တောင်လိမ်မြောက်ကွေ့၊ မိုးသားရွေ့လျက်" ဟု ရာသီသရုပ်ကို ဖော်ကျူးထားသည်။ 
 
           ဦးယာ၏ နတ်တော်လဘွဲ့လူးတားတွင်လည်း
"စက်နေသင်္ချာ၊ ရာသီဓနု၊ တွက်စုငါးသောင်း၊ သိန်းပေါင်းနှစ်လီ၊ ရာသီသည်တွင်၊ ဆင်ရာတိမ်ခိုး၊ ရွာရိုးမက၊ ချမ်းစလေ" ဟု အစချီထားပြီး " သဇင့်တည့်ဂမုန်း ချိန်ပွင့်တုန်း၊ မိုးချုန်းဆင်ရာတိမ်၊ ကြိမ်ကြိမ်တည့်အုံ့မှိုင်း၊ ရှစ်ရပ်ဆိုင်း၊ ပင်တိုင်းလမ်းစီစီ၊ တိမ်နီတည့်တိမ်ပန်း တိမ်ခရမ်း" ဟု အဆုံးသတ်ဖွဲ့ဆိုထားသည်။
 
           ၀က်မစွတ်၀န်ထောက်မင်း၏ နတ်တော်လဘွဲ့ ရှစ်ဆယ်ပေါ်တေးထပ်တွင်
"ထက်ခွင်ယှက် ဆင်သက် တင်သားမှာ၊ ငှက်ခါးတောင်လဲ့ မင်ပြာမှိန်၊ ကွက်ကျားမှောင်တွဲ့ ယှဉ်ကာလိမ်သည်၊ မိုးဆင်ရာတိမ် ကြိမ်သဖြင့်" ဟု စပ်ဆိုထားသည်။
 
           လူဦးမင်း၏ မြိုင်ခပင်းငယ်မ ချီနတ်တော်လဘွဲ့လေးချိုးတွင်
"ချစ်သံကြင်နာ၊ ရွှေဟင်္သာလည်း၊ မာဂဓာလှယ်၊ သွယ်ဥပါယ်နှင့်၊ ပရိယာယ်ဥာဏ်၊ လူနှယ်သာဖန်တုန်းမှ၊ စံသွေညွန့်ဂီရိန်မှာ၊ ရာဆင်တိမ်ညို စကောင်းပါဘု၊ ဆောင်းဦးဟေမ" ဟု ဖွဲ့ဆိုထားသည်။
 
စာဆိုတော်နေ့
___________
           “စာဆိုတော်” ဟူသည်ကို ပါဠိ၊ အဘိဓာန်ကျမ်းများ၌ ''ထုထိပါဌက''ဟူ၍လည်းကောင်း၊ ''ဝန္ဒီ'' ဟူ၍ လည်းကောင်း ပြဆိုသည်။ ချီးကျူးရွတ်ဆို သူဟူသောအဓိပ္ပာယ်ရသည်။ ထို့ကြောင့် ဘုန်းတော်ဘွဲ့များ ချီးကျူး ရွတ်ဆိုသူကို “စာဆိုတော်ဟု” ခေါ်သည်။
 
          နတ်တော်လသည် နတ်ကိုးကွယ်ပသသည့်လမှ စာဆိုတော်များကို အားပေးချီးမြှောက်သည့်လ ဖြစ်လာ သည့်အလျောက် ရှေးမြန်မာမင်းများက စာဆိုတော်ကြီးများကို နတ်တော်လတွင်ဆုများကိုဂုဏ်ပြုအပ်နှင်းခဲ့ကြ သည်။ ထို့ကြောင့် မြန်မာနိုင်ငံလွတ်လပ်ရေးမရမီအချိန်က စာဆိုပညာရှင်များအတွက် နေ့ကြီးတစ်နေ့ရှိသင့် သည်ကို စာရေးဆရာကြီးများက အဆိုပြုခဲ့ကြဖူးသည်။ သို့ဖြစ်၍ စာဆိုတော်များအတွက် အထိမ်းအမှတ် ဂုဏ်ပြုနေ့ကျင်းပရန် အကောင်အထည်ဖော်ကြပြီး နှစ်စဉ် နတ်တော်လဆန်း(၁)ရက်နေ့ကို စာဆိုတော်နေ့ဟု သတ်မှတ်ရန် မြန်မာ့စာရေးဆရာကြီးများ တညီတညွတ်တည်း ထောက်ခံဆုံးဖြတ်ခဲ့ကြရာမှ စာဆိုတော်နေ့ စတင်ပေါ်ပေါက်လာသည်။ 
 
           စာဆိုတော်နေ့ကျင်းရေးအတွက် (၁၃၀၆)ခုနှစ်၊ ကဆုန်လပြည့်ကျော်(၂)ရက်၊ တနင်္လာနေ့၊ ညနေ(၃) နာရီက ပညာရေး၀န်ကြီးဦးလှမင်း၏ အစည်းအဝေးခန်းမ၌ စုဝေးဆုံးဖြတ်ခဲ့ကြသည်။ အစည်းအဝေး တက်ရောက်သူများမှာ ၀န်ကြီးဦးလှမင်း၊ ဦးဖေမောင်တင်၊ ဦးကောင်း၊ ဇော်ဂျီ (ဦးသိန်းဟန်)၊ သူကြီးဂေဇက် ဦးခင်မောင်၊ စာရေးဆရာအသင်း ဥက္ကဋ္ဌဦးသိမ်းမောင်၊ ဂျာနယ်ကျော်ဦးချစ်မောင်၊ စာရေးဆရာအသင်း အမှုဆောင် ဦးဟိန် စသူတို့ဖြစ်သည်။ ထို့နောက် (၁၃၀၆)ခု၊ နတ်တော်လဆန်း(၁)ရက်၌ ပထမဆုံး စာဆိုတော်နေ့ကို စတင်ကျင်းပခဲ့ကြသည်။
 
           တိုင်းပြည်လွတ်လပ်ရေးမရမီကတည်းကပင် စာဆိုတော်နေ့ဖြစ်လာပုံနှင့် ကျင်းပပုံကိုစာဆို တော်နေ့ ဖြစ်မြောက်ရေးကြိုးပမ်းသူတစ်ဦးဖြစ်သော စာရေးဆရာအသင်းအမှုဆောင် ဦးဟိန်က (၁၃၀၉)ခုနှစ်၊ နတ်တော်လဆန်း(၁)ရက်တွင် အသံလွှင့် ဟောပြောခဲ့သည်။ ထိုဟောပြောသည့်ရက်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေးကြေညာရန် (၅၁)ရက်အလိုက ဖြစ်သည်။ စာဆိုတော်နေ့ကို နတ်တော်လဆန်း (၁) ရက်နေ့သတ် မှတ်ရန် ဂျာနယ်ကျော်ဦးချစ်မောင်က အကြံပေးခဲ့ပြီး (နောင်သံတော်ဆင့်သတင်းစာ တည်ထောင်မည့်) ဦးသိမ်းမောင် က ထောက်ခံခဲ့သည်။
 
          ပထမဆုံးစာဆိုတော်နေ့တွင် ဦးပုည၏ ဝိဇယပြဇာတ်ကို စာရေးဆရာများကိုယ်တိုင် အသုံးတော်ခံခဲ့ကြပြီး ညနေပိုင်း၌ နိုင်ငံတော်အသံလွှင့်ဌာနက စာဆိုတော်နေ့အကြောင်း အသံလွှင့်ခဲ့သည်။ နိုင်ငံတော်မှ စာဆိုတော်နေ့ဖြစ်မြောက်ရေးအတွက် ဂျပန်ငွေ(၁၅၀၀၀)ကျပ် ထုတ်ပေးခဲ့သည်။ ပြဇာတ်မကြည့်လိုက်ရသူများ ဆူပူတောင်းဆိုခြင်း၊ အသင်းရံပုံငွေလိုခြင်းကြောင့် စာရေးဆရာအသင်းက ဝိဇယပြဇာတ်ကို ကန်တော်ကြီးစောင်းရှိ မြိုင်ရုံတွင်ကပြရာ နိုင်ငံတော်၀န်ကြီးချုပ်သခင်နုနှင့် အခြား၀န်ကြီးများ တက်ရောက် အားပေးခဲ့ကြသည်။ ဝိဇယမင်းသားအဖြစ် စာရေးဆရာ ဒါရိုက်တာ ဦးသုခ၊ မယ်ကု၀ဏ်အဖြစ် မထွေးတို့သရုပ်ဆောင်ကပြပြီး ပရိသတ်များ မျက်ရည်လည်ခဲ့ကြသည်။ ဖက်ဆက်ဂျပန်ဘီဘူးများကို ဝိဇယပြဇာတ်ဖြင့် ရည်ညွှန်းကပြသဖြင့် ဂျပန်တို့ဒေါပွခဲ့ရသည်။
 
           ဒုတိယစာဆိုတော်နေ့ကြီးကို စာရေးဆရာအသင်းကပင် ကြီးမှူးကျင်းပခဲ့သည်။ အင်္ဂလိပ်နယ်ချဲ့ တစ်ကျော့ပြန်၀င်ချိန်ဖြစ်သည်။ စာရေးဆရာ ဇ၀နက ဦးပေါ်ဦးလုပ်၍ ဦးပေါ်ဦးပြဇာတ်ကပြခဲ့သည်။ စာရေးဆရာအသင်းအမှုဆောင် ဦးဟိန်က အခန်းတစ်ခုတွင် အချုပ်တန်းဆရာဖေအဖြစ် သရုပ်ဆောင်ခဲ့သည်။
တတိယစာဆိုတော်နေ့တွင် ဝိဇယပြဇာတ်ကို အများဆန္ဒအရပြန်လည်ကပြပြီး မင်းသားအဖြစ် ဦးသုခ၊ မယ်ကု၀ဏ်အဖြစ် မေသန်းက သရုပ်ဆောင်ခဲ့သည်။ ထိုနေ့တွင် ဒီးဒုတ်ဦးဘချိုမိန့်ခွန်းပြောကြားပြီးနောက် များမကြာမီ အာဇာနည်နေ့လုပ်ကြံခံရမှုတွင် အနိစ္စရောက်ခဲ့ရှာသည်။
 
           စတုတ္ထစာဆိုတော်နေ့ကို ကန်တော်ကြီးစောင်းရှိ မြိုင်ရုံတွင် နေ့လည်(၁)နာရီခွဲမှစတင်ဖျော်ဖြေသည်။ ၀န်ကြီးချုပ်ဦးနုက ငွေ(၅၀၀၀)ပါ၀င်ကူညီသည်။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား ပရိသတ်အလယ် စင်မြင့်ထက်တွင် ဗန်ကောက်ပုဆိုး၊ ပိုးပုဝါတို့နှင့် ရှိခိုးကန်တော့ခဲ့ကြသည်။
 
           ဖျော်ဖြေရေးကို သုံးပိုင်းခွဲတင်ဆက်သည်။ ပထမအစီအစဉ်မှာ မြ၀တီမင်းကြီးဦးစ ထူးမခြားနားသီချင်းခံကို ရေးဖြစ်ပုံတင်ဆက်သည်။ ဒဂုံပဦးဘတင်က မြ၀တီမင်းကြီးဦးစ၊ ဒဂုံလွန်းက ငမှုန်အဖြစ်ကပြသည်။ ဒုတိယအစီအစဉ်မှာ အနန္တသူရိယအမတ်ကြီး မျက်ဖြေလင်္ကာရေးရပုံဖြစ်သည်။ စာရေးဆရာအသင်းအမှုဆောင် ဦးဟိန်က အနန္တသူရိယအမတ်ကြီးအဖြစ်၊ မဟာဆွေ၊ ဒဂုံရွှေမြား၊ စံလှထွန်း၊ တောသား စသော စာရေးဆရာကြီး များက ၀န်ကြီးများအဖြစ်၊ ရွှေပိန်သောင်းက နရပတိစည်သူမင်းကြီးအဖြစ်၊ ခင်မျိုးချစ်က ဝေဠု၀တီမိဖုရားအဖြစ်၊ သဇင်မြင့်ကမြို့၀န်အဖြစ် ပါ၀င်သည်။ တတိယအစီအစဉ်မှာ မဖော့အူ၏နှစ်လင်ပေါ်အမှုအခင်းကို ခုံမင်းမောင်ကျဘန်းက ဆန်းဆန်းကျယ်ကျယ် ဆုံးဖြတ်ပုံဟာသဇာတ်လမ်းဖြစ်သည်။ ဇ၀နက ခုံတော်မောင်ကျဘန်း၊ ဦးသုခနှင့် ဒဂုံဆရာတင်က ရှေ့နေ၊ ရှေ့ရပ်များ၊ ရွှေညာမောင်က ဗိုလ်ရန်နိုင်၊ ရန်နိုင်စိန် က မောင်ပိုးဖြူ၊ မေသန်းက မဖေါ့အူအဖြစ် အသုံးတော်ခံခဲ့ကြသည်။
 
စာဆိုတော်နေ့နှင့် အမျိုးသားစာပေဆု
_____________________________
          မြန်မာနိုင်ငံ၏စာပေဆုများကို (၁၉၄၈)ခုနှစ် လွတ်လပ်ရေးရပြီးချိန်ကစ၍အပ်နှင်းလာခဲ့သည်။ အမျိုးသားစာပေဆုပေးပွဲကျင်းပ၍ စာပေပညာရှင်များကို နတ်တော်လဆန်း(၁)ရက် စာဆိုတော်နေ့တိုင်း နှစ်စဉ် ချီးမြှင့်ခဲ့သည်။ (၂၀၀၁)ခုနှစ်မှ စတင်၍ အမျိုးသားစာပေတစ်သက်တာဆုပါ အပ်နှင်းချီးမြှင့်ရာ အမျိုးသားစာပေ တစ်သက်တာဆု၊ အမျိုးသားစာပေဆုနှင့် စာပေဗိမာန်စာမူဆု ချီးမြှင့်ပွဲအခမ်းအနားကို တစ်ပေါင်းတည်း ခမ်းနားစွာကျင်းပလျက်ရှိသည်။ (၂၀၁၃)ခုနှစ်မှစတင်၍ အမျိုးသားစာပေ တစ်သက်တာဆုကို စာပေပညာရှင် တစ်ဦးအစား သုံးဦးအထိ တိုးမြှင့်အပ်နှင်းခဲ့သည်။ အမျိုးသားစာပေဆုတွင် ဘာသာရပ်(၁၆)မျိုးနှင့် စာပေဗိမာန် စာမူဆုတွင် ဘာသာရပ် (၁၃)မျိုးကို အပ်နှင်းချီးမြှင့်သည်။ 
 
           မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်းအဖွဲ့က စာဆိုတော်နေ့၌ အသက်(၈ဝ)အထက် စာရေးဆရာကြီးများ အား ကန်တော့ကြသည်။ မြန်မာနိုင်ငံစာရေးဆရာအသင်းကို (၁၉၃၇)ခုနှစ်က ရန်ကုန်အရှေ့ပိုင်း မက်သဒစ် ကျောင်းသင်တန်းတစ်ခုတွင် စတင်ဖွဲ့စည်းခဲ့သည်။ ဥက္ကဋ္ဌမှာ ဒီးဒုတ်ဦးဘချို ဖြစ်ပြီး ဒဂုန်နတ်ရှင်၊ သူရိယဦးသိန်းမောင်၊ မဟာဆွေ၊ သင်္ခါ၊ သိပ္ပံကျော်ထင် စသည့် စာရေးဆရာကြီးများ ပါ၀င်ပြီး စာရေးဆရာပေါင်း အယောက်လေးဆယ်ခန့် တက်ရောက်ခဲ့သည်ဟုသိရသည်။
 
အမျိုးသားစာပေဆုနှင်းသဘင်အခမ်းအနား
_________________________________
           မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီသည် နှစ်စဉ်အကြိမ်ကြိမ်ကျော့နေဦးမည်ဖြစ်သည်။ ထို့အတူ န၀မမြောက် လရောက်လျှင် နတ်တော်လသည်လည်း ပြန်လည်ကျရောက်မည်ဖြစ်သည်။ နှစ်များ မည်သို့ပင်ပြောင်းလဲစေ ကာမူ နတ်တော်လ၏ စစ်မှန်သော ထေရဝါဒဗုဒ္ဓဘာသာကို ထိန်းသိမ်းပြီး စာပေကဏ္ဍကို ပိုမိုတိုးမြှင့်သွားရန် မြန်မာနိုင်ငံသားတိုင်း တာ၀န်ရှိလှသည်။
 
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇၊ ဒီဇင်ဘာ

 

Comments