ခရစ္စမတ်ပွဲတော်ကြီး၏ စိတ်ဝင်စားဖွယ်ပုံရိပ်လွှာများ

 

စင်္ကာပူနိုင်ငံ၊ Orchard လမ်းမှ ခရစ္စမတ်တုတ်ကောက်ချိုချဉ်များနှင့် အမှတ်တရ


          ခရစ္စမတ်ဆိုတာ ခရစ်ယာန်ဘာသာဝင်တို့ရဲ့ ဘာသာရေးပွဲတော်ဆိုပေမယ့် မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးရဲ့ ပိတ်ရက်ဖြစ်ပြီး မြန်မာလူမျိုးမှာလည်း ခရစ်ယာန်ဘာသာဝင်တွေရှိတာမို့ မြန်မာနဲ့မစိမ်းတဲ့ ပွဲတော်ကြီးတစ်ခုဆိုရင် မမှားပါဘူး။ ပြီးတော့ ခရစ္စမတ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကလည်း စိတ်ဝင်စားဖွယ် ဇာတ်ကြောင်းလေးတွေရှိတာမို့ ဗဟုသုတအဖြစ် မှတ်သားစရာကောင်းလှပါတယ်။ 

 

 ခရစ္စမတ်သမိုင်း 

          Christmas ဝေါဟာရရဲ့အရှည်က Christ's Mass ဖြစ်ပြီး မြန်မာလို ယေရှုခရစ်ရဲ့မွေးနေ့လို့ အဓိပ္ပာယ်ရပါတယ်။ ခရစ်ယာန်အများစုလက်ခံထားတဲ့ ယေရှုမွေးနေ့ ဒီဇင်ဘာ(၂၅)ရက်မှာ ခရစ္စမတ်ပွဲတော် ကျင်းပကြတာပါ။ ကမ္ဘာ့နိုင်ငံပေါင်း (၁၆၀)လောက် ကျင်းပကြပြီး ကျင်းပပုံအနည်းငယ်ကွာခြားမှုရှိပါတယ်။ 

          အမေရိကန်ပြည်ထောင်စုမှာတော့ ခရစ်ယာန်ဘာသာဝင်မဟုတ်သူတွေလည်း ခရစ္စမတ်ပွဲကို ဆင်နွှဲကြတယ်လို့သိရပါတယ်။ ဥရုဂွေး နဲ့ အင်ဂိုလာ နိုင်ငံတို့မှာတော့ ခရစ္စမတ်နေ့ကို မိသားစုနေ့ (Family Day) လို့ခေါ်ကြပါတယ်။ ဂျော်ဒန် နဲ့ ပါကစ္စတန် နိုင်ငံတို့မှာတော့ ခရစ္စမတ်ပိတ်ရက်ကထူးခြားပါတယ်။ ဘာလို့လဲဆိုတော့ ခရစ္စယာန်ဘာသာဝင်တွေအတွက်ပဲ ခရစ္စမတ်နေ့ကို ပိတ်ပေးလို့ပါ။ 

          ခရစ္စမတ်ပွဲတော်ဟာ နိုင်ငံအလိုက်ကျင်းပပုံကွဲပြားပေမယ့် အနည်းနဲ့အများ ကွဲပြားမှုတွေရှိပါတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ခရစ်ယာန်ဘာသာကို အဓိကမကိုးကွယ်တဲ့အတွက် ခရစ္စမတ်ပွဲတော်ကို သပ်သပ် မကျင်းပကြပါဘူး။ မြန်မာနိုင်ငံမှာတော့ ခရစ်ယာန်ဘာသာဝင်တွေနဲ့အတူ ချစ်ကြည်စည်းလုံးစွာ ကျင်းပလေ့ ရှိကြပါတယ်။ 

 

သမင်များကသောစွပ်ဖားဖြင့် လက်ဆောင်လိုက်ပေးနေသော ခရစ္စမတ်ဘိုးတော်


ခရစ္စမတ်ဘိုးတော် (Santa Claus) 

          ခရစ္စမတ်ဘိုးတော်၊ ခရစ္စမတ်ဘိုးဘိုး အမျိုးမျိုးခေါ်ကြတဲ့ အနီရောင်ဝတ်ရုံကြီးနဲ့ ခပ်ထွားထွား အဘိုးအိုဟာ အားလုံးသိကြတဲ့ ဒဏ္ဍာရီလာ စန်တာကလော့ပါပဲ။ ခရစ္စမတ်အကြိုနေ့ဖြစ်တဲ့ ဒီဇင်ဘာ(၂၄)နဲ့ ခရစ္စမတ်နေ့ ဒီဇင်ဘာ(၂၅)မနက်အစောမှာ သမင်တွေကတဲ့ စွပ်ဖားလှည်းကြီးကိုစီးပြီး စိတ်ကောင်းရှိတဲ့ ကလေးတွေကို လက်ဆောင်လိုက်ပေးလေ့ရှိပါသတဲ့။ နောက်ပိုင်းမှာ ခေတ်ပေါ် ခရစ္စမတ်ဘိုးတော် များအဖြစ် ဘိလပ်ပြည်ဘက်က သူတော်စင် နစ်ကိုးလတ်စ်၊ မာယာပြည်က ဘုန်းတော်ကြီး ဘစ်ရှော့ တို့က ဆောင်ရွက်ခဲ့ကြပါတယ်။  

 

ခရစ္စမတ်မိစ္ဆာ နှင့် အပြစ်ပေးခံရသည့်ကလေးများ


ခရစ္စမတ်မိစ္ဆာ (Krampus) 

          ဆိတ်ခန္ဓာကိုယ်တစ်ပိုင်းရှိတဲ့ ဒဏ္ဍာရီလာ ခရစ္စမတ်မိစ္ဆာကို ခရန်းမ်ပတ်စ် လို့ခေါ်ပါတယ်။ သူက ခရစ္စမတ်ဘိုးတော်တစ်ဦးဖြစ်တဲ့ သူတော်စင် နစ်ကိုလတ်စ်အပေါ် မရိုသေတဲ့ကလေးတွေကို အပြစ်ပေးတဲ့ မိစ္ဆာကြီးဖြစ်ပါတယ်။ သူ့အကြောင်း ရိုက်ထားတဲ့ (၂၀၁၅)ခုနှစ်က Krampus ရုပ်ရှင်ဟာ နာမည်ကြီးပါတယ်။ 

          ခရစ္စမတ်ရာသီချိန်ဆိုရင် ကလေးတွေဟာ ခရစ္စမတ်ဘိုးတော်ဆီကို နှုတ်ဆက်စာပို့ပြီး လိုရာ လက်ဆောင်တောင်းကြတဲ့အစဉ်အလာရှိပါတယ်။ အဲဒီရုပ်ရှင်ထဲမှာဆိုရင် ကောင်လေးတစ်ယောက်ဟာ ခရစ္စမတ်ဘိုးတော်ထံပေးဖို့ စာကိုရေးပြီးခါမှ ဆုတ်ဖြဲလွှင့်ပစ်လိုက်ပါတယ်။ စာရွက်အပိုင်းအစတွေက နှင်းကျနေတဲ့ ကောင်းကင်ယံပေါ်တက်သွားပြီး ခရစ္စမတ်မိစ္ဆာထံရောက်သွားရာကနေ လာရောက်ပြစ်ဒဏ် ခတ်ခံခဲ့ရတာပါ။ အပြင်လောကမှာလည်း ကလေးတွေဟာ ခရစ္စမတ်ချိန်ရောက်ရင် ရှေးဒဏ္ဍာရီလာ ခရစ္စမတ်မိစ္ဆာကို ကြောက်တတ်ကြပါသတဲ့။  

 

ခရစ္စမတ်ပန်းပင်


ခရစ္စမတ်ပန်းပင် (Poinsettia) 

          အဲဒီအပင်ဟာ ခရစ္စမတ်ပန်းပင်ဖြစ်လာရခြင်းကလည်း ဇာတ်လမ်းလေးရှိခဲ့ပါတယ်။ တစ်ခါက မက္ကစီကန်ပြည်က ကလေးမလေး Pepita ဟာ ယေရှုခရစ်တော်မွေးဖွားခြင်းပွဲအတွက် လက်ဆောင်မပေးနိုင် ခဲ့လို့ ဝမ်းနည်းပက်လက်နဲ့ သူ့ဝမ်းကွဲအစ်ကိုအလုပ်လုပ်နေတဲ့ဆီကို လျှောက်လာခဲ့ပါသတဲ့။ Pepita ရဲ့ ဝမ်းကွဲအစ်ကိုက "ညီမလေးမှာ ယေရှုကိုပေးဖို့ လက်ဆောင်အသေးဆုံးလေးတစ်ခုတော့ ရှိနေမှာပါ။ ညီမလေးပေးလိုက်ရင် ယေရှုလည်းပျော်ရွှင်မှာပါ" လို့ပြောလိုက်သတဲ့။ 

          ဒါပေမယ့်လည်း ကြံရာမရတဲ့အဆုံး လမ်းဘေးခြုံထဲကပန်းကို လက်အပြည့်ခူး၊ လက်ကိုင်ပန်းလုပ်ပြီး ခရစ္စမတ်စားပွဲတော်သွားပါလေရော။ အဲဒီပန်းစည်းလေး ယူသွားချိန်မှာ စိတ်ညစ်တာပျောက်ပြီး ပျော်ရွှင် ကြည်နူးသွားပါတယ်။ ပွဲတော်မှာ ဒူးထောက်ပြီး ပန်းစည်းလေးထားချိန်မှာတော့ Pepita ရဲ့ ပန်းစည်းလေးဟာ အနီရောင်တောက်တောက်ကို ချက်ခြင်းပြောင်းသွားလို့ မြင်သမျှလူထုက အံ့သြမင်သက် အုတ်အုတ်ကျက်ကျက်ဖြစ်သွားခဲ့ပါသတဲ့။ 

          အဲဒီအချိန်ကစလို့ အဲဒီအနီတောက်တောက်ပန်းကို စပိန်ဘာသာစကားနဲ့ Flores de Noche Buena လို့ခေါ်တွင်ပါတော့တယ်။ အဓိပ္ပာယ်ကတော့ မြင့်မြတ်သောည၏ပန်း (Flowers Of The Holy Night) ဖြစ်ပါတယ်။ (၁၈၂၅)ခုနှစ် လွန်ခဲ့တဲ့နှစ်ပေါင်း (၁၉၀)လောက်က ပထမဆုံးသော အမေရိကန်နိုင်ငံဆိုင်ရာ မက္ကစီကိုသံအမတ်ကြီး Joel Roberts Poinsett က အမေရိကန်၊ ကာရိုလိုင်းနားတောင်ပိုင်းကို သွားစဉ် အဲဒီ အပင်တွေ့လို့ သယ်ယူစိုက်ပျိုးတာကိုအစွဲပြုပြီး အပင်နာမည်ကို အင်္ဂလိပ်လို Poinsettia လို့ ခေါ်ဆိုပါတယ်။  

 

အလှဆင်ထားသော ခရစ္စမတ်သစ်ပင်


ခရစ္စမတ်သစ်ပင် (Christmas Tree) 

          ခရစ္စမတ်ဆိုရင် ခရစ္စမတ်သစ်ပင်အဖြစ် ထင်းရှုးပင်ကိုအလှဆင်ကြတာ ရိုးရာပါ။ ဒီထင်းရှုးကိုတော့ အမြဲတမ်းစိမ်းလန်းနေတာကိုအစွဲပြုပြီး အင်္ဂလိပ်ဘာသာနဲ့ Evergreen လို့ခေါ်ပါတယ်။ ရှေးယခင်ကတော့ ဝိဉာဉ်ဆိုးတွေကို မောင်းထုတ်ဖို့အတွက် အလှဆင်ကြရာက ရာစုနှစ်တွေကြာလာတာနဲ့အမျှ ခုတ်လဲှယူပြီး အိမ်တွေမှာ အလှဆင်လာကြတာပါ။ ထင်းရှုးပင်ကိုခုတ်ပေမယ့် ပြန်ပြီးအတက်ထွက်လာခြင်းက ယေရှုရဲ့ ရှင်ပြန်ထမြောက်ခြင်းကို ကိုယ်စားပြုတဲ့နိမိတ်လို့လည်း ဆိုကြပါတယ်။  

 

နှင်းတောထဲမှ ဟိုလီသီး


ဟိုလီသီး (Holly) 

          ဟိုလီသီးဆိုတာ သစ်ကိုင်းမှာ အနီရောင်ပုတီးစေ့တွေလို ဘယ်ရီသီးလေးတွေသီးနေတဲ့ အပင်ပါ။ ပန်းဖြူလေးတွေပွင့်ပြီး အရွက်က အစိမ်းရောင်အချွန်တွန့်ပုံစံပါ။ ဆောင်းတွင်းပိုင်း ခရစ္စမတ်ပွဲတော်ချိန် အသီးသီးတဲ့အခါ အရွက်စိမ်းနဲ့ အနီသီးရောယှက်ပြီး ပန်းအလှဆင်ကြပါတယ်။ ဟိုလီဘယ်ရီသီးဟာ မသေဆုံးခြင်းနဲ့ ဘုရားသခင်က လူသားအဖြစ်ဖန်ဆင်းခြင်းကိုကိုယ်စားပြုပြီး ဘုရားသခင်ရဲ့ အသွေးအသားအထိမ်းအမှတ်ဖြစ်တယ်လို့ ခရစ်ယာန်ဘာသာမှာ မှတ်ယူကြပါတယ်။  

 

ငွေမျှင်အတွဲအဆိုင်းနှင့် ထင်းရှုးခက်


ငွေမျှင်အတွဲအဆိုင်း (Tinsel) 

          ပွဲလမ်းသဘင်တွေမှာအလှဆင်ချိတ်တဲ့ ငွေရောင်ပန်းဆိုင်းတွေဟာ ခရစ္စမတ်ဒဏ္ဍာရီထဲက ငွေသား အတွဲအဆိုင်းကို ရည်ညွှန်းပြုလုပ်ထားတာဖြစ်ပါတယ်။ သူ့မှာလည်း စိတ်ဝင်စားစရာဇာတ်ကြောင်းရှိပါတယ်။ တစ်ခါက ခရစ်တော်ကိုယုံကြည်တဲ့မိသားစုရှိပါတယ်။ အလွန်ဆင်းရဲကြရှာတဲ့အတွက် ယေရှု ခရစ်မွေးဖွားခြင်းခရစ္စမတ်နေ့အတွက် သစ်ပင်ကိုအလှဆင်ဖို့ ငွေကြေးမတတ်နိုင်ခဲ့ကြပါဘူး။ ဒါ့ကြောင့် ဝမ်းနည်းစွာ ညအိပ်ရာဝင်ခဲ့ကြပါတယ်။ ညအချိန်မှာ ပင့်ကူတွေရောက်လာပြင့်ကူမျှင်တွေ ရစ်ပတ်ကြပါသတဲ့။ မနက်မိုးလင်းတဲ့ ခရစ္စမတ်နေ့မှာ ပင့်ကူမျှင်တွေကနေ တောက်ပတဲ့ ငွေသားမျှင်တွေ အဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။ ဒါကိုအစွဲပြုပြီး ခရစ္စမတ်သစ်ပင်မှာ ငွေမျှင်အတွဲအဆိုင်းလေးတွေနဲ့ ယနေ့ ထက်တိုင် အလှဆင်ကြခြင်းပဲဖြစ်ပါတယ်။ 

 

အလှဆင်ခေါင်းလောင်းတစ်စုံ


ခေါင်းလောင်း (Bell) 

          ခရစ္စမတ်အလှဆင်ပစ္စည်းလေးတွေမှာ ရွှေခေါင်းလောင်းလေးတွေလည်း ပါဝင်ပါတယ်။ အဲဒါလည်း အကြောင်းရင်းရှိပါတယ်။ ခရစ်ယာန်အများစုက ယေရှုဟာ ညသန်းခေါင်ယံအချိန်မှာမွေးဖွားတယ်လို့ မှတ်ယူ ထားကြတာမို့ အနောက်နိုင်ငံတွေမှာ သန်းခေါင်ယံမတိုင်မီ ခေါင်းလောင်းလေးကြိမ်တီးပြီး ယေရှုမွေးခြင်းကို အသိပေးတဲ့ဓလေ့ရှိပါတယ်။ ဒါ့ကြောင့် ခေါင်းလောင်းလေးတွေကို ခရစ္စမတ်အလှဆင်ကြတာဖြစ်ပါတယ်။ 

 

စင်္ကာပူနိုင်ငံ၊ Orchard လမ်းမှ ခရစ္စမတ်တုတ်ကောက်ချိုချဉ်များနှင့် အမှတ်တရ


တုတ်ကောက်ချိုချဉ် (Candy Cane)

          ခရစ္စမတ်မှာ မပါမပြီးတဲ့အထဲမှာ တုတ်ကောက်ချိုချဉ်လည်း ပါဝင်ပါတယ်။ သူ့ကို Candy Cane လို့လည်းခေါ်သလို ပူစီနံရွက်တစ်မျိုးနဲ့လုပ်လို့ Peppermint Candy ၊ သူတော်စင် နီကိုလတ်စ်ရဲ့ လမ်းညွှန်မှု နဲ့လုပ်လို့ Sants's Cane စသဖြင့် ခေါ်ကြပါတယ်။ တုတ်ကောက်ချိုချဉ်ဟာ ခရစ္စမတ်အတွက် အရေးပါတဲ့ အရာဖြစ်ပြီး ဘုရားသခင်ရဲ့ သွေးနဲ့ သန့်ရှင်းသောဝိဉာဉ်တော်ကို ကိုယ်စားပြုတဲ့ အနီရောင်နဲ့ အဖြူရောင်ကို အသုံးများပါတယ်။ တစ်ခါတစ်လေမှာ အစိမ်းရောင်နဲ့ တစ်ခြားအရောင်စုံလည်း ပါဝင်တတ်ပါတယ်။ 

 

ခရစ္စမတ်ဖယောင်းတိုင်


ဖယောင်းတိုင် (Christmas Candle and Light) 

          ခရစ္စမတ်တနင်္ဂနွေလေးပတ်ကာလအတွင်း ပထမပတ်မှာ အာပတ်ဖြေခြင်းတွက် ခရမ်းရောင် ဖယောင်းတိုင်၊ နောက်တနင်္ဂနွေမှာ ပျော်ရွှင်ခြင်းအတွက် ပန်းရောင်ဖယောင်းတိုင်၊ ခရစ္စမတ်နေ့မှာ သန့်ရှင်းသောဝိဉာဉ်တော်အတွက် အဖြူရောင်ဖယောင်းတိုင်ကို ထွန်းညှိခဲ့ကြပါတယ်။ ဒီနေ့ခေတ်မှာ ဖယောင်းတိုင်တွေအပြင် ရောင်စုံလျှပ်စစ်မီးတွေပါထွန်းညှိလာခဲ့ကြပါတယ်။ ဖယောင်းတိုင်ထွန်းညှိခြင်းဟာ ခရစ်ယာန်အယူအရ ခရစ်တော်ဟာ ကမ္ဘာရဲ့အလင်းရောင်ကိုယ်စားပြုခြင်းကြောင့်လို့ သိရပါတယ်။ 

 

          ကျွန်တော်တို့နေထိုင်ရာ ကမ္ဘာကြီးပေါ်မှာ လူမျိုး၊ ဘာသာတွေ မတူကွဲပြားနေကြပေမယ့် ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ စည်းလုံးမှုတွေနဲ့ ပွဲလမ်းသဘင်တွေကျင်းပနေတာကတော့ မင်္ဂလာရှိလှပါတယ်။ ကောင်းမွန်တဲ့ နိမိတ်နဲ့ကျင်းပတဲ့ ခရစ္စမတ်ပွဲတော်ရာသီမှာ ကမ္ဘာသူ ကမ္ဘာသားအားလုံး မြူနှင်းလိုဖြူစင်အေးမြကြပါစေဗျာ။

 

 

 ကောလိယ ဝေယံမောင်မောင် 

The CHIC မဂ္ဂဇင်း 

၂၀၁၆ ၊ ဒီဇင်ဘာလ

Comments