၇၊ ‘ဝင်း’ ကို ‘ဝန်း’ ဟုရေးလျှင်မှားသည်

    အခုနောက်ပိုင်း သတင်း၊ ကြော်ငြာ၊ ကြေညာချက်နဲ့ စာပေတို့မှာ အများဆုံးတွေ့ရတဲ့ အမှားတစ်ခုပါ။ ‘ခြံဝန်း၊ အိမ်ဝန်း၊ ကားကြီးဝန်း၊ စက်ရုံဝန်း၊ ဆေးရုံဝန်း’ စသဖြင့် မှားရေးကြပါတယ်။ အရေးတင်မဟုတ်ဘဲ အပြောမှာပါ ‘ဝန်း’ ဆိုပြီး လိုက်မှားနေကြပါတယ်။ 

    ‘ဝန်း’ ရဲ့ အဓိပ္ပာယ်က ‘ဝိုင်း’ တဲ့သဘောပါ။ ‘လပြည့်ဝန်း၊ ဝန်းရံ၊ အဝန်းအဝိုင်း’ စတဲ့စကားလုံးတွေမှာပဲ သုံးရမှာပဲ။ နေရာကို ရေးချင်ရင် ‘ဝင်း’ လို့ရေးပါ။ ‘ခြံဝင်း၊ အိမ်ဝင်း၊ ကားကြီးဝင်း၊ စက်ရုံဝင်း၊ ဆေးရုံဝင်း’ စသဖြင့်။ အောက်ကနမူနာလေးတွေဖတ်ရင် ပိုရှင်းသွားမှာပါ။ 

- အိမ် ‘ဝင်း’ ကို သစ်ပင်များ ‘ဝန်း’ ရံစိုက်ပျိုးထားသည်။ 

- လပြည့် ‘ဝန်း’ ကြောင့် ခြံ ‘ဝင်း’ ထဲလင်းထိန်နေ၏။ 

- ‘ဝန်း’ ရံဆန္ဒပြသူများ စက်ရုံ ‘ဝင်း’ ထဲမှထွက်လာသည်။ 

    တခြားမှတ်စရာ - ‘ဝင်း’ က ဝင်းလက်တောက်ပတဲ့ အဓိပ္ပာယ်လဲရပါတယ်။ 

 

ကောလိယ ဝေယံမောင်မောင် 

#စကားနှင့်စာမှတ်စရာ 

#ကောလိယဝေယံမောင်မောင်

Comments