၉၊ ‘ကျေ’ နဲ့ ‘ကြေ’ တို့ကွာခြားချက်။ ကမ္ဘာမကျေလား? ကမ္ဘာမကြေလား?

    ‘ကျေ’ နဲ့ ‘ကြေ’ ဟာ အသံထွက်တူပေမဲ့ အဓိပ္ပာယ်မတူပါဘူး။ ဒါကို မြန်မာစာမှာ ‘သံတူကြောင်းကွဲ’ လို့ခေါ်ပါတယ်။ နမူနာအနေနဲ့ နိုင်ငံတော်သီချင်းကို စဉ်းစားကြည့်ပါ။ ‘ကမ္ဘာမကျေ’ လား၊ ‘ကမ္ဘာမကြေ’ လား ရောထွေးနိုင်ပါတယ်။ နောက်ဘယ်တော့မှ မရှုပ်အောင် ပုံသေမှတ်နည်းပြောပြပါမယ်။

“ကြေ” ကို အရာဝတ္တုအတွက်သုံးပါ။ 

    ဥပမာ - ကြေကွဲ၊ ကြေညက်၊ ကြေမြည့်၊ ကြေမွ၊ စိစိညက်ညက်ကြေ၊ တွန့်ကြေ၊ ထောင်းထောင်းကြေ၊ ဖွတ်ဖွတ်ကြေ၊ မု့န်မုန့်ညက်ညက်ကြေ၊ လေကြေ၊ အစာကြေ၊ အတွင်းကြေ စသဖြင့်။ 

  “ကျေ” ကို ကိုင်တွယ်မရ စိတ္တဇအတွက်သုံးပါ။ 

    ဥပမာ - ကျေချမ်း၊ ကျေညက်၊ ကျေနပ်၊ ကျေပ၊ ကျေပျောက်၊ ကျေပွန်၊ ကျေလည်၊ ကျေအေး၊ တာဝန်ကျေ၊ ဒဏ်ကျေ၊ ပျက်ကျေ၊ ဝတ်ကျေ၊ အခဲမကျေ၊ အောက်သက်ကျေ စသဖြင့်။ 

    နိုင်ငံတော်သီချင်းကို ပြဌာန်းချက်အရ “ကမ္ဘာမကျေ” လို့ရေးပါတယ်။ ဘာ့ကြောင့်လဲဆိုရင် ‘ကမ္ဘာကြေ သော်လည်း ဥဒါန်းမကျေ’ ၊ ‘ကမ္ဘေကမ္ဘာ၊ ကပ်ကမ္ဘာများစွာ တည်တံ့မည်’ ကိုဆိုလိုတာမို့ ‘ကျေ’ လို့ ရေးခြင်း ဖြစ်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်

#စကားနှင့်စာမှတ်စရာ 

#ကောလိယဝေယံမောင်မောင်

Comments