‘အစင်းကြား၊ မျဉ်းကြား၊ ခြင်ကြား’ စသဖြင့်မှားရေးကြပါတယ်။ တကယ်က ‘အစင်းကျား၊ မျဉ်းကျား၊ ခြင်ကျား’ ဖြစ်ရမှာ။ ‘ကျား’ နဲ့ ‘ကြား’ က အသံထွက်တူပြီး အနက်မတူတဲ့ ‘သံတူကြောင်းကွဲ’ ပါ။ တစ်ခုနဲ့တစ်ခု လွဲရေးတာနဲ့ အဓိပ္ပာယ်မှားသွားပါတယ်။ ခွဲခြားနည်းကို တစ်ခါတည်းနဲ့မှတ်မိအောင် ဖော်ပြပေးလိုက်ပါတယ်။
‘ကြား’ ဆိုတာ
- အသံကြား၊ နိုးကြား၊ အကြားအမြင်
- အိမ်ကြား၊ လမ်းကြား၊ နှစ်ခုကြား
- ကျော်ကြား၊ ဖိတ်ကြား၊ အလန့်တကြား စသည်။
‘ကျား’ ဆိုတာ
- ပြောက်ကျား၊ အရောင်ကျား၊ လူကူးမျဉ်းကျား
- တိရစ္ဆာန်ကျား၊ မြင်းကျား၊ ငန်းတော်ကျား
- ယောက်ျား၊ ကျားကစား၊ ကျားကန် စသည်။
----------
ဆိုင်ကယ်သံကြား၍ လမ်းကြားသို့ကြည့်ကြရာ
အင်္ကျီကျားနှင့် ကျားကျားလျားလျားယောက်ျားက
ကျားလိုက်သကဲ့သို့ အလန့်တကြားမောင်းသည်ကို
ကျားကစားနေသူများ ကြားသိပြီးနောက်
ယာဥ်ထိန်းရဲလည်း လူကူးမျဥ်းကျားမှတစ်ဆင့်
မြင်းကျားကဲ့သို့ နိုးကြားစွာပြေးလိုက်ကာ
ရွက်ကျားသစ်ပင်အောက်၌ ဖမ်းဆီးသည်။
----------
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment