ခရစ်ယာန်ဓလေ့ဖြစ်သော ‘ဟာလိုဝင်နေ့’ကို နှစ်စဉ် အောက်တိုဘာ(၃၁)ရက်၌ ကျင်းပကြ၏။ ထိုနေ့ ကို သူတော်စဉ်များနှင့် ကွယ်လွန်သူများအတွက် ရည်ရွယ်သည်။ နောက်ပိုင်းတွင် ဟာလိုဝင်သည် ဘာသာရေး အတွက်သာ မဟုတ်တော့ဘဲ ကမ္ဘာတစ်လွှား ဖျော်ဖြေပွဲ၊ ပြပွဲ၊ ကစားပွဲ၊ ရုပ်ရှင်၊ ဂီတ စသည်တို့နှင့်ပါ ယှက်သွယ် လာသည်။ မြန်မာနိုင်ငံတွင်လည်း ဟာလိုဝင်နှင့် ပတ်သက်သည့် ပွဲများရောက်ရှိလာခဲ့သည်။
ဟာလိုဝင် (၃)ရက်
ဟာလိုဝင်ရက်များကို Allhallowtide ဟုခေါ်ပြီး အောက်တိုဘာ(၃၁)မှ နိုဝင်ဘာ(၂)ရက်ထိ သုံးရက်ရှိ သည်။ ပထမရက်သည် Halloween၊ ဒုတိယရက်သည် All Saints' Day၊ တတိယရက်သည် All Souls' Day ဖြစ်သည်။
ပထမရက် Halloween နေ့၌ လူသားတို့ နှာခေါင်းစည်း၊ ဝတ်ရုံ စသည်ဝတ်ဆင်လျှင် ဝိဉာဉ်များမမှတ် မိနိုင်ဟု ယုံကြည်ကြသည်။ သကြားလုံးများလိုက်တောင်းသော Trick-or-Treating ကိုလည်း ဆင်နွှဲကြသည်။
ဒုတိယရက် All Saints' Day သည် သိသော၊ မသိသော သူတော်စင်နှင့် အာဇာနည်အားလုံးကို ဂါရဝပြု သည့်ရက်ဖြစ်သည်။ ထို့နေ့၌ ‘အောင်ပွဲနှင့်အသက်၏ သင်္ကေတ’ အဖြစ် အဖြူရောင်ကိုဝတ်ဆင်ကြ၏။ ဘုရား ကျောင်းသို့သာမက သုသာန်များသို့ပါသွားရောက်၍ ကွယ်လွန်သူမိသားစုဝင်များ၊ တန်ဖိုးထားရသူများအတွက် ပန်းများထားခြင်း ဖယောင်းတိုင်ထွန်းခြင်းတို့ ပြုလုပ်ကြသည်။
တတိယရက် All Souls' Day သည် ခရစ်ကိုယုံကြည်သူများလုံးအတွက် ရည်ရွယ်သောရက် ဖြစ်သည်။ ထိုနေ့ကို ခရစ်ယာန်ဂိုဏ်းအလိုက်နှင့် နိုင်ငံအလိုက် နည်းမျိုးစုံဖြင့် ဖြတ်သန်းကြသည်။ ဘုရားကျောင်း၌ ဆင်နွှဲ သည်လည်းရှိသည်။ သုသာန်များ၌လည်း ဖယောင်းတိုင်ထွန်းသည်လည်းရှိသည်။ ဝိဉာဉ်ကိတ် (Soul Cake) အဖြစ် ကြက်ခြေခတ်ပါ ကွတ်ကီးနှင့်တူသောမုန့်များ ဖုတ်၍မျှဝေကြသည်။
ဟာလိုဝင်သမိုင်း
Halloween စကားလုံးမှာ All Hallows' Eve မှဆင်းသက်လာသည်။ Halloween၊ Hallowe'en၊ Allhalloween၊ All Hallows' Eve၊ All Saints' Eve စသည်ဖြင့်ခေါ်သည်။ ဟာလိုဝင်ကို (၄)ရာစုအတွင်းက ရိုမန်အိုဒက်ဆာ ၌လည်းကောင်း၊ ခရစ်နှစ်(၆၀၉) ၌လည်းကောင်း မေလ(၁၃)ရက်၌ ကျင်းပခဲ့သည်။ ကာလ ကြာသော် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းသို့ ပြောင်းရွှေ့ကျင်းပခဲ့သည်။ ဟာလိုဝင်သည် ယခင်က ဘာသာရေးနေ့ သက်သက်ဖြစ်သော်လည်း ယနေ့ခေတ်တွင် ပျော်ပွဲရွှင်ပွဲများအဖြစ်ပါ ဆင်နွှဲလာကြ၏။
ဟာလိုဝင်ဝတ်စုံများ ဝတ်ကြခြင်းအကြောင်း
ဟာလိုဝင်နေ့၌ ကြောက်ဖွယ်ဝတ်စုံ၊ ဆန်းပြားဝတ်စုံတို့ကို ဝတ်ဆင်လေ့ရှိကြသည်။ ယင်းဓလေ့သည် (၁၅၈၅)ခုနှစ် စကော့တလန်နိုင်ငံက ဆင်းသက်လာခဲ့သည်။ (၁၈)ရာစုမှ (၁၉)ရာစုအတွင်း စကော့တလန်၊ အိုင်ယာလန်၊ မန်းကျွန်းနှင့် ဝေလနိုင်ငံတို့တွင် ‘ဆဲလ်တစ်ပွဲတော်များ’ ကျင်းပသည်။ ထိုပွဲတော်၌ သဘာဝလွန် ဝတ်စုံများ၊ ရိုးရာပုံပြင်လာသတ္တဝါများကဲ့သို့ တီထွင်ဝတ်ဆင်ကြသည်။ ထိုသို့ ဝတ်စားဆင်ယင်မှုများမှ တစ်ဆင့် ဟာလိုဝင်ဝတ်စုံများ ဖြစ်လာခဲ့သည်။
ချိုချဉ်တောင်းခြင်း (ထရစ် ကော် ထရိ)
အောက်တိုဘာ(၃၁)ရက် ဟာလိုဝင်ညနေခင်း၌ ကလေး၊ လူကြီးများ ကြောက်ဖွယ်ဝတ်စုံများ ဝတ်ဆင် ပြီး အိမ်အသီးသီးသို့ လှည့်လည်ကာ “ထရစ် ကော် ထရိ” (Trick or Treat) ဟုအော်ကြသည်။ အိမ်ရှင်များက ချိုချဉ်များ၊ မုန့်ဖိုးများ ပေးတတ်ကြသည်။ ထိုဓလေ့သည် ရှေးခေတ်ဂရိပြည်ရှိ ရို့ဒ်စ်ကျွန်း (Rhodes) က စတင် ခဲ့သည်။ ထိုကျွန်းနေကလေးများ ပျံလွှားငှက်ပုံဝတ်စုံများဝတ်၍ လှည့်လှည်သီချင်းဆိုကြသည်။ အိမ်ရှင်များ ငြင်းဆိုလျှင် ဒုက္ခရောက်မည်ဟု ခြောက်သည်။ အိမ်ရှင်များကလည်း လိုက်လျောကာ မုန့်များပေးကမ်းသည်။
မည်သည့်အတွက် ရွှေဖရုံမီးပုံးထွန်းကြသနည်း
ဟာလိုဝင်သင်္ကေတများအနက် ရွှေဖရုံသီးသည် အထင်ရှားဆုံးဖြစ်၏။ မျက်နှာပုံထွင်းထားသော ရွှေဖရုံသီးထဲ၌ ဖယောင်းတိုင်ထည့်ထွန်းသည်ကို ရွှေဖရုံမီးပုံး (Jack-O'-Lantern) ဟုခေါ်သည်။ ရွှေဖရုံမီးပုံး၏ မူလသည် အိုင်းရစ်လူမျိုးတို့၏ဒဏ္ဍာရီမှ အရက်သမားကြီး စတင်းဂျီဂျက် (Stingy Jack) မှ ဆင်းသက်လာ၏။ သူသည် မိစ္ဆာများအပေါ် (၃)ကြိမ်မျှ ကလိမ်ကကျစ်ကျဖူးသည့် လူလိမ်ကြီးအဖြစ် ကျော်ကြားသည်။
စတင်းဂျီဂျက်က အရက်အတူသောက်ရန် မိစ္ဆာကိုဖိတ်သည်။ အရက်ဖိုးမပေးလို၍ မိစ္ဆာ၏ခန္ဓာကိုယ် ကို ငွေဒင်္ဂါးအဖြစ်ပြောင်းနိုင်မည်လားဟု လှည့်စားမေးသည်။ မိစ္ဆာလည်းပြောင်းလိုက်သော် စတင်းဂျီဂျက်က ထိုငွေဒင်္ဂါးကို အိပ်ထဲထည့်လိုက်သည်။ မိစ္ဆာလည်း နဂိုရုပ်ပြန်ပြောင်းမရတော့။ စတင်းဂျီဂျက်က ၎င်းအား တစ်နှစ်တာလုံး မသေစေရန်နှင့် သေလျှင် ၎င်းဝိဉာဉ်အားမခေါ်ဖို့ ကတိပေးလျှင် ပြန်လွှတ်မည်ဆိုသည်။
ဇာတ်လမ်းမူကွဲတွင်မူ မိစ္ဆာအားလှည့်စားလို၍ ပန်းသီးပင်ပေါ် ပန်းသီးတက်ခူးရန်ပြောသည်။ မိစ္ဆာ တက်ခူးစဉ် စတင်းဂျီဂျက်က အပင်ကိုထွင်း၍အထဲဝင်သဖြင့် မိစ္ဆာဆင်းမရတော့။ စတင်းဂျီဂျက်ကသူ့အား နောင်(၁၀)နှစ်တိုင် မသေစေရန်နှင့် သေသော်ဝိဉာဉ်အားမခေါ်ရန်ညှိသည်။
နောက်ဇာတ်လမ်းတစ်ခုတွင် စတင်းဂျီဂျက်သည် (၁၀)နှစ်သက်တမ်းမပြည့်မီ သေခဲ့သည်။ နတ်ဘုရား က ကောင်းကင်ဘုံပေးမတက်ဘဲ ငရဲသို့နှင်သည်။ မိစ္ဆာက မီးကဲ့သို့လင်းနေသော ကျောက်မီးသွေးခဲပေးလိုက်ပြီး ငရဲမှ ကမ္ဘာမြေသို့ပြန်လွှတ်သည်။ စတင်းဂျီဂျက်လည်း ကျောက်မီးသွေးခဲကို ခါးဖုမုန်လာဥထဲထည့်၍ အမှောင် တွင်းလှည့်လှည်သွားလာ နေထိုင်သည်။
ထိုဒဏ္ဍာရီလာ စတင်းဂျီဂျက်ကို နိုဝင်ဘာ(၁)ရက်ညများတွင် တွေ့ရသည်ဟု အိုင်းရစ်လူမျိုးများ ယုံကြည်ကြသည်။ (၁၈၂၀)ခုနှစ်မှ (၁၉၃၀)ပြည့်နှစ်အတွင်း အိုင်းရစ်လူမျိုး(၄.၅)သန်းမျှ အမေရိကန်သို့ ရွှေ့ကြ သည်။ ထိုအိုင်းရစ်များလည်း မိစ္ဆာနှင်သည့်သဘောဖြင့် စတင်းဂျီဂျက် အထိမ်းအမှတ်အဖြစ် ရွှေဖရုံသီးထွင်း၍ မီးထွန်းကြရာမှ ဟာလိုဝင်ကာလတွင် ရွှေဖရုံသီးမီးပုံးဓလေ့ ပေါ်ပေါက်လာသည်။
နာမည်ကျော် ဟာလိုဝင်ရုပ်ရှင်များ
ထိပ်တန်း ကြောက်မက်ဖွယ်ရုပ်ရှင်ကားများစွာကို ရုပ်ရှင်သမားများ ချပြထားသည်။ ယင်းတို့အနက် အောက်ပါ(၁၀)ကားမှာ ခေတ်အလိုက်ကျော်ကြားသည့် ဟာလိုဝင်၌အကြည့်များသော ရုပ်ရှင်များဖြစ်သည်။
၁၊ What We Do in the Shadows (၂၀၁၄)
၂၊ Halloween (၁၉၇၈)
၃၊ The Nightmare Before Christmas (၁၉၉၃)
၄၊ It's the Great Pumpkin, Charlie Brown (၁၉၆၆)
၅၊ The Witches (၁၉၉၀)
၆၊ It (၂၀၁၇)
၇၊ The Blair Witch Project (၁၉၉၄)
၈၊ The Exorcist (၁၉၇၃)
၉၊ Halloweentown (၁၉၉၈)
၁၀၊ Scream (၁၉၉၆)
ဟာလိုဝင်ပွဲ အထူးနွှဲသောနိုင်ငံများ
အောက်ပါနိုင်ငံများသည် ဟာလိုဝင်ပွဲနှင့် ကွယ်လွန်သူများအတွက်ပွဲ ဆင်နွှဲသောနိုင်ငံများဖြစ်သည်။
အာရှ - တရုတ်၊ ဒူဘိုင်း၊ ဟောင်ကောင်၊ ဂျပန်၊ ဖိလစ်ပိုင်၊ စင်္ကာပူ။
ကျွန်းနိုင်ငံ - နယူးဇီလန်။
ဥရောပ - ဘော့စနီးယား နှင့် ဟာဇီဂိုဗီးနား၊ ချက်၊ ဂျာမနီ၊ ဂရိ၊ အိုင်ယာလန်၊ အီတလီ၊ ပိုလန်၊ ရိုမန်းနီးယား၊ ရုရှား၊ စပိန်၊ ဆွီဒင်၊ ဆွစ်ဇလန်၊ ဗြိတိသျှနှင့် စိန့်ဟယ်လီနာဒေသများ။
မြောက်အမေရိက - ကနေဒါ၊ ဒိုမီနီကန်၊ မက်ဆီကို၊ အမေရိက။
ဟာလိုဝင်ပွဲ မဆင်နွှဲသောနိုင်ငံများ
ဟာလိုဝင်ဓလေ့ဖြစ်သော ချိုချဉ်တောင်းခြင်း (ထရစ် ကော် ထရိ) လုပ်လေ့မရှိသော နိုင်ငံများမှာ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ ထိုင်ဝမ်၊ ဩစတီးယား၊ ဩစတျေးလျ၊ အာရှနှင့် အာဖရိကနိုင်ငံအများစု ဖြစ်သည်။
ကောလိယ ဝေယံမောင်မောင်
၃၀.၁၀.၂၀၂၁
ကွယ်လွန်သူများအတွက် ပန်းနှင့်ဖယောင်းတိုင်များ ဆင်ယင်ကြစဉ် ဟာလိုဝင်မျက်နှာဖုံးများ ဟာလိုဝင်ဖက်ရှင် ရွှေဖရုံသီးမီးပုံး
Comments
Post a Comment