ဘယ်ဝါကျမှန်လဲ? ဟုတ်ကဲ့ ဘယ်ဝါကျမှ မမှန်ပါဘူး။ ဆားလိုအရသာကို ‘ငန်’ လို့ရေးမှမှန်ပါတယ်။ ငန်တာချင်းတူပေမဲ့ ငါးပိကထွက်တဲ့အရည်ကျ ‘ငန်ပြာရည်’ လို့ ရေးရင်မှားပါတယ်။ ‘ငံပြာရည်’ လို့ရေးမှ မှန်ပါတယ်။
ဘာ့ကြောင့်လဲဆိုရင် ‘ငံပြာရည်’ ဆိုတာ နိုင်ငံခြားစကားကို မြန်မာလိုရေးထားတာမို့ပါ။ ယိုးဒယားမှာ Nam Pla လို့ရေးပြီး လာအိုမှာ Nam Pa လို့ ရေးပါတယ်။ နှစ်နိုင်ငံလုံး ‘နမ်းပါ့’ လို့အသံထွက်ပါတယ်။ မြန်မာမှာ ကာလရွေ့လျောပြီး ‘ငံပြာ’ ဖြစ်လာတယ်။ ဒါပေမဲ့ ‘ငံပြာရည်အစ ယိုးဒယားနဲ့လာအိုက’ လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ငါးပိ၊ ငံပြာရည်ဟာ ငါးထွက်တဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ရှိစမြဲပါ။
မြန်မာ့သတ်ပုံဟာ စည်းကမ်းသိပ်ကျပါတယ်။ နိုင်ငံခြားအသံထွက်ကို မြန်မာလိုပြန်ရေးရင် ရှိပြီးသား မြန်မာစကားလုံးတွေနဲ့ တတ်နိုင်သမျှမပေါင်းပါဘူး။ ‘ငံနဲ့ငန်’ အတွက် မှတ်ဖို့ကတော့ အရသာကို ‘နသတ်’ နဲ့ငန် ပါတယ်။ ‘ငံပြာရည်၊ ပဲငံပြာရည်၊ ချေငံ၊ နိုင်ငံ၊ ရည်ငံ၊ လောက်ငံ’ စတာတွေမှာ ‘သေးသေးတင်’နဲ့ ငံပါတယ်။
ကောလိယ ဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်
Comments
Post a Comment