“အဘွား (၁)နှစ်ပြည့်အလှူ” “အဖေ (၃)လပြည့်ဆွမ်းကျွေး” စာအရဆို အဘွားအသက်(၁)နှစ်၊ အဖေ့အသက်(၃)လ ဖြစ်နေတာပေါ့။ ဝမ်းနည်းခြင်းမှာ ဋီကာမချဲ့ လိုပါဘူး။ ဒါပေမဲ့ ကိုယ်တိုင်လဲ လူကြီးဘိုးဘွားတွေ ကွယ်လွန်တာကြုံခဲ့လို့ ရည်စူးတိုင်း အလေးထားရေးသားခဲ့တယ်။ ဗုဒ္ဓဘာသာမှာ အမျှဝေရင်တောင် ‘ဘယ်ရက်၊လ၊နှစ်က ကွယ်လွန်တဲ့ ဘယ်သူ့ဖို့’ ဆိုပြီး အတိအကျ ဝေကြရတာမဟုတ်လား။
မြန်မာစာဟာ ‘သေဆုံးခြင်း’ လို့အဓိပ္ပာယ်ရတဲ့ စကားလုံးတွေတောင် ရာချီရှိတဲ့ထိ စကားပရိယာယ် ကြွယ်ဝတာပါ။ ‘ပရိနိဗ္ဗာန်စံတယ်၊ ပျံလွန်တယ်’ ကနေ ‘ဂန့်တယ်၊ လျှောတယ်’ အထိပေါ့။ ကျောက်စာထဲတောင် နာရေးသတင်းတွေ ပါခဲ့တာပဲ။ ဒါပေမဲ့ အခုခေတ်မှာ အသုဘဖိတ်စာတောင် ဖြစ်သလိုရေးလာကြတယ်။
ဒီနေ့ခေတ်အင်္ဂလိပ်စာမှာဖြင့် အုတ်ဂူမှာတောင် သေချာကမ္ဗည်းထိုးကြဆဲပဲ။ ‘In Loving Memory’ အစချီပြီး မွေးနေ့၊ သေနေ့အပြင် သေသူ့ဆန္ဒကိုတောင်ရေးပေးတယ်။ ဥပမာ ‘သူဟာ ကွန်မြူနစ်ပါတီကို ဘယ်တော့မှမဲမပေးခဲ့ဘူး - He never voted for Communist Party’ ဆိုတာမျိုး။
အနှစ်ချုပ်ရရင် ‘ဘယ်လောက်ပြည့်’ ဆိုတာ သေဆုံးခြင်းကိုပဲ ဖော်ပြတာမဟုတ်ပါဘူး။ အထိမ်းအမှတ်နေ့မျိုးစုံကို ဆိုလိုပါတယ်။ ဥပမာ ‘ဗိုလ်ချုပ်ရာပြည့်၊ မြို့မရာပြည့်’။ ဒါ့ကြောင့် ဖိတ်စာ၊ ကမ္ဗည်း၊ ဆိုင်းဘုတ်၊ မှတ်တမ်း စသဖြင့် ရေးရင် ‘ဘယ်လောက်ပြည့်’ ဆိုတဲ့စကားလုံးကို ‘ဘယ်အထိမ်းအမှတ်နေ့’ ဆိုတာနဲ့ တွဲဖော်ပြပေးပါ။
ဥပမာ -
- မမိမိ၏ (၅)နှစ်ပြည့်မွေးနေ့
- ဦးအောင်ကွယ်လွန်ခြင်း (၂)နှစ်ပြည့်အလှူ
- အသင်းတည်ထောင်ခြင်း နှစ်(၃၀)ပြည့်
- မန္တလေးမြို့တည်နန်းတည် နှစ်(၁၆၀)ပြည့်ရတု
- ဦးဧ+ဒေါ်နုတို့၏ နှစ်(၂၀)ပြည့် မင်္ဂလာနှစ်ပတ်လည်
ကောလိယ ဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments
Post a Comment