အရင်ကတော့ ‘စားလည်း၊
အိပ်လည်း’ စသဖြင့် ‘ညသတ်’ နဲ့ ‘လည်း’ ရပါတယ်။ ဒါပေမဲ့ နောက်ပစ်နဲ့ ‘လဲ’ တာတွေရော မျိုးစုံဖြစ်လာတယ်။
(၂၀၁၉)ရောက်တော့ အများလွယ်ကူအောင် မြန်မာစာအဖွဲ့က
ပြဋ္ဌာန်း ပေးပါတယ်။ ပြဋ္ဌာန်းချက်အရ စာပေဝါကျတွေမှာ ‘လည်း’ လို့ရေးရမှာဖြစ်ပြီး၊ စကားပြောတွေမှာ
‘လဲ’ လို့ ရေးရမှာပါ။ အောက်က သာဓကတွေကြည့်ရင် ရှင်းသွားပါလိမ့်မယ်။
အရေး
ဒေါ်လာဈေး ‘လည်း’ တက်သည်။ ရွှေဈေး ‘လည်း’ တက်သည်။
အပြော
ဒေါ်လာဈေး ‘လဲ’ တက်တယ်။ ရွှေဈေး ‘လဲ’ တက်တယ်။
‘လဲ’ ကိုပဲသုံးရမဲ့ တခြားနေရာတွေ
၁၊ မေးခွန်းမေးရင်သုံးပါ။ (မုန့်တစ်ခု ဘယ်လောက်လဲ)
၂၊ တိမ်းစောင်းကျရင်သုံးပါ။ (ချော်လဲ၊ သစ်ပင်လဲ၊ လဲကျ)
၃၊ ဖလှယ်ရင်သုံးပါ။ (အနုတ်လဲ၊ အင်္ကျီလဲ၊ လဲလှယ်)
အထူးမှတ်ဖို့
‘လည်း’ကို ‘လီး’လို့အသံထွက်တာမျိုးရှိပါတယ်။
ရိုင်းတယ်ထင်စရာရှိတယ်။ ဒါပေမဲ့ ဆရာတော်ကြီး တချို့၊ လူကြီးသူမတချို့နဲ့ စာသံပေသံထွက်သူ
တချို့ကတော့ ‘လီး’လို့ထွက်ပါတယ်။ “သူ့ကျွန်မခံပြီ” ရုပ်ရှင်မှာတောင် ကင်းဝန်မင်းကြီးဦးကောင်းက
‘လီး’ လို့ထွက်တယ်။ ဘာ့ကြောင့်ပါလိမ့်။
ဥပမာ ‘စည်းလုံး၊ ဆည်းပူး၊
ညည်းတွား၊ နည်းလမ်း’ စတာတွေကို ‘စဲလုံး၊ ဆဲပူး၊ ညဲတွား၊ နဲလမ်း’ လို့ အသံထွက်လေ့မရှိပါဘူး။
ဒီလိုပါပဲ ‘သူတည်း၊ သူလည်း’ စတာကို ‘သူဒီး၊ သူလီး’လို့ထွက်ကြခြင်းပါ။
ဒါပေမဲ့ အခုခေတ်မှာ အများစုက ‘လဲ’လို့ ထွက်လာကြပါတယ်။
တချို့စကားလုံးတွေကိုတော့ အသံထွက်နှစ်မျိုးထွက်ကြတုန်းပါ။ သာဓကအားဖြင့် ‘သိမ်းဆည်း၊ သည်းထန်၊ သည်းခြေ’ စတာတို့ကို ‘သိမ်းဆီး/သိမ်းဆဲ၊ သဲထန်/သီးထန်၊ သဲဂျေ/သီးဂျေ’ဆိုပြီး ထွက်ကြတာ မျိုးပါ။
ကောလိယ ဝေယံမောင်မောင်
၂၉.၁၁.၂၀၂၁
#စကားနှင့်စာမှတ်စရာ
#ကောလိယဝေယံမောင်မောင်

Comments
Post a Comment