၃၊ ‘မိုးရာသီ’ ရေးရင် သတိထားဖို့လိုတယ် “ဝသန်၊ ဝဿန်၊ ဝသာန်၊ ဝဿာန်” ဘယ်ဟာအမှန်လဲ?

    “ဝသန်၊ ဝဿန်၊ ဝသာန်၊ ဝဿာန်” တစ်ယောက်တစ်မျိုးရေးကြတယ်။ 

- ‘ဝဿန်ရုပ်ရှင်ပွဲတော်’ လို့ရေးတယ်။ 

- ကိုမြကြီး ‘မိုး’သီချင်းမှာ ‘ဝသန်ခါမှီ၊ လရာသီ’ လို့ရေးတယ်။ 

- မြန်မာ့အသံဖျော်ဖြေပွဲမှာ ပထမတစ်ခါ ‘ဝသန်မိုးရာသီ’၊ ဒုတိယတစ်ခါ ‘ဝဿာန်မိုးရာသီ’ နှစ်မျိုးရေးတယ်။ ဒါတောင် ရှေးကဗျာတွေ မပါသေးဘူး။ ဒီကိစ္စရှင်းဖို့လိုပါပြီ။ 

    မြန်မာမှာ (၃)ရာသီရှိတယ်။ ကမ္ဘာ့အပူပိုင်းဇုန်ရဲ့ တောင်နဲ့မြောက်ခြမ်းမှာ (၄)ရာသီရှိတယ်။ ပါဠိမှာ ရတုခြောက်ပါးလို့ခေါ်တဲ့ (၆)ရာသီရှိတယ်။ 

၁၊ သိသိရ - တပို့တွဲ၊ တပေါင်း

 ၂၊ ဝသန္တ - တန်ခူး၊ ကဆုန် 

၃၊ ဂိမှန္တ - နယုန်၊ ဝါဆို 

၄၊ ဝဿာန - ဝါခေါင်၊ တော်သလင်း 

၅၊ သရဒ - သီတင်းကျွတ်၊ တန်ဆောင်မုန်း 

၆၊ ဟေမန္တ - နတ်တော်၊ ပြာသိုလ 

    ဒါ့ကြောင့် ‘ဝသန္တ’ ဆိုတာနွေဦး၊ ‘ဝဿာန်’ ဆိုတာမိုး။ ဒါပေမဲ့ မြန်မာလိုအတိုပြန်ရေးတော့ စရှုပ်တာပဲ။ နှစ်ခုလုံးအတွက် ‘ဝသန်’ လို့ ရေးကြတယ်။ တကယ်ဆို နွေဦးကို ‘ဝသန်’၊ မိုးကို ‘ဝဿာန်’ လို့ရေးသင့်တယ် မဟုတ်လား။ အများသုံးသတ်ပုံကျမ်းဟောင်းမှာလဲ ‘ဝသန်ကာလ’ နဲ့ ‘ဝသန္တဥတု’ နှစ်ခုပဲပြခဲ့တယ်။ ‘ဝသန်’ ကို မိုးရာသီလို့ပြောချင်ခဲ့တာ။ 

    ဒီလိုနဲ့ (၂၀၁၉)မှာ သတ်ပုံကျမ်းကို ဒုတိယအကြိမ်တည်းဖြတ်ရတယ်။ အဲဒီမှာကျ ဝသန်နဲ့ ပတ်သက်တာ (၄)မျိုးပြထားတယ်။ - ဝသန် (ဝဿာန်၊ မိုးရာသီ) - ဝသန် (ဝသန္တ၊ နွေဦးရာသီ) - ဝသန်ကာလ - ဝသန်တဥတု တဲ့။ 

    သတ်ပုံကျမ်းအရ ကျွန်တော် နိဂုံးချုပ်ရှင်းပြပါမယ်။ အရင်တုန်းက မိုးနဲ့နွေဦးနှစ်ခုလုံး ‘ဝသန်’ လို့ ရေးခဲ့ကြတယ်။ ဒါပေမဲ့ အခုတော့ မိုးနဲ့နွေဦး ကွဲကွဲပြားပြားဖြစ်အောင် မိုးကို ‘ဝဿာန်’ လို့ရေးပြီး၊ နွေဦးကို ‘ဝသန္တ’ လို့ ရေးသင့်ပါတယ်။ 

မိုး - ဝဿာန် 

နွေဦး - ဝသန္တ 

 

ကောလိယ ဝေယံမောင်မောင် 

#စကားနှင့်စာမှတ်စရာ 

#ကောလိယဝေယံမောင်မောင်

Comments