‘ကျ’ နဲ့ ‘ကြ’ ဟာ ရောထွေးတတ်တဲ့ ‘သံတူကြောင်းကွဲ’ပါ။ ဥပမာ - ‘လုပ်နေကျ’ နဲ့ ‘လုပ်နေကြ’ ဆိုရင် အဓိပ္ပာယ်တစ်မျိုးစီ ထွက်ပါတယ်။ ဒါ့ကြောင့် ဆီလျော်တဲ့နေရာမှာသုံးတတ်ဖို့ လိုပါတယ်။
‘ကြ’
အများပြကြိယာပစ္စည်းဖြစ်ပါတယ်။ အများနဲ့ဆိုင်တဲ့နေရာမှာ သုံးပါတယ်။ ဥပမာ -
- ကွပ်ပျစ်ပေါ်၌ ကလေးများ စာကျက်နေ ‘ကြ’ သည်။
- နံနက်ကဈေးဝယ်နေ ‘ကြ’ သော အမျိုးသမီး(၃)ဦး။
- ရိုက်ကွင်းမှာ မင်းသမီးတွေ မိတ်ကပ်လိမ်းနေ ‘ကြ’ တယ်။
‘ကျ’
အဓိပ္ပာယ်အများကြီးရှိပါတယ်။ ‘လုပ်နေကျ၊ သွားနေကျ’ စသဖြင့်ရေးရင် ‘ပြုမြဲ၊ ဖြစ်မြဲ၊ ရှိမြဲ’ ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဥပမာ -
- ကွပ်ပျစ်ပေါ်၌ ကလေးများ စာကျက်နေ ‘ကျ’ ဖြစ်၏။
- အမျိုးသမီး(၃)ဦးမှာ နံနက်တိုင်း ဈေးဝယ်နေ ‘ကျ’ ပင်။
- ရိုက်ကွင်းမှာ မင်းသမီးတွေ မိတ်ကပ်လိမ်းနေ ‘ကျ’ ပဲ။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment