တန်ဆောင်မုန်း
‘တန်ဆောင်’ သည် ဆီမီး၊ မီးတိုင် ဖြစ်ပြီး ‘မုန်း’ သည် ထွန်းလင်းတောက်ပခြင်း ဖြစ်သည်။
ခဝဲ
တန်ဆောင်မုန်းလ ရာသီပန်းပင် ‘ခဝဲ’ သည် မွန်ဘာသာ ‘ခဝေါဲ’ မှ ဆင်းသက်လာသည်။
မဲဇလီဖူးသုပ်
ပါဠိစကား ‘မဉ္စူရီ’ မှ မဲဇလီဖြစ်လာသည်။ တန်ဆောင်မုန်းလပြည့်ည ကြယ်တာရာစုံတောက်ပ၍ ဗုဒ္ဓခေတ်ကတည်းက နက္ခတ်ပွဲသဘင်ကျင်းပသည်။ ထို့ကြောင့် နက္ခတ္တဗေဒအရ ဆေးပေါင်းခသည့်ည သတ်မှတ်သည်။ တန်ဆောင်မုန်း၌ ဆေးပင်အားလုံး မဲဇလီပင်အားခစားကြောင်း သာရကောမုဒိဆေးကျမ်းက ဆိုသည်။ ထို့ကြောင့် မဲဇလီဖူးသုပ်စားသုံးကြသည်။
ဘုံကထိန်
အများစုပေါင်းကျင်းပသောကထိန်။
ပံ့သကူ
ပါဠိစကားလုံး ‘ပံသုကူလ’ မှ ဆင်းသက်လာသည်။ စွန့်ပစ်ထားသည့် သင်္ကန်းစသည်ကိုခေါ်သည်။
ကထိန်
‘ကထိန’ ဟူသော ပါဠိစကားလုံးမှလာပြီး အာနိသင်ငါးပါးရနိုင်သော သင်္ကန်းအလှူဖြစ်သည်။
ကျီးမနိုးပွဲ၊ သူခိုးကာလ၊ သူခိုးည
လောကီပညာယုံသော ရှေးကာလသားအချို့ ဆေးမင်ထိုးသည်။ စမ်းသည့်အနေဖြင့် တန်ဆောင်မုန်း လပြည့်ည၌ ပစ္စည်းထွက်ခိုး၍ အိမ်ရှင်မြင်မမြင်စမ်းသပ်သည်။ အိမ်ရှင်များ ကျီးမနိုးခင် စောင့်ကြည့်၍ ‘ကျီးမနိုးပွဲ’ တွင်သည်။ ယခုအခါ ခိုးရန်၊ ဖျက်ဆီးရန်၊ အပျက်လုပ်ရန် ‘သူခိုးကာလ၊ သူခိုးည’ ဟူသော ဓလေ့ဆိုး အဖြစ် ပြောင်းလဲခဲ့သည်။
မိုးပေါ်ကျသင်္ကန်း
မိုးပေါ်မှ မိုးရေ အလိုလျောက်ကျသကဲ့သို့ အလှူရှင်သဒ္ဓါပေါက်၍ လှူဒါန်းသောသင်္ကန်း။
ဉတ်သင်္ကန်း၊ ဉတ်ရံသင်္ကန်း
‘ညပ်သင်ဂန်း’ ဖတ်သည်။ သိမ်အတွင်း၌ ဉတ္တိဒုတိယကမ္မဝါစာဖတ်၍ ပေးရသော ကထိန်သင်္ကန်း ဖြစ်သည်။ ‘ဉတ်မကြီး’ ဟုလည်းခေါ်သည်။ ကထိန်သင်္ကန်းမဟုတ်သော အခြား အရံသင်္ကန်းများကို ‘ကထိန်ရံသင်္ကန်း’ သို့ ‘ဉတ်ရံသင်္ကန်း’ ဟုခေါ်သည်။
ကထိန်လျာသင်္ကန်း
ကထိန်သင်္ကန်းအဖြစ် လျာထားသောသင်္ကန်း။
မသိုးသင်္ကန်း
အသင့်ဝတ်သင်္ကန်း မပေါ်သေးသည့် ဗုဒ္ဓခေတ်၌ ကထိန်သင်္ကန်းအတွက် ဖျင်စများသာ အလှူခံရရှိ သည်။ ထိုနေ့ပင် မချုပ်၊ ဖန်ရည်မဆိုး၊ ကထိန်မခင်းလျှင် သိုးသည်ခေါ်သည်။ ဗုဒ္ဓက သင်္ကန်းချုပ်ကာလ (၁)လ တိုးပေးခဲ့သည်။ ယခင်ဓလေ့ကိုစွဲ၍ လပြည့်မတိုင်မီ အဖိတ်နေ့ညတွင်းချင်း ရက်လုပ်လှူဒါန်းသော သင်္ကန်း ဖြစ်သည်။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment