၁၇၊ သက်သက်၊ သတ်သတ်၊ သပ်သပ်၊ သက်သတ်လွတ်

 


            ကျွန်တော်တို့ အစဉ်သုံးခဲ့တဲ့ သတ်ပုံတွေထဲမှာ အမှန်ထင်တာမှားပြီး အမှားထင်တာမှန်တာ ရှိစမြဲပါ။ အဲဒီထဲမှာ ‘သက်သက်’ ၊ ‘သတ်သတ်’ ၊ ‘သပ်သပ်’ နဲ့ ‘သက်သတ်လွတ်’ တို့ပါပါတယ်။ သည်သုံးခုကို သတိပြုမိဖို့ ကျွန်တော်တို့တွေ ခွဲခြားမှတ်သားဖို့လိုပါတယ်။

 

‘သက်သက်’

၁၊ အရောအနှောမပါဘဲ သန့်သန့်

၂၊ တမင်တကာ လို့အဓိပ္ပာယ်ရပါတယ်။

ဥပမာ -

၁၊ မြေပဲ ‘သက်သက်’ ဖြင့်သာကြိတ်ထားသော ပဲဆီ။

၂၊ ဒါ ငါ့ကို ‘သက်သက်’ စော်ကားတာပဲ။

 

‘သတ်သတ်’

            ‘မရောနှောဘဲ တသီးတခြား’ လို့အဓိပ္ပာယ်ရပါတယ်။

ဥပမာ -

- ဘာလချောင်ကြော်ဖို့ ငါးပိ ‘သတ်သတ်’၊ ပုစွန်ခြောက် ‘သတ်သတ်’ ခွဲထား။

- ယောက်ျားလေး ‘သတ်သတ်’၊ မိန်းကလေး ‘သတ်သတ်’ ထိုင်ရပါမယ်။

 

သပ်သပ် (အမှား)

            ‘သပ်သပ်’ ဆိုတဲ့ဝေါဟာရ သတ်ပုံကျမ်းမှာမရှိပါဘူး။ ‘သပ်သပ်’ လို့ရေးမယ်ဆိုပြီး တွေးလိုက်တိုင်း ‘သတ်သတ်’ လို့ရေးပေးပါ။ ‘မရောနှောဘဲ တသီးတခြား’ ကို ဆိုလိုချင်တဲ့သဘောပါ။

    မှတ်စရာကတော့ ‘သပ္ပာယ်၊ သပ်ရပ်၊ သပ်သပ်ရပ်ရပ်’ ဆိုတာရှိပါတယ်။ ဒါပေမဲ့ အပေါ်ကပြောတဲ့ ‘သပ်သပ်’ နဲ့ မဆိုင်ပါဘူး။

 

 

သက်သတ်လွတ်

             ‘သက်သက်လွတ်’ ၊ ‘သတ်သတ်လွတ်’ ဆိုပြီး မှားရေးလေ့ရှိတယ်။  ‘အသက်သတ်ခြင်းကင်းလွတ်’ တာကို ဆိုလိုတာမို့လို့ ‘သက်သတ်လွတ်’ မှမှန်ပါတယ်။

 

ကောလိယ ဝေယံမောင်မောင်


 

Comments