“အဘိုးမှတ်မိပြီ။ သမီးရဲ့အဖေ အခုထိရှိသေးတယ်”
“ဘယ်လိုအဘိုး၊ ဘယ်လို”
အဘိုးဖြစ်သူ ဦးထွန်းကြည်ကပြောလိုက်တော့ မြတ်မွန်၏ရင်ထဲတွင် အံ့သြဝမ်းသာမှုက ဒိန်းခနဲ ဝင်ဆောင့်သည်။
“ဟုတ်တယ်သမီး၊ သမီးရဲ့အဖေ အခုထိအသက်ရှိသေးတယ်”
ဒီစကားကို ဦးထွန်းကြည်အနေနှင့် အများကြီးစဉ်းစားပြီးမှ ပြောခဲ့ခြင်းဖြစ်သည်။ ပြောရန်အတွက် ဟုတ်သည်၊မဟုတ်သည် မှန်သည်၊မမှန်သည်ကိုလည်း အတတ်နိုင်ဆုံးခွဲခြားခဲ့ရသည်။ အမှန်မှာ ဦးထွန်းကြည် က အတိတ်မေ့နေရှာသူတစ်ယောက်သာ။ တစ်ခါတစ်ရံတွင်တော့ အတိတ်ကို ဝေဝေဝါးဝါး သတိရတတ်သည်။
မြတ်မွန်ကတော့ ငယ်စဉ်ကတည်းက အဖေအမေခေါ်စရာလူ မရှိခဲ့။ ဦးထွန်းကြည်နှင့်သာ ကြီးပြင်းခဲ့ရ သည်။ မြတ်မွန်ကလေးဘဝကတည်းက ဦးထွန်းကြည်ပြုစုပျိုးထောင်ခဲ့သည်မှာ ခုဆိုဘွဲ့ပင်ရပြီးခဲ့ပြီ။ ဦးထွန်း ကြည်က မြတ်မွန်ကို အတော်လေးချစ်ရှာသည်။ ချစ်၍လည်း မြတ်မွန်ကလေးဘဝကတည်းက ပြုစုပျိုးထောင် ခဲ့သည်။ ယောက်ျားရင့်မာကြီးတန်မဲ့ ကလေးထိန်းခြင်းမျိုး၊ မီးဖိုချောင်ဝင်သည်မျိုး၊ သနပ်ခါးသွေးသည်မျိုးတွေ ကို မဖြစ်ဖြစ်အောင်လုပ်ခဲ့သည်။ မြတ်မွန် နို့ဘူးတိုက်သည့်အရွယ်ကနေ ကျောင်းနေသည့်အရွယ်ရောက်တော့ ပိုက်ဆံကိုအရင်ထက် ခဲခဲယဉ်းယဉ်းရှာပြီးကျောင်းထားရရှာသည်။
ယခင်က စစ်သားအဖြစ်တာဝန်ထမ်းဆောင်ခဲ့သော်လည်း စစ်ပွဲအတွင်း၌ ခေါင်းဒဏ်ရာရခဲ့သဖြင့် အနားယူခဲ့သည်။ ယခုတော့ စက်ရုံတွင်တံခါးစောင့်အလုပ် လုပ်သည်။ အလုပ်မသွားခင် မြတ်မွန်ကို စက်ဘီး ပေါ်တင်ပြီး မနက်တိုင်းကျောင်းပို့သည်။ ပြီးတော့ အလုပ်ဆက်သွားသည်။ ညနေဘက်တွင်တော့ ဦးထွန်းကြည် အလုပ်က ငါးနာရီခွဲမှပြီးဆင်းသဖြင့် မြတ်မွန်ကအိမ်ကိုပြန်နှင့်သည်။ ဦးထွန်းကြည်အလုပ်ဆင်းလျှင် ဟင်းချက် စရာကလေးများ ဝယ်ခြမ်းလာကာ ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြီး နှစ်ယောက်သားစားသောက်ကြတော့သည်။
× × ×
အလယ်တန်း၊ အထက်တန်းရောက်တော့ မြတ်မွန်၏ကျောင်းစရိတ်က ပိုပြီးကုန်လာသည်။ မိန်းကလေးဆိုတော့ လှချင်ပချင်လာသည်။ ထို့ကြောင့် ဦးထွန်းကြည်တစ်ယောက် စက်ရုံ မစောင့်ရသည့် ပိတ်ရက်ဆိုလျှင် အုန်းပင်ခုတ်၊ အိမ်ရွှေ့၊ အိမ်သာကျင်းတူးကဲ့သို့သော အလုပ်များလုပ်ပြီး ဝင်ငွေရှာရတော့ သည်။ ဦးထွန်းကြည်က ဦးခေါင်းပိုင်းထိခိုက်ခဲ့သူမို့ တစ်ခါတစ်ရံတွင် အလုပ်လုပ်နေရင်းပင် ‘ငါဘာလုပ်နေ တာပါလိမ့်’ ဟု မကြာမကြာ ပြန်စဉ်းစားရတတ်သည်။ ထို့ကြောင့် မြတ်မွန်ကို ကတိတစ်ခုခုပေးထားမိလျှင် စာရွက်မှာချရေးပြီး မမေ့ရလေအောင် အိမ်တိုင်မှာကပ်ထားရသည်။
× × ×
ဦးထွန်းကြည်က မြတ်မွန်ကိုအတော်ချစ်ရှာသော်လည်း မြတ်မွန်ကတော့ မိစုံဖစုံမရှိ၍လားမသိ ဆိုးသွမ်းသည်။ အဘိုးဖြစ်သူအပေါ် မကျေနပ်ချက်များသည်။ သူ၏မိဘများအကြောင်းကို ပြောမပြနိုင်ရ ကောင်းလားဟု အမြဲစိတ်ဆိုးသည်။ သူလိုချင်တာမရလျှင်လည်း စိတ်ဆိုးစိတ်ကောက် အတော်များသည်။ ကျောင်းနေဖက် သူငယ်ချင်းများကို မိဘများကျောင်းလာပို့သည်ကိုမြင်တိုင်း ဦးထွန်းကြည်ကို စိတ်ကောက် သည်။ ဦးထွန်းကြည်၏ မပြေလည်မှုတွေကိုတော့မသိ။ ဆယ်စုတစ်ခုလောက်ကျော်ဖြတ်ပြီးတော့ မြတ်မွန် တက္ကသိုလ်ရောက်လာသည်။ နဂိုကမှ ကျောင်းစရိတ်ကြီးရသည့်အထဲ တက္ကသိုလ်ရောက်လာပြန်တော့ ဦးထွန်းကြည် ဘေးကျပ်နံကျပ် ဖြစ်ရရှာသည်။ ကံကောင်းသည်က မြတ်မွန်က သူများတန်းသူ လှချင်ပချင် သော်လည်း သုံးချင်စွဲချင်သူမို့ အဝေးသင်သာတက်ပြီး အလုပ်ဝင်ခဲ့ခြင်းဖြစ်သည်။ ဦးထွန်းကြည်ကိုတော့ အသက်လည်းကြီး၊ မေ့လည်းမေ့တတ်သည်မို့ အလေးမထားချင်ပြန်။
× × ×
မြတ်မွန်ဘွဲ့ရပြီးတော့ ပို့ကုန်သွင်းကုန်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်သည်။ ရုံးချုပ်က ရန်ကုန်တွင်ရှိသည် မို့ စာရင်းချုပ်သည့်အခါ ရန်ကုန်သို့သွားချုပ်လျှင် လူကြီးတချို့နှင့်ပါသွားတတ်သည်။ ရန်ကုန်ရုံးချုပ်ကလည်း လူလိုနေသည့်အခိုက်ဖြစ်သဖြင့် မြတ်မွန်ရန်ကုန်ရောက်ဆဲတွင် ရန်ကုန်ရုံးတွင် စာရင်းကိုင်အလုပ် တစ်နှစ် လောက်ကူပေးရန် ကမ်းလှမ်းထားသည်။ မြတ်မွန်က မြို့ကြီးပြကြီးလည်းဖြစ်၊ လိုချင်သည်များလည်း အစုံရ နိုင်သော ရန်ကုန်မြို့ကို မျက်စိထဲကမထွက်တော့။
× × ×
ကံတရားသည် နှိပ်စက်တတ်သောသဘောရှိရော့လားမသိ။ ယခုဆို ဦးထွန်းကြည် အဆုတ်တီဘီ ရောဂါရှိလာခဲ့ပြီ။ ချောင်းဆိုးလျှင်သွေးပါသည်။ ထို့ကြောင့် အလုပ်ကိုအရင်လိုမလုပ်နိုင်။ ဆိုးရွားသည်က မှန်ဉာဏ်ပြဿနာ တစ်ခါတလေဆို အတိတ်အကြောင်းတွေမြင်ယောင်မှတ်မိလာသလိုနှင့် ပိုမေ့သွားတတ် သည်။
× × ×
“ဒါဆိုရင် သမီးရဲ့အဖေ ဘယ်မှာရှိလဲဟင်။ အဘိုးသိရင်သမီးကိုပြောပြ”
“ရန်ကုန်မှာလို့ထင်တယ်။ အဘိုးစစ်သားဘဝတုန်းက အတူတွဲလုပ်ခဲ့တဲ့ ဦးကျော်အောင်ဆိုတာ ရန်ကုန်မှာရှိတယ်။ သူကစုံစမ်းပေးနိုင်လိမ့်မယ်သမီး”
“ဒါဆို သမီးရန်ကုန်ကို အလုပ်ပြောင်းချင်နေတာနဲ့ အတော်ပဲအဘိုး။ ဟိုမှာတစ်နှစ်လောက်ကြာမှာ။ ဟိုမှာရှိနေတုန်း သမီးအဖေကိုရှာဖို့အခွင့်အရေးပဲ။ အဲဒါဆို သမီး ရန်ကုန်မှာ အလုပ်သွားလုပ်လိုက်တော့မယ် လေ”
မြတ်မွန်၏စကားကြောင့် ဦးထွန်းကြည်အတော်စိတ်ပူသွားသည်။ မြတ်မွန် ရန်ကုန်တွင်နေမည်ကို ဦးထွန်းကြည် မည်သို့မျှစိတ်မချပါ။ ပြီးတော့ သူကိုယ်တိုင်လည်း ကျန်းမာရေးမကောင်း။ နောက်ပြီး ဦးကျော်အောင်၏အကြောင်းကိုလည်း ကောင်းကောင်းပြန်စဉ်စား၍မရနိုင်။ “ဦးကျော်အောင်က သေချာပါ့ မလား။ ရှိရောရှိသေးရဲ့လား” စသည့်အတွေးမေးခွန်းများဖြင့် ချာလပတ်လည်နေသည်။ အတိတ်ကိစ္စများကို ရုတ်တရက်သာမှတ်မိလိုက်ခြင်း အပေါ်ကိုလည်း ပြည့်ပြည့်ဝဝအာမမခံနိုင်။
“စဉ်းစားပါအုံးသမီးရယ်။ အဘိုးလဲသိပ်မသေချာဘူး။ မှတ်မိသလောက်၊ စဉ်းစားရသလောက် ပြောရ တာ”
“အို… ဘာဖြစ်လဲ၊ ဘယ်သူမဆို ကိုယ့်မိဘနဲ့ဆုံချင်တွေ့ချင်ကြတာချည်းပဲ။ အဘိုးကအဲလိုတားတော့ သမီးက အဖေလုပ်တဲ့သူနဲ့ မတွေ့ရတော့ဘူးတဲ့လား”
“ဟုတ်ပါတယ်သမီးရယ်။ ဒါပေမဲ့”
“ဒါပေမဲ့တွေ လုပ်မနေပါနဲ့တော့အဘိုးရယ်။ ရန်ကုန်မှာသမီးအလုပ်သွားလုပ်မယ်။ နှစ်ရှည်ကြာမှာမှ မဟုတ်တာ။ ပြီးတော့ ဒီကြားထဲမှာ သမီးကပိုက်ဆံလှမ်းပို့မှာပဲ”
ဦးထွန်းကြည်က မြတ်မွန်ကိုဆက်ပြောသော်လည်းအရာမထင်။ မည်သို့ပင်တားတား သွားမည်ကသေ ချာသောကြောင့် နောက်ဆုံးတွင်အရှုံးပေးပြီး ခွင့်ပြုလိုက်ရသည်။
× × ×
မြတ်မွန် ရန်ကုန်တွင်အလုပ်ဝင်သည်က တစ်ပတ်ရှိပြီ။ အဖေဖြစ်သည်ကိုရှာမည်ဟု တေးထားသည့် ရုံးပိတ်ရက်တနင်္ဂနွေနေ့ကို ရောက်ရှိပြီဖြစ်သည်။ ဒီနေ့တွင်တော့ ဦးကျော်အောင်ထံ သွားမည်လုပ်ထားသည်။ ဦးထွန်းကြည်ညွှန်းလိုက်သည့်အတိုင်း ဦးကျော်အောင်နေသည့် မင်္ဂလာဒုံသို့သွားပြီး ကွက်သစ်ပိုင်းရပ်ကွက် အစွန်ဆင်ခြေဖုံးတွင် ဦးကျော်အောင်၏အိမ်ကိုတွေ့သည်။ အိမ်ရှေ့တွင် အမျိုးသမီးကြီးတစ်ဦး တံမြက်စည်း လှည်းနေသည်ကို တွေ့ရသည်။
“ဟိုလေ ဒီအိမ်က ဦးကျော်အောင်တို့အိမ်ဟုတ်ပါတယ်နော်”
“ဟုတ်တယ်သမီး။ ဦးကျော်အောင်ဆိုတာ အဒေါ့်အမျိုးသားပါ။ အခုတော့ ဆုံးသွားတာ သုံးနှစ်ပြည့် တော့မယ်။ ဘာကိစ္စရှိလို့လဲသမီး။ လာလာ၊ အိမ်ထဲမှာထိုင်လေ”
ရန်ကုန်မြို့သို့အရောက်ကြီးရောက်၊ ဦးကျော်အောင်၏အိမ်ကို အရှာကြီးရှာပြီးခါမှ ဦးကျော်အောင် မရှိတော့သည်ကိုကြားတော့ မြတ်မွန် အားလျော့သွားသည်။
“ဟုတ်ကဲ့အဒေါ် သမီးနာမည်မြတ်မွန်ပါ။ သမီးအဘိုးဦးထွန်းကြည်က ဦးကျော်အောင်နဲ့ စစ်တပ်မှာ တာဝန်ထမ်းတုန်းက လုပ်ဖော်ကိုင်ဖက်တွေပါ။ သမီးသိချင်တာလေးရှိလို့ အဘိုးက ဦးကျော်အောင်ဆီကို ညွှန်းလိုက်လို့ပါရှင့်”
“သြော်… အဒေါ်မှတ်မိပြီ။ ကိုထွန်းကြည်။ သမီးက သူ့မြေးနော်။ အဒေါ်နဲ့ကိုထွန်းကြည်ကတော့ မခင် ကြဘူး။ အဒေါ့်အမျိုးသားက အဒေါ်တို့လက်ထပ်ခါစက ပြောပြလို့ ကိုထွန်းကြည်နာမည်ကို ကြားဖူးနေတာ။ ကိုထွန်းကြည်က သူနဲ့စစ်ထဲကနေ အထူထွက်ခဲ့ကြတာတဲ့။ ကိုထွန်းကြည်မှာ သမီးတစ်ယောက်ရှိတယ်ပြော တယ်။ သူ့မြေးတောင် ဒီအရွယ်ရောက်နေပြီဆိုတော့….။ သြော်… နှစ်တွေလဲကြာခဲ့ပြီပေါ့”
“ဘယ်လိုအဒေါ်၊ သမီးအမေအကြောင်း သိတယ်ပေါ့။ သမီးလဲ အဲကိစ္စတွေသိချင်လို့ ရောက်လာတာပဲ။ အဖေကတော့ ရန်ကုန်မှာသက်ရှိထင်ရှားရှိအုံးမယ်လို့ အဘိုးကပြောတယ်။”
မြတ်မွန်လည်း သူမ၏အဖေရှာပုံတော်အကြောင်းကို အသေးစိတ်ရှင်းပြလိုက်သည်။
“ပြောရမှာလဲ စိတ်မကောင်းဘူးသမီးရယ်။ အဒေါ့်အမျိုးသားပြောတာကတော့ သမီးအဖေဆုံးသွားပြီ ဆိုပဲ။ မင်္ဂလာဒုံစစ်သင်္ချိုင်းမှာ သင်္ဂြိုလ်တယ်ပြောတယ်။ ဒါပေမဲ့သမီးရယ် အဒေါ်လဲမသဲကွဲလှဘူး။ အဒေါ့် အမျိုးသားက စစ်မှုထမ်းဟောင်း တော်တော်များများနဲ့ခင်တယ်။ နာမည်တူတာတွေရော။ တိုက်ပွဲကျရက် တူတာတွေရောဆိုတော့ ဘယ်သူဘယ်ဝါအကြောင်းကိုမှ အာမခံပြီးမပြောရဲဘူးကွယ့်”
မြတ်မွန်တစ်ယောက် ဝမ်းနည်းသွားမိသွားသည်။ ကလေးဘဝကတည်းက လိုချင်ခဲ့သောအဖေ။ အမြဲ တွေ့ချင်ခဲ့သောအဖေ။ နောက်ပြီး အားကိုးတကြီး လာရသောခရီး။ ထိုအရာအားလုံးက ဆပ်ပြာပူဖောင်းလေး သဖွယ် ဖောက်ခနဲပေါက်သွားလေသည်။
“အဒေါ်ရယ် သမီးမှာအဖေတော့ ရှိသေးတယ်မှတ်တာ။ အခုကျတော့လဲ အဖေလဲဆုံးတာကြာပြီကိုး။ ဟင့်…။ အင်းလေ ဘယ်တတ်နိုင်ပါ့မလဲ အဒေါ်ရယ်။ ဒါဆိုရင် သမီးအဖေကဘယ်သူတဲ့လဲဟင်။ မင်္ဂလာဒုံ စစ်သင်္ချိုင်းမှာ သေချာတယ်နော်”
“အဲဒီမှာ သမီးအဖေရှိမယ်လို့တော့ အဒေါ်အာမမခံဘူး။”
“အဲဒါတွေထားပါအဒေါ်ရယ် သမီးအဖေနာမည်ကို ပြောပြပါလားဟင်”
“ဦးဘထွန်းကြည်”
× × ×
နောက်တစ်ပတ်ရုံးပိတ်တော့ မြတ်မွန်တစ်ယောက် မင်္ဂလာဒုံစစ်သင်္ချိုင်းသို့သွားသည်။ သင်္ချိုင်းသည် သင်္ချိုင်းသာဆိုသော်လည်း အလွန်သာယာသည်။ ဝင်ဝင်ချင်းကြည့်လိုက်တော့ ကွယ်လွန်သူများ၏ နာမည်ကို ရေးထိုးထားသော ကြေးပြားဖုံးကမ္ဗည်းစာချပ်လေးများက မျက်စိတစ်ဆုံး အစီအရီရှိနေကြသည်။ ဤမျှများ ပြားသော နာမည်များကြားတွင် သူမအဖေနာမည် မည်သို့ရှာရမည်ကိုစဉ်းစားရင်း သက်ပြင်းချလိုက်မိသည်။ သို့သော် သူမအားတင်းရမည်။ ဤနေရာက အဖေနှင့်ပတ်သက်သည့် ကောက်ရိုးတစ်မျှင်ပင် ဖြစ်သည်။
သင်္ချိုင်းအတွင်း ဆက်ဝင်သွားတော့ ရှေ့မှာက အုတ်လက်ဝါးကပ်တိုင်ကြီး တစ်ခုရှိသည်။ ရှေ့ဆက်ပြီး လမ်းလျှောက်လိုက်သည်။ ဘယ်ညာဝဲယာက ကြေးပြားကမ္ဗည်းစာလေးများကိုကြည့်တော့ နာမည်အားလုံးက အင်္ဂလိပ်နာမည်ချည်းသာ ဖြစ်နေသည်။ ထို့ကြောင့် မြတ်မွန် ဇဝေဇဝါဖြစ်သွားသည်။ သေချာသည်က သူမရော သူ့အဖိုးရော ဗုဒ္ဓဘာသာဝင်များဖြစ်သည်။ အခုက ခရစ်ယာန်ဘာသာဝင်တို့၏ ဓလေ့အတိုင်း မှတ်တမ်းတင် ထားသည်ကိုသာ တွေ့ရသည်။ ဘေးဆီကနာမည်တွေ ရသလောက်ဖတ်ကြည့်ပြီး ဆက်လျှောက်သွားတော့ ရှေ့မှာ အုတ်စောင်းတန်းကြီးတစ်ဆောင် တွေ့ရသည်။ စောင်းတန်းအလယ် အမိုးပွင့်အဆောင်၏နံရံတွင် အင်္ဂလိပ်ဘာသာဖြင့် စာရေးထားသည်။
“1939 - 1945
HERE ARE RECORDED THE NAMES OF
TWENTY SEVEN THOUSAND SOLDIERS …”
အလို…။ သူမလွဲရော့လား။ အုတ်နံရံကြီးတွင် ရေးထိုးထားသောခုနှစ်က ၁၉၃၉ မှ ၁၉၄၅ ဖြစ်နေသည်။ သူမမမွေးခင် နှစ်များစွာကတည်းက သူမအဖေ သေဆုံးသွားနှင့်သည့်ပုံစံဆိုတော့ မြတ်မွန်တစ်ယောက် နားလည်ရခက်သွားသည်။ ထိုအတိုင်းဆိုလျှင် သူမအဖေက ဒီသင်္ချိုင်းတွင် ရှိပါ့မလား?
လူသားတို့၏ထုံးစံအတိုင်း မဖြစ်နိုင်သည်ကိုလည်း ‘ဖြစ်ရင်လဲဖြစ်မှာပါလေ’ ဟု လျှော့လျှော့ပေါ့ပေါ့ တွေးကာ ဖြေသိမ့်လိုက်သည်။ ဤနေရာတွင် အဖေရှိနိုင်သည်။ အနီးအနားက နာမည်ကမ္ဗည်းစာလေးများကို အရင်ဆုံးလိုက်ကြည့်သည်။ Mr. John, Mr. Smith, Mr. Joe Z အကုန်လုံး အင်္ဂလိပ်စာချည်း ဖြစ်နေသည်။
ရေးထိုးထားသော နာမည်များကို မည်မျှအာရုံစိုက်နေမိသည်မသိ။ ဘေးကိုငဲ့ကြည့်လိုက်တော့မှ ယောက်ျားလေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုသူက သူမထက် နှစ်နှစ်ခန့်ကြီးမည်ထင် သည်။ ပုံပန်းသဏ္ဌာန်က အသားဖြူဖြူ၊ အရပ်ရှည်ရှည်ဖြင့် ရုပ်ရည်ခံ့ညားသောသူ ဖြစ်သည်။ ထိုသူ့လက်ထဲမှာ နှင်းဆီပန်းတစ်စည်း ကိုင်ထားသည်။
“အဲဒါ ကျွန်တော့်အဘိုး နေရာလေးပေါ့ဗျာ။ ကျွန်တော် ကလေးကတည်းက ဆုံးသွားခဲ့တာဗျ။ ဒါနဲ့ ညီမ ကရော ဒီမှာပန်းစည်းလာထားတာပဲလား”
မြတ်မွန် ဘာပြန်ပြောရမည်မသိ။ သင်္ချိုင်းကုန်းမှာ လူအရှင်တစ်ယောက်ကို သန့်သန့်ပြန့်ပြန့် တွေ့ရ မည်ဟု မျှော်လင့်မထားခဲ့မိတော့ ကြောင်အမ်းအမ်းဖြစ်ချင်သလိုပင်။ ပြီးတော့ ထိုယောက်ျားလေးကိုလည်း ယခုလိုမြင်မြင်ချင်း ရင်းနှီးဖွယ်ကောင်းလိမ့်မည်ဟု မျှော်လင့်မထားမိခဲ့။
“အင်း… ဟုတ်တယ်” ဟုလည်း ပြီးပြီးရောမဖြေချင်။ ထို့ပြင် သူက ဤနေရာတွင် မကြာခဏပန်းစည်း လာချသူဖြစ်သဖြင့် အဖေ၏နာမည်ကို မြင်ဖူးကောင်းမြင်ဖူးနိုင်လောက်သည်။ ထို့ကြောင့် အဖေဖြစ်သူ၏နေရာ ကို လာရှာသည်ကို အမှန်အတိုင်းပြောပြလိုက်သည်။
“အစ်ကိုက တစ်လတစ်ခါ ပန်းစည်းလာချတာလေ။ ဆုံးသွားတဲ့အဘိုးက ခရစ်ယာန်ပါ။ အစ်ကိုက တော့ ဗုဒ္ဓဘာသာပေါ့။ ဒါနဲ့ ညီမအဆင်ပြေမယ်ဆို အစ်ကိုပါ ကူရှာပေးမယ်လေ။ အစ်ကိုသိထားတာကတော့ ဒီမှာ ခရစ်ယာန်တွေပဲရှိတယ်။”
“ကျေးဇူးတင်ပါတယ် အစ်ကိုရယ်။ ဘာပဲဖြစ်ဖြစ် ညီမကတော့ ရှာကြည့်ချင်သေးတယ် အစ်ကိုရ။ ဒီ အသက်အရွယ်အထိ အဖေနဲ့ပတ်သက်တာ ဘာတစ်ခုမှ မသိခဲ့၊ မမြင်ခဲ့ရဘူးဆိုတော့လေ။”
“အိုခေ။ အစ်ကိုကူရှာပေးမယ်လေ။ ဒါနဲ့ အစ်ကို့နာမည်က သူရိန်လွင်ပါ။ ညီမက…”
“မြတ်မွန်ပါအစ်ကို”
မြတ်မွန်နှင့် သူရိန်လွင် နာမည်ကမ္ဗည်းလေးများကို လက်လှမ်းမီသလောက် လိုက်ဖတ်သည်။ ဦးဘထွန်းကြည်ဟူသောနာမည် လုံးဝမရှိ။ သည်လိုနှင့် ညနေစောင်းသွားသည်။ နောက်နှစ်ပတ်နေလျှင် သူရိန်လွင်က ပန်းစည်းလာချဦးမည်ဟု ပြောသဖြင့် ထိုနေ့ကျမှထပ်လာရှာရန် ဆုံးဖြတ်လိုက်သည်။
× × ×
သည်ကြားထဲတွင် မြတ်မွန်နှင့်သူရိန်လွင် အမြဲတမ်းဖုန်းပြောဖြစ်ကြသည်။ သူရိန်လွင်က ကုမ္ပဏီ တစ်ခုက မန်နေဂျာ။ သူရိန်လွင့်ကုမ္ပဏီနှင့် မြတ်မွန်ကုမ္ပဏီက နီးသည်မို့ ညနေတချို့တွင် မုန့်အတူသွားစား ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မိန်းကလေးတစ်ဦးတည်း အဆောင်နေပြီးအလုပ်လုပ်နေရသူအဖို့ လူကြီး လူကောင်းပီသသော သူရိန်လွင်နှင့်တွေ့ဆုံရသည်က ကံကောင်းသည်ဆိုရမည်။
မြတ်မွန်ကတော့ သူမအဖေနာမည်တွေ့ရမည်ဟု သန္နိဋ္ဌာန်ချထားဆဲဖြစ်သည်။ ရုံးပိတ်များတွင် သူရိန်လွင်ပန်းစည်းချလျှင် စစ်သင်္ချိုင်းသို့လိုက်သွားပြီး နှစ်ထောင့်ခုနစ်ရာသော နာမည်များကြား၌ သူ့အဖေ၏ အမည်နာမကို ပိုက်စိပ်တိုက်ပြီးရှာသည်။
မြတ်မွန်တစ်ယောက် ဦးဘထွန်းကြည်ဟူသော နာမည်ကိုရှာနေသည်က ကမ္ဗည်းစာများ ကုန်လုနီးပြီ။ နောက်တစ်ခေါက်သာ လာရှာခဲ့လျှင် အကုန်အစင် ရှာပြီးနိုင်လိမ့်မည်။ သို့နှင့် နောက်တစ်ပတ်တွင် စစ်သင်္ချိုင်း တွင် နာမည်သွားရှာဖြစ်သည်။
× × ×
နောက်ဆုံးရှာရမည့် ကမ္ဗည်းစာများက ငါးဆယ်မျှသာ ကျန်တော့သည်။ နာမည်များဖတ်လိုက်တိုင်း အင်္ဂလိပ်နာမည်များသာ တွေ့ရသည်။ တချို့ကမ္ဗည်းများရှိ နာမည်များကတော့ အသံထွက်ဖတ်ကြည့်လျှင် မြန်မာနာမည်ဟု ယူဆဖွယ်ရာများရှိသည်။ နာမည်စာချပ်များ ရှာနေသည်က ငါးဆယ်မှ လေးဆယ်၊ လေးဆယ် မှ သုံးဆယ်၊ သုံးဆယ်မှ နှစ်ဆယ်၊ နှစ်ဆယ်မှ တစ်ဆယ် စသည်ဖြင့် တဖြည်းဖြည်း ရှာစရာနည်းလာသည်။ နောက်ဆုံး၌ နာမည်ရှာရန် ငါးချပ်မျှသာ ကျန်တော့သည်။
နောက်ဆုံးကျန် ကမ္ဗည်းစာငါးချပ်ကို မြတ်မွန် သေချာစွာဖတ်သည်။ ပထမဆုံးအချပ်က Mr. Zom Jim ၊ ဒုတိယအချပ်က Mr. Curter Z ၊ တတိယအချပ်က Mr. Bruno Pt ။ သူမဖတ်ရန် နှစ်ချပ်သာကျန်တော့သည်။ စတုတ္ထအချပ်ကို ဖတ်ကြည့်တော့ Mr. Pitt Zora ဟူသောအမည်။ ယခုနောက်ဆုံးအချပ်သာ ဖတ်စရာကျန် တော့သည်။ မြတ်မွန်စိတ်ထဲတွင် ဤကမ္ဗည်းစာ၌ သူမအဖေနာမည် ရေးထိုးထားရမည်ဟု လုံးဝမမျှော်လင့်ရဲ။
ရေးထိုးထားသောအမည်ကို အသံထွက်ပြီးဖတ်လိုက်သည်။ Mr. Alex JK ။ သေချာသွားပြီ။ မြတ်မွန်၏ အဖေ ဤစစ်သင်္ချိုင်းတွင် လုံးဝမရှိ။ သူမ တော်တော်ဒေါသထွက်သွားသည်။ ပထမဆုံး ရန်ကုန်သို့ညွှန်ပြလိုက် သော သူမအဘိုးဦးထွန်းကြည်ကို စိတ်တိုသွားမိသည်။ ပြီးတော့ ဦးကျော်အောင်၏ အမျိုးသမီး အဒေါ်ကြီးကို သင်္ချိုင်းကုန်းကိုမှ ညွှန်းရသလားဟု ဒေါသထွက်မိသည်။ ဒေါသထွက်နေဆဲမို့ အတွေးများက ကြာရှည်မခံ။ အတွေးတစ်မျိုး ပြောင်းသွားသည်။ အဘိုးကတားခဲ့ပါလျက် မိမိဘာသာ ရန်ကုန်ကိုလာမိခြင်းကြောင့် အခုလို ဖြစ်သည်ဟု တွေးပြန်သည်။ သို့နှင့် မြတ်မွန်တစ်ယောက် အကောင်းတွေးလိုက် အဆိုးတွေးလိုက် တစ်လှည့်စီ ဖြစ်ကာ အတွေးများ၏ဖိနှိပ်မှု၊ ဆန္ဒမပြည့်ခြင်း၏ ညှင်းပန်းမှုတို့ကို ခံစားလိုက်ရသည်။
× × ×
နောက်ဆုံးတွင် မြတ်မွန်လည်း အဖေရှာဖို့ ထပ်စုံစမ်းရန်လုပ်သည်။ ထိုကိစ္စက မလွယ်ကူမှန်းသိသည်။ စစ်သင်္ချိုင်းတွင် လွန်ခဲ့သည့်လေးလခန့်က သူမအဖေနာမည် ရှာမတွေ့ခဲ့ပါ။ သို့သော် လက်မလျှော့ချင်သေး။ ဦးကျော်အောင်၏ အမျိုးသမီး အဒေါ်ကြီးဆီ နောက်တစ်ခေါက်သွားဖို့လုပ်သည်။ ခက်သည်က အလုပ်လုံးဝ မအား။ ပိတ်ရက်ဆိုလျှင် အချိန်ပိုဆင်းပြီး လုပ်ရသည်ထိ အလုပ်ရှုပ်လာသည်။ လာမည့်လတွင် စာရေးမနှစ်ဦး ဝင်တော့မည်ဖြစ်၍သာ ခေတ္တမျှအပင်ပန်းခံနေရခြင်းဖြစ်သည်။
“ညီမတော့ အဖေ့ကိုရှာဖို့ လက်လျှော့ရတော့မယ်ထင်တယ် အစ်ကိုရယ်။ ပြီးတော့ အဓိပ္ပာယ်မရှိ တာတွေ လုပ်နေမိတယ်လို့ ကိုယ့်ကိုယ်ကို ခံစားရတယ်။”
“အစ်ကို ကိုယ်ချင်းစာပါတယ် ညီမရယ်။ ညီမကို မြင်မြင်ချင်း ရင်းရင်းနှီးနှီး ခံစားရတော့ ညီမခံစား ချက်ကို အစ်ကိုလွယ်လွယ်နဲ့ သဘောပေါက်တယ်။ ဒါနဲ့လေ ညီမနဲ့အစ်ကို ရင်းနှီးလာတာ တစ်နှစ်တောင် ပြည့် တော့မယ်နော်။”
“အင်း ဟုတ်တယ်နော်။ တစ်နှစ်တောင်ပြည့်တော့မယ်။ အချိန်တွေကလဲ မြန်လိုက်တာအစ်ကိုရယ်။”
“ဒါနဲ့ ညီမနဲ့ပတ်သက်ပြီး အစ်ကိုသိချင်နေတာလေး ရှိတယ်။ အဲဒါမေးလို့ရမလား။”
“အင်း မေးလေအစ်ကို။ အစ်ကိုက ဘာသိချင်လို့လဲ။”
“ဟိုလေ ညီမမှာ ရည်းစားရှိလားဟင်။”
“အာ… အစ်ကိုကလဲ မရှိပါဘူး။ အစ်ကိုတွေ့တဲ့အတိုင်းပဲလေ။ နေတော့လဲ အလုပ်နဲ့အဆောင်မှာ။ တွေ့နေကျသူဆိုလို့လဲ အစ်ကိုရယ်၊ ရုံးကအစ်မတချို့ရယ်ပဲ ရှိတာလေ။”
“ဟာ တကယ်လားညီမ။ အိုးဟိုး ပျော်လိုက်တာ။ အဲဒါဆိုညီမကို အစ်ကိုပြောစရာရှိတယ်။”
သူရိန်လွင်ဘာပြောမည်ကို မြတ်မွန်သိသည်။ သူမ ရည်းစားစကား ပြောခံရတော့မည်။ အမှန်အတိုင်း ပြောရလျှင် သူရိန်လွင်အပေါ် စိတ်ကူးယဉ်ခဲ့ဖူးသည်။ သူ ရည်းစားစကား ပြောလာလေမလားတော့ တွေးမိ သည်။ ယခုတော့ သူမပျော်ရွှင်ရတော့မည်။
“အစ်ကို ညီမကို ချစ်နေမိပြီကွာ”
× × ×
သူရိန်လွင်နှင့်မြတ်မွန် ချစ်သူတွေဖြစ်ခဲ့ကြသည်က နှစ်လပင်ကြာခဲ့ပြီ။ မြတ်မွန်အဖေကိစ္စလည်း ဘာသတင်းမျှ ထပ်မရ။ အဘိုးဖြစ်သူ ဦးထွန်းကြည်ကိုတော့ ပိုက်ဆံမှန်မှန် ပို့ဖြစ်သည်။ ဦးထွန်းကြည်လည်း သိပ်နေမကောင်းချင်လှ။ တီဘီရောဂါက မသက်သာဟုသိရသည်။
ယခုအချိန်တွင်တော့ မြတ်မွန်တစ်ယောက် ဦးထွန်းကြည်အပေါ် အလိုမကျမှုများ ကင်းစင်သွားခဲ့ပြီ ဖြစ်သည်။ ရန်ကုန်ရုံးတွင် အလုပ်လုပ်ခဲ့သည်က တစ်နှစ်ပြည့်ပြီးဖြစ်သည့်အပြင် စာရေးမနှစ်ယောက်လည်း ထပ်ရောက်လာခဲ့သည်။ မကြာခင် နယ်ရုံးကိုပြန်ပြီး စာရင်းဦးစီးပိုင်း လုပ်ကိုင်ပေးရတော့မည်။ ထို့ကြောင့် မြတ်မွန် အပျော်ကြီးပျော်နေသည်။ မကြာခင် လစာပိုမြင့်တော့မည်။ နယ်ရောက်လျှင် သူရိန်လွင်ကို အဘိုးနှင့် မိတ်ဆက်ပေးပြီး သူမတို့လက်ထပ်ကြမည်။ ထို့နောက် အဘိုးဖြစ်သူကို လိုလေသေးမရှိအောင်ထားပြီး ပြုစု သွားမည်။
မြတ်မွန်တစ်ယောက် အိပ်မက်ကမ္ဘာထဲတွင် အပျော်ကြီးပျော်ပြီး စိတ်ကူးယဉ်ထားသည်။
× × ×
လောကကြီး၌ အကောင်းနှင့်အဆိုး ဒွန်တွဲလာတတ်သည်ဆိုသည်က ယခုအခါတွင် မှန်ကန်ခဲ့သည် ဆိုရမည်လား။ မြတ်မွန်၏ပျော်ရွှင်မှုက ကြာရှည်မခံ။ ဦးထွန်းကြည်၏ တီဘီရောဂါက အခြေအနေဆိုးလာ ကြောင်း သူမထံဖုန်းဝင်လာသည်။ ထို့ကြောင့် အချိန်ဆိုင်းမနေဘဲ နယ်ပြန်ရန် ချက်ချင်းစီစဉ်ရသည်။
နယ်ပြောင်းဖို့ ရက်ပိုင်းသာလိုတော့သည်မို့ မထူးတော့ဘဲ တစ်ခါတည်းပြောင်းလိုက်သည်။ ထည့်စရာ၊ သိမ်းစရာ ပစ္စည်းအားလုံးကို သိမ်းကျုံးထုပ်ပိုးပြီး သူရိန်လွင်နှင့်အတူ နယ်သို့အမြန်ပြန်သည်။ ကားပေါ်တွင် မြတ်မွန် တောက်လျှောက်ငိုရင်း လိုက်လာခဲ့သည်။
“အဘိုးအခြေအနေက တော်တော်ဆိုးသွားတယ်ပြောတယ်။ ခါတိုင်းရက်တွေက သွားလာစားသောက် နေတာ။ အခုတော့ ချောင်းဆိုးတာသွေးပါြပီး တော်တော်မောနေတယ်ပြောတယ်။ ညီမလေ အဘိုးအပေါ် တာဝန်မကျေခဲ့ဘူး။ အဖေ့ကို တွေ့ချင်စိတ်နဲ့ အဘိုးကိုပစ်ထားခဲ့မိတယ် အစ်ကိုရယ်”
“မပူပါနဲ့တော့ ညီမရယ်။ မနက်ဆို အဘိုးဆီကိုရောက်ပြီပဲ။ ဘာပဲဖြစ်ဖြစ် အချိန်မီပါသေးတယ်။ အဘိုး ကိုညီမ တစ်သက်လုံး ပြုစုလို့ရတော့မှာပါကွာ။”
မနက်စောစောမှာ ကားကြီးဝင်းသို့ မြတ်မွန်တို့ရောက်သည်။ မြတ်မွန် အိမ်အမြန်ပြန်ရောက်ချင်လှပြီ။ ကားက အမြန်ယာဉ်ဖြစ်သည်ကိုပင် စီးဖူးသမျှကားထဲတွင် အနှေးဆုံးများလားဟု မြတ်မွန်ထင်နေမိသည်။
မြတ်မွန်တို့ လမ်းထဲကိုချိုးကွေ့ပြီး အိမ်ရှေ့ရောက်တော့ အိမ်မှာလူစည်ကားနေသည်။ မိန်းမကြီးတချို့ လည်းတွေ့ရသည်။ ယောက်ျားတချို့က ခုံများရွှေ့လျက်ရှိသည်။ ဘာများဖြစ်နေတာပါလိမ့်။ အိမ်ထဲကို မြတ်မွန် ပြေးဝင်သည်။ အိမ်ထဲမှာ ဆို့နင့်ဖွယ်မြင်ကွင်း ရှိနေသည်။ မြတ်မွန်၏အဘိုးက ခုတင်ပေါ်တွင် ပက်လက်က လေးဖြစ်နေသည်။ သေဆုံးခဲ့သည်မှာ ကြာသေးဟန်မတူ။ မြတ်မွန်ရင်ထဲ ဒိန်းဒိန်းဒိုင်းဒိုင်း ဖြစ်ကုန်သည်။ တစ်စုံ တစ်ခုက ပိတ်ဆို့ထားသယောင် ဘယ်ဘယ်ရင်အုံထဲရှိ နှလုံးသားပြင်းပြင်းထန်ထန် ခုန်နေခြင်းက မြတ်မွန်ကို ဆို့နင့်စေသည်။ ဘာလုပ်လို့ဘာကိုင်ရမည် မသိတော့ဘဲ ရုတ်တရက်ကြောင်တက်ပြီး မောဟိုက်လာသည်။
ပတ်ဝန်းကျင်ကလူတွေ ကြည့်လိုက်တော့ တစ်မျိုးထူးဆန်းနေသည်။ ပုံမှန်ဆို အဘိုးဖြစ်သူကို ပစ်ထား ခဲ့သည့်အတွက် သူမအပြစ်တင်ခံရတော့မည်။ ယခုက ချက်ချင်းပင်ဆီးကြိုကြသည်။ ရေခပ်သူက ခပ်ပေးသည်။ စိတ်ထိန်းခိုင်းသည်။ ငိုချလိုက်ပြောသူက ပြောသည်။ ဘေးအိမ်က အဒေါ်ကြီးဆို အနားက ကလေးကို ရှူဆေး ဘူး အယူခိုင်းသည်။ အလွန်အံ့ဩဖွယ် ကောင်းလှသည်။ မြတ်မွန်သိလိုက်ပြီ။ သူမမရှိခိုက်မှာ သူမက အဘိုးဖြစ် သူအတွက် ဆင်းရဲခံပြီး တစ်နယ်တစ်ကျေး အလုပ်သွားလုပ်နေသည်ဟု ဦးထွန်းကြည်က ပတ်ဝန်းကျင်ကို ပြောထားခဲ့သည်။ သူမအဘိုးပေါ် သူမမကောင်းခဲ့ပါ။ သို့သော် သူမအဘိုးက သူမကို အင်မတန်ချစ်ရှာသည်။ အင်မတန်ကောင်းခဲ့သည်။ ထို့ကြောင့် မြတ်မွန် အတော်ခံစားလိုက်ရပြီ။
“ဪ… အဘိုးရယ်။”
× × ×
ဦးထွန်းကြည်၏ ရက်လည်ပြီးတော့ မြတ်မွန်နှင့်သူရိန်လွင်တို့ အိမ်ကိုရှင်းဖြစ်သည်။ အိမ်ဆိုသည်မှာ လည်း လူနေ၍သာ အိမ်ဟုခေါ်ခြင်းဖြစ်သည်။ ဧည့်ခန်း၊ အိပ်ခန်း၊ ရေချိုးခန်း၊ မီးဖိုခန်း တို့ရှိသော အိမ်မဟုတ်။ မြေးအဘိုးနှစ်ယောက် နေရုံသာဆံ့သော ဘုရားစူးအိမ်သာဖြစ်သည်။
သန့်ရှင်းရေးလုပ်တော့ ဦးထွန်းကြည်၏ခုတင်အောက်က သေတ္တာလေးတစ်လုံး တွေ့သည်။ မြတ်မွန် ရော ဦးထွန်းကြည်ရော ထိုသေတ္တာကို ဘယ်တုန်းကမျှ အဖက်လုပ်ပြီး ဖွင့်မနေခဲ့ကြ။ ထိုသေတ္တာထဲမှာက အဝတ်ဟောင်းတချို့၊ စာအုပ်တချို့နှင့် တိုလီမိုလီပစ္စည်းတချို့ကို သောင်းပြောင်းထွေလာ ရောကာနှောကာ ထည့်ထားခြင်းသာဖြစ်သည်။
သေတ္တာကိုဖွင့်လိုက်တော့ ဆွေးမြည့်လုနီးနီး စစ်သားဝတ်အင်္ကျီတစ်ထည် အပေါ်ကဖုံးလျက်ရှိသည်။ ထိုအင်္ကျီအောက်မှာ မှတ်စုစာအုပ်သေးလေး နှစ်အုပ်။ မြတ်မွန်ငယ်ငယ်ကဆော့သော ဘိုမရုပ်လေးတစ်ရုပ်။ ပြီးတော့ အတိုအထွာပစ္စည်းတချို့ ရှိသည်။ မြတ်မွန်က အပေါ်ကအုပ်ထားသော ဦးထွန်းကြည်၏ အင်္ကျီအစိမ်း လေးကို ကောက်ယူလိုက်သည်။ ထိုအင်္ကျီကို မြတ်မွန်ဘဝတွင် ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။ ဦးထွန်းကြည် ထိုအဝတ်ဝတ်သည်ကို သူမတစ်ခါမှ မမြင်ဖူးခဲ့။ အင်္ကျီကို ဖြန့်ကြည့်လိုက်တော့ စစ်အဝတ်အစားတို့ ထုံးစံ အတိုင်း အိပ်များဖြင့် ချုပ်လုပ်ထားသည်ကို တွေ့ရသည်။ ရင်ဘတ်အိပ်၊ ခါးအိတ်၊ အတွင်းအိတ်။
သေတ္တာထဲတွင် အောင်းထားသည့် အင်္ကျီကိုတွေ့ခါမှ သူမငယ်ငယ်တုန်းက အကြောင်းအရာတချို့ကို သတိရမိလာသည်။ သူမငယ်ငယ်တုန်းက ဆောင်းတွင်းဘက် အနွေးထည်ဝတ်လျှင် အနွေးထည်အိတ်ထဲတွင် ပိုက်ဆံအကြွေများထည့်ထားရင်း ပြန်ထုတ်ဖို့မေ့နေတတ်သည်။ ဆောင်းကျွတ်၍ အနွေးထည်များမလျှော် ဖြစ်လျှင် နေပူပူမှာထုတ်လှမ်းပြီး သေတ္တာထဲထည့်သိမ်းရသည်။ နောက်နှစ်ဆောင်း ရောက်သည့်အခါ အနွေး ထည်ဝတ်ရင်း အိတ်ထဲကိုလက်နှိုက်မိခါမှ ယမန်နှစ်ကပိုက်ဆံကို ပြန်စမ်းမိတတ်သည်။ ထိုအဖြစ်လေးကို ရုတ်တရက် သတိရမိသောကြောင့် ဦးထွန်းကြည်၏ အင်္ကျီအိတ်လေးများကို တစ်အိတ်မကျန် လိုက်စမ်းသည်။
အပေါ်အင်္ကျီတွေထဲမှာတော့ ဘာမှမရှိ။ သည်တော့ အတွင်းအိတ်တွေရှာကြည့်သည်။ အတွင်းအိတ် တွင်လည်း ဘာမှထပ်မတွေ့။ နောက်ဆုံး ရင်ဘတ်နေရာတွင် စာရွက်ထူလိုလို မာခေါက်ခေါက်အရာတစ်ခုကို စမ်းမိသည်။ ဖွင့်ကြည်ရန်အတွက် အိတ်ပေါက်လည်းရှာမတွေ့။ အင်္ကျီကိုဖြဲပြီးရှာလျှင် ကောင်းမလားဟု စဉ်းစားမိသည်။ အထဲတွင် ဘာများရှိမလဲဟု သိလိုစိတ်က စိုးမိုးလာသည်။ အရေးအကြောင်းတွင် အိတ်ပေါက် ကလည်းရှာမတွေ့။
“အစ်ကို ညီမကို ကတ်ကြေးလေး လှမ်းပေးလိုက်ပါလား။”
မြတ်မွန် ဦးထွန်းကြည်အင်္ကျီကို ကတ်ကြေးဖြင့်ကိုက်လိုက်သည်။ ဘာများပါလိမ့်။ နှိုက်ထုတ်လိုက် တော့ ဟောင်းနွမ်းလှပြီဖြစ်သည့် ဓာတ်ပုံတစ်ပုံကို တွေ့ရသည်။ မြတ်မွန် ဓာတ်ပုံကို သေချာကြည့်လိုက်သည်။ ပြီးတော့ ဓာတ်ပုံ၏ကျောဘက်ကို လှန်ကြည့်လိုက်သည်။ ထို့နောက် မြတ်မွန်၏ မျက်နှာတစ်ခုလုံး သွေးမရှိ တော့သလို အံ့ဩမှင်တက်ပြီး ကျောက်ရုပ်ကဲ့သို့ မတုန်မလှုပ်ဖြစ်သွားသည်။
“မြတ်မွန် ညီမ ဘာဖြစ်တာလဲဟင်။ အစ်ကို့ကိုပြပါအုံး။ ဘာဓာတ်ပုံမို့လို့လဲဟင်။”
သူရိန်လွင် ဓာတ်ပုံကိုယူကြည့်လိုက်သည်။ ပြီးတော့ ဓာတ်ပုံ၏ကျောဘက်ကို ကြည့်သည်။ ထို့နောက် မြတ်မွန်ကဲ့သို့ပင် အံ့ဩမင်တက်သွားတော့သည်။ အကြောင်းမှာ ထိုဓာတ်ပုံသည် မြတ်မွန်ကလေးဘဝတုန်းက ဦးထွန်းကြည်နှင့် ရိုက်ကူးထားသောပုံဖြစ်ပြီး ဓာတ်ပုံနောက်ကျောက စာအရ ဦးထွန်းကြည်မှာ မြတ်မွန်၏ဖခင် ဖြစ်နေသောကြောင့် ဖြစ်သည်။
ကောလိယ ဝေယံမောင်မောင်
၂၀၁၃ ခုနှစ်၊ ဇွန်လ
Comments
Post a Comment