ဝက်၊ သရက်၊ လက်ဖက်တို့ ရသထင်ရှားကြောင်းဆိုရိုးကို အများသိပါတယ်။ ခေတ်အဆက်ဆက် ကျမ်း တွေလဲ သည်တိုင်းဖော်ပြသလို၊ မြန်မာစာအဖွဲ့ကလဲ သည်တိုင်းအတည်ပြုထားပါတယ်။
ဒါပေမဲ့ လူမှုကွန်ရက်ပေါ်မှာ ‘အမှန်ကိုအမှားလုပ်တဲ့ လိုရာဆွဲအဓိပ္ပာယ်တစ်ခု’ ပေါ်လာပါတယ်။ အားလုံးသိတာမှားကြောင်း၊ ‘အသားတွင်ဝက် - အသားတစ်ဝက်ဝက်ပြီး အရွက်နဲ့ရော၊ အသီးတွင်သရက် - အသီးဓာတ်က တစ်ရက်ပဲခံ၊ အရွက်မှာလက်ဖက် - အရွက်ကိုလက်နဲ့ဖဲ့မှ ကောင်းကြောင်း’ ရေးထားခြင်းပါ။
မူရင်းအဓိပ္ပာယ်မှန်ကို မိမိဆန္ဒနဲ့ တီထွင်အနက်ပြန်ခြင်းဟာ ဆိုရိုးပျက်စေပါတယ်။ စာပေမှာ အထောက်အထားခိုင်ဖို့ အထူးလိုပါတယ်။ ဒါကြောင့် မူလအဓိပ္ပာယ်သာမှန်ကြောင်း အထောက်အထား ပြပေး လိုက်ပါတယ်။
၁၊ ဂုတ္တခေတ်၊ ၄ရာစုခန့်၊ ကာလဒါသဝတ္ထုမှာ
“မံသေသု - အသားတွင်၊ သူကရော - ဝက်၊ ဖလေသု - အသီးတွင်၊ အမ္ဗော - သရက်၊ ပရမော - မြတ်၏။” လို့ ရည်ညွှန်းထားပါတယ်။
၂၊ ကုန်းဘောင်ခေတ်၊ ၁၂၂၅ခန့်၊ ဦးပုညရဲ့ လက်ဖက်မေတ္တာစာမှာ
“သူဟောင်းတို့စကား၊ ပညတ်ထားသည်မှာ၊ အသားတွင်လည်းဝက်၊ အသီးတွင်လည်းသရက်၊ အရွက်တွင်လည်းလက်ဖက်၊ သုံးချက်ဥပဒေတင်” လို့စပ်ဆိုထားပါတယ်။
၃၊ ကိုလိုနီခေတ်၊ ၁၂၆၆ခန့်၊ မန်လည်ဆရာတော်ရဲ့ မဃဒေဝလင်္ကာ၊ အပိုဒ်၅၄၈မှာ
“သီးတွင်သရက်၊ သားတွင်ဝက်ဟူ၊ မြစ်မူဂင်္ဂါ၊ ထူးမြတ်စွာသို့” လို့ဖွဲ့သီထားပါတယ်။
၄၊ ၁၉၉၆၊ မြန်မာဆိုရိုးစကား၊ အမှတ်စဉ် ၅၃၆ နဲ့ ၉၄၈ မှာ
“မံသေသု သူကရော၊ ဖလေသု အမ္ဗော”
“အသားတွင် ဝက်၊ အသီးတွင် သရက်၊ အရွက်တွင် လက်ဖက်” လို့ပြဌာန်းထားပါတယ်။
ဒါ့ကြောင့် မူရင်းအဓိပ္ပာယ်က ‘ဝက်၊ သရက်၊ လက်ဖက်’ ပဲမို့ အမှန်ကိုအမှားမလုပ်ကြဖို့ တိုက်တွန်း လိုက်ရပါတယ်။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment