ရေငုံနှုတ်ပိတ်နေသည့် ရေငုံဆရာတော်၊ စစ်ကိုင်းတောင် ရုပ်စုံကျောင်းနှင့် ကျွန်တော်

 



            စစ်ကိုင်းတောင်ရိုးမှာ ရုပ်စုံကျောင်းဆိုတာရှိတယ်။ တစ်ပါးကျောင်း ခပ်သေးသေး။ ဇာတ်ကြီးဆယ်ဘွဲ့ နဲ့ သစ်သားပန်းပု လက်ရာသိပ်မြောက်ပါတယ်။ ရှေးအင်းဝခေတ် အကျော်အမော် ရေငုံဆရာတော်ကြီး တပည့်ရဲ့ကျောင်းပါ။ 

 

ရေငုံဆရာတော်ဆိုတာ နရပတိမင်းလက်ထက် ဘုန်းကြီးပါ။ ပိဋကတ်သုံးပုံ ထုံးလိုမွှေ ရေလိုနှောက် တတ်သူပေါ့။ စာပို့ချချိန်ကလွဲရင် စကားမပြောဖြစ်အောင် ရေငုံနေလို့ ရေငုံဆရာတော် တွင်ပါတယ်။ ပုညရှင် စေတီမြောက်မှာ အေးအေးလူလူ သီတင်းသုံးတော်မူပါတယ်။

 

            အဲခေတ်မှာ ရှင်အရိယာဝံသဆိုတာရှိတယ်။ ကိုယ်ဝန်သည် ခေါင်းရွက်နိုင်လောက်တဲ့ ကျမ်းတွေရပေမဲ့ စာတတ်ခြင်းသဘောမသိဘူးတဲ့။ ဒါ့ကြောင့် ရေငုံဆရာတော်ကြီးထံ ပညာသင်သွားပါတယ်။ ဒါပေမဲ့ နှစ်ရက် ကြာတဲ့ထိ ရေငုံဆရာတော်ကြီး နှုတ်ဆိတ်နေပြီး သုံးရက်မြောက်မှသင်ပေးတယ်။ ဆရာတော်ကြီး သင်လိုက် တော့ သုံးရက်လောက်နဲ့ သဘောပေါက်သွားရသတဲ့။

 

            ဆရာတော်ကို ကျေးဇူးဆပ်တဲ့အနေနဲ့ ပုညရှင်စေတီ အရှေ့မြောက်ချောင်မှာ အသံတိတ်နေပြီး မဏိသာရမဉ္စူသာကျမ်း ရေးပါတယ်။ ဘုရင်ဒုတိယမင်းခေါင်ကလဲ ရှင်အရိယာဝံသကို အေးအေးသီတင်းသုံးဖို့ တစ်ပါးကျောင်း ဆောက်လှူပါတယ်။ သည်ကျောင်းက ရုပ်စုံကျောင်းပေါ့။

 

            သမိုင်းကို စိတ်ဝင်စားတဲ့ကျွန်တော် ရေငုံဆရာတော်အကြောင်းနဲ့ ရုပ်စုံကျောင်းသမိုင်း လေ့လာပြီး တစ်ခုတွေးမိတယ်။ “ဆိတ်ငြိမ်ခြင်းက အောင်မြင်ခြင်းခြေတစ်လှမ်း” ဆိုပြီးတော့ပါ။

 

ကောလိယ ဝေယံမောင်မောင်
 

Comments