(၂၆) မြီးရှည် (မှား) မြီးရှေ (မှန်)

 

            ဖတ်ဖူးသမျှဆိုင်းဘုတ်တွေထဲ ‘မြီးရှေ’ ဆိုတဲ့သတ်ပုံမှန် မတွေ့ဖူးသေးပါဘူး။ ‘မြီးရှည်’ ပဲရေးနေကြ တယ်။

 

‘မြီးရှေ’က တရုတ်ယူနန်စားစရာ  Mǐxiàn ပါ။ မြန်မာ့ရေးထုံးက သိပ်တိကျတယ်။ နိုင်ငံခြားအသံထွက် ကိုရေးရင် မြန်မာလိုအဓိပ္ပာယ်ရှိနှင့်ပြီးသား စကားလုံးကိုရှောင်တတ်တယ်။ တကယ်လို့ ‘မြီးရှည်’ လို့ရေးရင် ‘အမြီးရှည်’ အဓိပ္ပာယ်ဖြစ်သွားမှာ။ ဒါ့ကြောင့် အနီးဆုံးအသံထွက် ‘မြီးရှေ’ လို့ရေးခြင်းပါ။ သတ်ပုံကျမ်းနဲ့ အဘိဓာန်ကလဲ သည်အတိုင်းပဲရေးပါတယ်။ 

 

တရုတ်မှာခဏနေစဉ် မူလ‘မြီးရှေ’စားရတယ်။ ခေါက်ဆွဲမျှင်သေးနဲ့ချက်တဲ့ အရည်သောက်စားစရာပါ။ မန္တလေး‘မြီးရှေ’ ကတော့ ကော်နှစ်၊ အသား၊ ဆီချက် စတာတွေနဲ့လုပ်တဲ့ အသုပ်ပါ။ ရှမ်းတရုတ်လို့ အများခေါ် ကြတဲ့ မိုင်းသာလူမျိုးတို့ရဲ့ ‘မြီးရှေ’ ကတော့ တရုတ်လို ခေါက်ဆွဲမျှင်သေးပါတယ်။

 #စကားနှင့်စာမှတ်စရာ


Comments