(၂၇) ‘ဖြင့်’ နဲ့ ‘ဖြစ်’ ကွဲပြားအောင်အသံထွက်

 


          နေ့စဉ်သုံးစကားမှာ အသံထွက်မှန်ခြင်းက သိပ်အရေးမကြီးပါဘူး။ ဒေသသံ၊ လူမျိုးသံဝဲခြင်းကလဲ ပြဿနာမရှိပါဘူး။ အသံနဲ့တင်ဆက်သူဆိုရင်တော့ စံပြဖြစ်နေဖို့လိုပါတယ်။ တင်ဆက်ရင်းအသံမှားတာလဲ ကိစ္စမရှိပါဘူး။ ကျွန်တော်တို့ တင်ဆက်သူတိုင်း ဖြစ်လေ့ရှိပါတယ်။

ဒါပေမဲ့ နဂိုအသံထွက်မှားနေတာတို့၊ အသံကြိုသွင်းပြီး ပြန်နားထောင်၊ ပြန်တည်းဖြတ်နိုင်တာတို့ ဆိုရင်တော့ ပြုပြင်သင့်ပါတယ်။ မြန်မာစာ၊ မြန်မာစကားလေ့လာတဲ့ နိုင်ငံခြားသားတွေ များလာပြီမို့ နားထောင်သူရှင်းလင်းဖို့လဲ လိုအပ်ပြန်ပါတယ်။ ဒါ့ကြောင့် ကိုယ်တိုင်လဲ အမြဲဆန်းစစ်ရပါတယ်။

            နားထောင်မိသလောက် ‘ဖြင့်’ ကို ‘ဖြစ်’ ဆိုပြီးထွက်နေတာမျိုး တွေ့ရတယ်။ ဥပမာ -

ပရိသတ်များအနေ ဖြစ်

မိဘပြည်သူများအနေ ဖြစ်

‘ဖြင့် နဲ့ ဖြစ်’ က အဓိပ္ပာယ်လဲမတူသလို အသံထွက်လဲမတူပါဘူး။ နှုတ်ခမ်းကိုသုံးပြီး အသံထွက်တာ တူပေမဲ့ ‘ဖြင့်’ ကျ နှာခေါင်းသံပါမှ ထွက်လို့ရပါတယ်။

အသံမှားရင် အရေးပါမှားနိုင်ပါတယ်။ ဥပမာ “ကင်ဆာဖြင့် သေသည်” နဲ့ “ကင်ဆာဖြစ် သေသည်”  ဆိုတဲ့ ဝါကျနှစ်ခုဟာ အသံနီးစပ်ပါတယ်။ သည်နေရာမှာ ‘ဖြင့်နဲ့ဖြစ်’ မသဲကွဲရင် စာနဲ့လိုက်ရေးဖို့လဲ မသဲကွဲနိုင် ပါဘူး။ 

 ကောလိယ ဝေယံမောင်မောင်


Comments