ဆေးပညာနဲ့ ကျန်းမာရေးကဏ္ဍမှာ ‘လိင်ဆက်ဆံခြင်း’ ကို ‘ချစ်တင်းနှော’ ဆိုပြီး ဝင်္ကဝုတ္တိအလင်္ကာ လိုလို သုံးနှုန်းလာကြတာ စိတ်မကောင်းစရာပါ။ ‘ချစ်တင်းနှော’ ဆိုတာ ‘ချစ်စကားပြောခြင်း’ ဖြစ်ပါတယ်။
သီချင်းတွေမှာလဲ ပါပါတယ်။ ‘ရွှေမိုးလေးကညိုတယ်’ သီချင်းမှာ “ဝါဆိုဝါခေါင်မှာကွယ် ရွှေမိုးလေး တွေညိုတော့ ချစ်တင်းနှောခဲ့တာရယ်”။ ‘ချစ်မိုးကြီး’ သီချင်းမှာ “နှစ်ယောက်ချင်းလည်း သဘောတူညီ၊ ချစ်တင်းလည်း နှောကြသည်။”
သည်လို နူးညံ့ယဉ်ကျေးတဲ့ ‘ချစ်တင်းနှော’ ဆိုတဲ့စကားလုံးကို ‘လိင်ဆက်ဆံခြင်း’ လုပ်ပစ်တာ ရင်နာ လို့ မဆုံးဘူး။ (၂၀၀၀)ပြည့်နှစ်တစ်ဝိုက် မျိုးဆက်ပွားကျန်းမာရေးတွေရေးတဲ့ ကွယ်လွန်သူ စာရေးဆရာရဲ့စာ တွေမှာဆို အများဆုံးတွေ့ခဲ့ရတယ်။ ခေါင်းစဉ်တွေ၊ မာတိကာတွေကအစ ‘လိင်ကိစ္စ’ ကို ‘ချစ်တင်းနှော’ လို့ ပြောင်းရေးထားတယ်။ သည်နေ့ခေတ်မှာတော့ ‘ချစ်တင်းနှော’ က ‘လိင်ကိစ္စ’ သဘောဖြစ်သွားခဲ့ပါပြီ။
စာပေနဲ့စကားမှာ ကာလကြာလို့ ပြောင်းလဲတာတွေရှိပေမဲ့ လက်မခံသင့်တဲ့ အပြောင်းအလဲတွေ ရှိစမြဲ ပါ။ ဒါ့ကြောင့် စာပေနဲ့စကားကို တန်ဖိုးထားဖို့၊ အယဉ်ကိုအရိုင်းမလုပ်ဖို့ တိုက်တွန်းလိုက်ပါရစေ။
ကောလိယ ဝေယံမောင်မောင်
Comments
Post a Comment