| ပြာသိုလရာသီပန်း ခွာညို |
| ရှေးမြန်မာမင်းလက်ထက် မြင်းခင်းသဘင်သရုပ်ဖော် |
မြင်းရေး (၃၇)ရေးမှ (၄)ရေး
| မြင်းသည်တော် |
| အမေနေ့ပေါ်ပေါက်စေခဲ့သူ စာရေးဆရာ၊ ဒါရိုက်တာ ဦးသုခ |
| ကျွန်တော်နှင့် ပြင်ဦးလွင်ပန်းပွဲတော် (ဓာတ်ပုံ နေကာရံ) |
မြန်မာ့ဥတုသုံးပါးအနက် ဟေမန္တဥတု ခေါ် ဆောင်းရာသီမှာ အေးမြခြင်း၊ နေ့တာတို၍ ညတာရှည်ခြင်း၊ ပန်းမျိုးစုံပွင့်လန်းခြင်း၊ သီးနှံစုံဖြစ်ထွန်းခြင်း၊ ဆီးနှင်းကျခြင်း၊ တာတိုအထားခံစားဖွယ်များ တာရှည်ခံခြင်း စသည့် ဝိသေသထူးများ ဖြင့်ပြည့်စုံသည်။
ပြာသိုလသည် ဆယ့်နှစ်လရာသီ၏ ဒသမမြောက်လဖြစ်ပြီး ဆောင်းလယ်ရာသီ၌ပါ၀င်သည်။ ပြာသိုလသည် ရက်စုံလခေါ် ရက်(၃၀)လဖြစ်ပြီး ခရစ်ပြက္ခဒိန်အရ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်းကျရောက်သည်။ ရှေးလူများ မိုးလေလွတ်၍ စာဖိုအတွင်းမှပြာများသိုလှောင်ချိန်ဖြစ်သဖြင့် “ပြာသို” ဟုခေါ်ကြောင်း မှတ်ယူရသည်။ တချို့ကမူ “ပြာ” သည် “ပျား” ၊ “သို” သည် “လှောင်” ဖြစ်ပြီး ပျားရည်၊ ပျားသလက် စသည်တို့ကို သိမ်းစည်းသိုလှောင်သောလဖြစ်ကြောင်း ဆိုသည်။
ပြာသိုလ၏ ရာသီပန်းမှာ ခွာညိုပန်းဖြစ်သည်။ ခွာညိုပန်းကို အင်္ဂလိပ်ဘာသာဖြင့် Clematis Smilacifolia ဟုခေါ်သည်။ ပြာသိုလတွင် ဖုသျှနက္ခတ် စန်းယှဉ်သည်။ နဂါးခေါင်း တောင်သို့လှည့်သည်။ ရက်ရာဇာမှာ ကြာသပတေးနှင့် စနေဖြစ်ပြီး ပြဿဒါးမှာ ဗုဒ္ဓဟူးနှင့် သောကြာဖြစ်သည်။ ပြာသိုလ၏ရာသီပွဲတော်သည် မြင်းခင်းသဘင်ဖြစ်သည်။
မြင်းခင်းသဘင်
......................
ရာသီပွဲတော်များအနက် တန်ခူးလ - သင်္ကြန်ပွဲမှာ နှစ်ကူးယဉ်ကျေးမှုပွဲ၊ တန်ဆောင်မုန်းလ - ကထိန်ပွဲ စသည်မှာ ဘာသာရေးပွဲ ဖြစ်ပြီး နတ်တော်လ - မြင်းခင်းသဘင်မှာ ရှေးဘုရင်များ၏ စစ်ရေးပြပွဲဖြစ်သည်။ ဆယ့်နှစ်ရာသီအနက် စစ်ရေးပြပွဲနှစ်ရပ်ရှိသည်။ ရေတပ်အင်အားပြသသည့် တော်သလင်းလ - လှေပြိုင်ပွဲ (ရေခင်းပွဲ)နှင့် ကြည်းတပ်အင်အားပြသသော ပြာသိုလ - မြင်းခင်းသဘင်တို့ဖြစ်သည်။ မြင်းခင်းသဘင်ကို အင်္ဂလိပ်ဘာသာဖြင့် Equestrian Tourney Festival ဟုခေါ်သည်။
မှန်နန်းရာဇ၀င်တော်ကြီးတွင် ပုဂံဘုရင် ပျူစောထီးမင်းလက်ထက်က စစ်ရေးအောင်ပွဲ ကျင်းပကြောင်း ဖော်ပြထားသဖြင့် ပုဂံခေတ်ကတည်းက မြင်းခင်းတော် ခေါ် မြင်းခင်းသဘင်ရှိခဲ့ကြောင်းသိနိုင်သည်။ ပုဂံခေတ် ပြီးနောက် ပင်းယခေတ်၌မင်းပြုသော ရှမ်းညီနောင်သုံးဦးမှ ပင်းယတစ်စီးရှင်သီဟသူလက်ထက် မြန်မာ သက္ကရာဇ် (၆၇၄)ခု၊ ခရစ်သက္ကရာဇ် (၁၃၁၂)တွင် “ခါးပတ်တော်မှာ ရွှေချည်စုံ” ကာချင်းပေါ်ပေါက်ခဲ့သည်။ ထိုကာချင်းအရ ပင်းယခေတ်တွင်လည်း မြင်းခင်းသဘင်ရှိကြောင်း ဆိုနိုင်သည်။
မြင်းခင်းသဘင်ဟုဆိုသော်လည်း ကြည်းတပ်တွင်ပါ၀င်သည့် ဆင်တပ်၊ မြင်းတပ်၊ စစ်ရထားတပ်၊ ခြေလျင်တပ် စသည်တို့လည်းပါ၀င်သည်။ မြင်းခင်းသဘင်ကို ပြာသိုလတွင်ရော တပို့တွဲလတွင်ပါ ကျင်းပလေ့ရှိခဲ့သည်။ ညောင်ရမ်းခေတ်တွင်လည်း မြင်းခင်းသဘင်တော်ကို စည်ကားစွာကျင်းပခဲ့ကြသည်။ ညောင်ရမ်းခေတ်မြင်းခင်းသဘင် အကြောင်းကို အင်ရုံရွာစား ဝန်ကြီးသီရိဥဇနာ၏ လောကဗျူဟာကျမ်း (အင်ရုံစာတမ်း)တွင် ဖော်ပြထားသည်။
မြင်းခင်းသဘင်ကို တပို့တွဲလတွင်လည်း ကျင်းပခဲ့သည်။ တပို့တွဲလဆန်း (၁၊ ၃၊ ၅၊ ၇) ရက်၊ လေးရက်ကျင်းပသည်။ ပြာသိုလ - မြင်းခင်းသဘင်မှာမူ သုံးရက်ကျင်းပပြီးတိုင်း တစ်ရက်နားသည်။ မြင်းခင်းသဘင်များကို ရက်ဆက်ကျင်းပလေ့ မရှိပေ။
ကုန်းဘောင်ခေတ်မြင်းခင်းသဘင်
................................................
မန္တလေးရတနာပုံ နေပြည်တော်မြောက်ဘက်ရှိ ကွင်းတွင်ကျင်းပသည်။ အလျားတစ်မိုင်၊ အနံနှစ်ဖာလုံ ခန့်ရှိသည်။ စက်ကွင်းလှံထိုးနေရာ၊ မြင်းရေး(၃၇)ရေးစီးသည့်နေရာ၊ မြင်းရည်တက်၊ ဓားခုတ်၊ လှံထိုးနေရာ၊ ကူလီကစားသည့်နေရာ စသဖြင့်ခွဲထားသည်။
မင်း၊ မိဘုရား၊ သမီးတော်များ ရှုစားရန် ယာယီမဏ္ဍပ်များထားသည်။ ကွင်း၏ လက်ယာဘက်၌ စက်ကွင်းလှံထိုးသည့် စက်ခုံများရှိသည်။ စက်ခုံတွင် အမြင့်(၂)တောင် (၂၅၊ ၄ဝ၊ ၆ဝ) စသည့် စက်ခွက်များစိုက်ထားသည်။ စက်ခွက်တိုင်ထိပ်မှ ခိုင်သောကြိုးတစ်ချောင်း ဆွဲချထားသည့်အတွက် စက်ခွက်ကို လှံစူးဝင်ငြိလျှင် အောက်မှယင်းလှံကို ကြိုးဖြင့်လှုပ်ပြီး ဆွဲချနိုင်သည်။ လှံထိုးကို စက်တွင်းတည့်အောင် ထိုးနိုင်သူမှာ စစ်ပွဲ၏အခရာပုဂ္ဂိုလ်ဖြစ်သည်။
မင်းသား၊ မှူးမတ်တော်တို့အားလုံး စက်ကွင်းလှံထိုးပွဲ၌ စွမ်းရည်ပြကြရသည်။ မပြလျှင် အရည်အချင်းမဲ့သူအဖြစ် သတ်မှတ်သည်။ အသက်ကြီးသော ဝန်ကြီးများမှာ လွတ်ငြိမ်းခွင့်ရသည်။ စွမ်းရည်ပြနိုင်သူများကို မင်း၊ မိဖုရားတို့မှ ဆုလာဘ်မြှောက်စားသည်။
ရတနာပုံမြို့တည်၊နန်းတည် ဘ၀ရှင် မင်းတုန်းမင်းလက်ထက်တော်က မြင်းခင်းသဘင်ကိုမူ လွှတ်တော်ရှေ့ မြေကွက်လပ်တွင် ကျင်းပခဲ့သည်။ မြင်းရေး(၃၇)ရေးကို မင်းသားများ၊ အမတ်များ စီးနေချိန်၌ မြင်းရေး(၃၇)ချင်း သီချင်းများကို စိန်ဆိုင်း၊ မြဆိုင်းတို့ဖြင့် တီးမှုတ်ပြီး မင်းသားများက တီးလုံးနှင့်အလိုက် လေး ဘက်လေးသားကျအောင် စီးပြရသည်။ မြင်းစီးပုံစီးနည်းဖြစ်သည့် မြင်းရေး(၃၇)ရေးနှင့် တွဲဖက်ပြုလုပ်သော အဲမောင်း (လှံရှည်) (၃၇)ရေး မှာ မှတ်သားဖွယ်ကောင်းသည်။
မြင်းရေး(၃၇)ရေး နှင့် အဲမောင်း(၃၇)ရေး
...........................................................
စဉ် မြင်းရေးအမည် - အဲမောင်းရေးအမည်
၁ ပယ်၀န်း - သက်တင်ရေသောက်ဟန်
၂ ပယ်စိတ် - ခြင်္သေ့တန်းဆွဲဟန်
၃ ပယ်ခွဲ - စလွယ်တင်ဟန်
၄ စန္ဒရယုက် - သိကြားတန်ဆောင်ကိုင်ဟန်
၅ လေးကျွန်းမှန်ကူ - ဗြဟ္မာလက်လှမ်းဟန်
၆ ဘုံနန်းတန်ဆောင် - ကဦးဟန်
၇ စွန်ဝဲ - ဟင်္သာတောင်ယှက်ဟန်
၈ ဆင်ထူး - စွန်တောင်ဖြန့်ဟန်
၉ ရှေ့နန်းထိုင်ချီ - ကြင်စပန်းတင်ဟန်
၁၀ ကြာချပ် - တင်ပိုက်စီးဟန်
၁၁ အုန်းပင်ရေသွန်း - ဂဠုန်တောင်ညှက်ဟန်
၁၂ နွယ်ထက် - တိမ်ခြည်ဖုံးဟန်
၁၃ စွန်သုတ် - တံပိုးသွဲ့ဟန်
၁၄ ရှစ်မြှောင့်ခိုနန်း - အမြီးသွေးဟန်
၁၅ လက်ယာဆက်ကြာဖူး - လက်ဝစလွယ်တင်ဟန်
၁၆ နွယ်၀င် - ခြည်လုံးရစ်လည်ဟန်
၁၇ နဝတတ်ရေလည် - ကြက်မိုးစွတ်ခါဟန်
၁၈ ရာဇမတ် - ရေရစ်လည်ဟန်
၁၉ ခိုနန်းပုံလိမ် - ကညောင်းတင်ဟန်
၂၀ ရွှေတံခွန် - ပင်လယ်တောင်ဝှေးခွဲဟန်
၂၁ မြင်းမိုရ်ပုံလိပ် - လက်ဝဲကဦးဟန်
၂၂ ကြာယပ် - လက်ဝဲရင်အုပ်ဟန်
၂၃ နတ်သားဗိမာန် - လက်ယာရင်အုပ်ဟန်
၂၄ ကျွဲတုံးတင် - ရေပြွက်ဟန်လွဲဟန်
၂၅ မင်တင် - ဝါကြိတ်လိမ်ဟန်
၂၆ ကွန်းရုံးတက် - ချည်သွတ်ဟန်
၂၇ ခရုပတ် - ပုစ္ဆာတန်းဆွဲဟန်
၂၈ အောက်ချင်းပုံတံဆိပ် - ရွှေလှံမောက်တိုရိပ် ကစားဟန်
၂၉ ပိုးချည်လွှာ - ဘယ်ညာလှံရေး ကစားဟန်
၃၀ ကြာသွတ်အိုး - ရွှေလှံဝဲရစ်ထောက် ကစားဟန်
၃၁ ရွှေတံဆိပ် - ဆင်ကန်းတောတိုးဟန်
၃၂ ယန်းကျင်ပတ်သန်း - သမက်စောင်ရန်းစီးဟန်
၃၃ ဘီးလူးတိုင်ရေးလှ - ရွှေလှံကျားမြီးဆွဲဟန်
၃၄ ဘီလူးပုခက်စီး - ကျွဲမြီးခတ်ဟန်
၃၅ ဘီလူးနားထွင်း - ရွှေလှံဆံထုံးရစ်ဟန်
၃၆ ဟန်ယဉ် - ရွှေလှံလက်ဝဲကိုင်ဟန်
၃၇ ရေကန်သက်ဆင်း - ရွှေလှံဘယ်ညာလွှဲဟန်
မြင်းကိုဒုန်းစီးလာသည့် မင်းသားများ ဘုရင့်ရှေ့ရောက်လျှင် အမှုထမ်းများ အပေါ်မြှောက်ပေးလိုက်သည့် ရှောက်သီးကို လှံဖြင့်ပြေးထိုးယူရသည်။ ၎င်းနောက် မြင်းခြောက်စီးတွဲ၊ ခုနှစ်စီးတွဲ ထွက်လာပြီး မြေပေါ် လှိမ့်ပေးလိုက်သော ရှောက်သီးများကို မင်းသားများက မြင်းပြေးနေရင်းလှံဖြင့်ထိုးပြီး အပေါ်မြှောက်ပစ်သည်။ အောက်ကျသော ရှောက်သီးများကို လှံများဖြင့်ခံ၍ စိုက်၀င်အောင် လုပ်ကြရသည်။ လှံများတွင် ရှောက်သီးဆယ်လုံး၊ ဆယ့်နှစ်လုံးအထိရသူများလည်းရှိသည်။
လှံထိုးပြီးလျှင် ဓားခုတ်လည်းရှိသည်။ မြင်းစီးရင်း ငှက်ပျောပင်၊ ကြံပင်တို့ကို ဓားဖြင့်တိခနဲပြတ်အောင် ဘယ်ပြန်ညာပြန်ခုတ်ရသည်။ ပြတ်ပြီးကျလုနီးပါးအပင်များ နောက်မြင်းစီးသမားက ဘယ်ပြန်ညာပြန် ခုတ်ရပြန်သည်။ ငှက်ပျောငုတ်တိုများပေါ်၌ ရေပြည့်သောအိုးငယ်များတင်ထားပြီး ငှက်ပျောမလဲ၊ ရေအိုးမကျအောင် ခုတ်ခြင်း၊ မြင်းဒုန်းစီးရင်းရှေ့မှပစ်သောရှောက်သီးများ ဓားဖြင့်ခုတ်ခြင်း၊ သုံးတောင်ခန့်အမြင့် တိုင်ငုတ်ပေါ်ရှိ မီးတောက်နေသောကျောက်ဖယောင်းတိုင်အလည်ကို ဓားဖြင့်ကွက်ခြင်း၊ မီးညွန့်ကို ဓားဖြင့်ကွက်ရခြင်း၊ ကျပ်လုံးခန့်တုတ်သောသံချောင်းကို ဓားဖြင့်တစ်ချက်တည်းခုတ်ခြင်း၊ ထပ်ထားသော ကြေးနီဒင်္ဂါး (၁၆)ပြားကို ဓားဖြင့်ထပ်ခြမ်းခုတ်ရခြင်း စသည်တို့ပါ၀င်သည်။ ဓားခုတ်ပြီး ဓားရေးဆက်ပြရသည်။ နန်းတွင်း ဓားနှစ်လက်သိုင်း ဓားရေး(၃၇)ရေးရှိသည်။
စွမ်းရည်ထူးချွန်သူများကို မင်းနှင့်မိဖုရားတို့က ရွှေဖလား၊ ငွေဖလား၊ သဇင်ပန်း၊ ရွှေကျင်ခတ်ပဝါ တို့ဖြင့် ဆုချီးမြှင့်သည်။ မိဖုရားကြီး၏ ရွှေကျင်ခတ်ပုဝါ သုံးခါတိုင်ရသူများက စွမ်းရည်အမြင့်ဆုံးဖြစ်သည်။ မြန်မာ့ထီးနန်း၏ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက် ပထမဆုံးမြင်းခင်းသဘင်ကို နန်းစံပြီး(၂)လကျော်အကြာ၊ (၁၈၇၈) ခုနှစ်၊ ဒီဇင်ဘာလ(၃)ရက်တွင်ကျင်းပခဲ့သည်။
အမေနေ့
..............
ပြာသိုလပြည့်နေ့တိုင်း ကျင်းပသည်။ အမေများနေ့လည်းမဟုတ်၊ အမေ့နေ့လည်းမဟုတ် ''အမေနေ့'' ဖြစ်သည်။ စာရေးဆရာ၊ ဒါရိုက်တာ အကယ်ဒမီ ဦးသုခကြောင့် မန္တလေး အခြေပြု အမေနေ့ စတင်ပေါ်ပေါက်လာရသည်။ ဦးသုခက လုပ်သားပြည်သူနေ့စဉ်သတင်းစာတွင် “ထိုတစ်နေ့” အမည်ရှိသော ဆောင်းပါးရေးသားခဲ့သည်။ ဆောင်းပါးတွင် ပြာသိုလပြည့်၏ လရောင်မှာ အေးမြသဖြင့် အမေနှင့် တူကြောင်း၊ ထို့ကြောင့် အမေနေ့ကျင်းပသင့်ကြောင်း တိုက်တွန်းသည်။
ထိုအချက်ကို အကောင်အထည်ဖော်၍ ဦးဖုန်းမြင့်အောင်က အမေနေ့ကို စတင်ကျင်းပခဲ့သည်။ (၁၉၉၅) ခုတွင် ဦးသုခကိုယ်တိုင် လာရောက်၍ အမေနေ့နှင့်ပတ်သက်၍ ဟောပြောပေးခဲ့သည်။ ထိုစဉ်က အမေနေ့ ကျင်းပရေးအတွက် စာရေးဆရာ လုထူဒေါ်အမာ၊ အရီးတောင်း ဦးကျော်သိန်း၊ တက်နေ၀န်းဓာတ်ပုံ ဦးစန်းမောင် တို့က နာယကအဖြစ် ဆောင်ရွက်ခဲ့ကြသည်။
ဆရာတော်များ၊ စာရေးဆရာများက မိခင်ဂုဏ်ရည်များ နှစ်စဉ်ဟောပြောကြသည်။ ပွဲကို မန္တလေးမြို့ (၃၅)လမ်းနှင့် (၈၅)လမ်းထောင့်၊ ပရိယတ္တိသာသနာ့ဟိတအသင်း သာသနာ့ဗိမာန်၌ ကျင်းပသည်။ အမေနေ့ မကျင်းပမီ(၅)ရက်တွင် မိဘခြေရာခံယူပွဲကျင်းပသည်။ နှစ်စဉ် အမေနေ့၀တ္ထုတိုပြိုင်ပွဲများလည်း ကျင်းပသည်။
ပြင်ဦးလွင်ပန်းပွဲတော်
...............................
ပြာသိုလအတွင်း နှစ်စဉ်ကျင်းပသောပွဲတော်များ၌ ပြင်ဦးလွင်ပန်းပွဲတော်လည်းပါ၀င်သည်။ ယခင် မေမြို့ခေါ် ပြင်ဦးလွင်မြို့၊ အမျိုးသားကန်တော်ကြီးဥယျာဉ်အတွင်း၌ ပန်းမျိုးစိတ်များစွာစိုက်ပျိုး၍ အလှဆင်ပြသသည်။ (၂၀၀၆)ခုနှစ်၊ ဒီဇင်ဘာလက စတင်ကျင်းပခဲ့ပြီး ငါးရက်တာပြသခဲ့သည်။ ထိုစဉ်က ပြည်တွင်းပန်း မျိုးစိတ် (၁၆)မျိုး၊ ပြည်ပန်းမျိုးစိတ် အမျိုး(၇၀)ပါ၀င်သော ပန်းပေါင်း(၇)သန်းကျော်ဖြင့် အလှဆင်ခဲ့သည်။
(၂၀၁၇)ခုနှစ်၊ ဒီဇင်ဘာ(၁၆)ရက်မှ (၃၁)ရက်နေ့အထိကျင်းပခဲ့သော (၁၂)ကြိမ်မြောက် ပြင်ဦးလွင်ပန်းပွဲတော်တွင် ပန်းအစစ်ချည်း (၁)သိန်း (၉)သောင်းခန့်ပျိုး၍အလှဆင်ခဲ့သည်။ ပန်းများဖြင့်ပုံဖော်ထားသော ရုပ်လုံးရုပ်ကြွ(၇)ခုလည်းပါ၀င်သည်။
မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များသည် မြန်မာတို့၏ ဂုဏ်ယူဖွယ်အမွေအနှစ်များဖြစ်သည်။ ခေတ်မီပွဲတော်များ ပိုမိုများပြားသောယနေ့ကာလတွင် ကမ္ဘာကြီး၏စိတ်၀င်စားမှု မြင့်တက်လာသော မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို နိုင်ငံသူနိုင်ငံသားအားလုံး ဆတိုးထိန်းသိမ်းသင့်တော့သည်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း၊ ၂၀၁၈၊ ဇန်နဝါရီ
#ကောလိယဝေယံမောင်မောင်
#WaiYanMaungMaung
#KawliyaWaiYanMaungMaung
Comments
Post a Comment