ဆရာလည်းအမေ၊ အမေလည်းအမေ

 

        ကျွန်တော့်ကိုမွေးမည့်ရက်က အင်္ဂါနေ့ဖြစ်၏။ ဇာတာခွင်အရ အင်္ဂါနေ့မွေးမည်ဆိုလျှင် မရဏဖွားဖြစ်မည်မို့ သားလေးအတွက်မကောင်းဟု အဘိုးဗေဒင်တွက်တော့ ဆရာ၀န်ကို ခွဲခန်းထဲ၀င်မှ ရတော့မည်လားဟု အပူကပ်သည်။ ဆရာ၀န်က ခဏဆိုင်းလျှင်ရသေးသည်ဟုပြော၍ အမေတစ်ယောက် ဗိုက်နာကြီးကို ည(၁၂)နာရီကျော်အထိ အောင့်အီးသည်းခံပြီးမှမွေးခဲ့သည်။ ထို့ကြောင့် ဗေဒင်ဝါသနာအိုးအဘိုးက အမေ့ကျေးဇူးကြောင့် ကျွန်တော်အညံ့လွတ်သည်ဟု စကားစပ်ကြုံတိုင်းပြောခဲ့ဖူးသည်။ 
 
        ကျွန်တော့်အမေက ကျောင်းဆရာမတစ်ယောက်မို့ ပညာရေးကိုအလွန်တရာပင် တန်ဖိုးထားလှသည်။ သူ၏တပည့်များကို သင်ပေးနေသော န၀မတန်း၊ မြန်မာဖတ်စာမှ ပါရာယန၀တ္ထုမှာ ပညာသာလျှင် အပြစ်အကျိုးခွဲခြားနိုင်ကြောင်းများ၊ ပတ္တမြားရွှေဂူကို ဥာဏ်ပညာမဲ့၀က်များက ရွှံ့လူးပွတ်တိုက်သော်လည်း ပွတ်လေအရောင်ထွက်လေဖြစ်ကြောင်းတို့ကို ကျွန်တော်နားအတော်စွဲခဲ့သည်။ ထို့ကြောင့်လားမသိ ကျွန်တော်ငယ်ငယ်ကတည်းက ပညာသင်ဖို့ရာ အတော်ပင်စိတ်၀င်စားခဲ့သည်။
 
        အမေ့ကျောင်းက ကျွန်တော်တို့အိမ်နှင့်ဝေးလှသည့် တစ်ဖက်မြို့နယ်မှာရှိသည်မို့ အမေ့ခမျာ မနက်စောစောဆိုလျှင် စက်ဘီးနင်း၍ အသော့နှင့်ရရှာသည်။ နေ့တိုင်း အိမ်သားများမထသေးသည့်အချိန်၌ ထ၍ အဝေးအလံအရပ်တွင် ကျောင်းဆရာမလုပ်ရသည်မှာ မလွယ်ကူလှပါ။ ထို့ထက်မလွယ်ကူသည်မှာ မနက်ကျောင်းမသွားခင် တစ်အိမ်လုံးစာ ထမင်းဟင်းချက်ပြုတ်ရခြင်းဖြစ်သည်။ ထို့နောက် ရေအလျင်ချိုးပြီး ဘုရားဆွမ်းတင်သည်။ ပြီးလျှင် ထမင်းချိုင့်၊ ရေဘူး၊ လက်သုတ်ပုဝါတို့ပါသော ကြိမ်ခြင်းအိုခပ်ညိုညိုကို စက်ဘီးခြင်းထဲထည့်ပြီး စက်ဘီးကိုနင်း၍ ကျောင်းရှိရာ တစ်ဖက်မြို့နယ်သို့ သွားရတော့သည်။ 
 
        ပူအိုက်လှသော နွေမနက်ခင်းများတွင် အိုက်စပ်မှုကြားက အိမ်မှုတာ၀န်များလုပ်ပြီး ကျောင်းသွားရသဖြင့် အမေ့မျက်နှာပေါ်မှ သနပ်ခါးများသည် မနက်ကတည်းကပင် ချွေးများကွက်ရသည်။ ထမင်းချက်သောနေရာသည် အိမ်နောက်လဟာပြင်ဖြစ်သဖြင့် မိုးရာသီဆိုလျှင် မနက်မနက် အခက်ကြုံရတတ်သည်။ ကျောင်းသွားတော့မည်ဆိုလျှင် ကောင်းကင်ယံကြည့်ပြီး မိုးသားများ ရှစ်ခွင်တိုင်း မှုန်မှိုင်း၍နေပြီဆို သတိထား၍သွားရသည်။ အေးချမ်းလှသော ဆောင်းရာသီမနက်ခင်းများဆိုလျှင် ချမ်းချမ်းစီးစီးထလျက် အိမ်နောက်လဟာပြင်တွင် ထင်းမီးဖြင့်ချက်ပြုတ်ရသည်။ ကြာကြာထိလျှင် ရေစိုသော နှင်းမြူလေများကြားကို စက်ဘီးဖြင့်ဖြတ်နင်း၍ ကျောင်းသွားရသည်။ ကျွန်တော့်အမေဖြစ်သူမှာ နွေမိုးဆောင်းသုံးရာသီကို အံတုနိုင်သူဖြစ်ကြောင်း ကျွန်တော်ငယ်ရွယ်စဉ်က ကောင်းစွာသတိမထားမိခဲ့ပါ။
 
        ညနေပိုင်း အမေကျောင်းမှ ပြန်လာလျှင် အမေ့စက်ဘီးခြင်းထဲမှာ ဘာမုန့်ပါလာလဲသိဖို့ ခြံစည်းရိုး၌ ကျွန်တော်အမြဲမျှော်ခဲ့ဖူးသည်။ အမေကလည်း နေ့စဉ်မုန့်တစ်ခုခုပါလာမြဲ။ ထိုစဉ်က မုန့်ကိုမည်းနေသည်မို့ အမေပင်ပန်းလာသလားဆိုတာမသိ။ အမေက တစ်နေကုန်စာသင်ပြီး အဝေးမြို့နယ်မှ စက်ဘီးနင်းလာ၍ မောနေပါလျက် ရေသောက်ရန် ရေအိုးဆီအရင်မသွားဘဲ စက်ဘီးဒေါက်ထောက်ပြီး မုန့်ကိုအရင်ထုတ်ပေးတတ်သည်။ စာမေးပွဲရှိလျှင် အိမ်မှာစစ်ဖို့ ကြိုးချည်၍သယ်လာသည့် အဖြေလွှာစာအုပ်တွေ ပါလျှင်လည်း အရင်မချဘဲ မုန့်ကိုအရင်ထုတ်ပေးတတ်သည်။ ထိုရက်များတွင် မိုးရွာခဲ့လိုက်လျှင် လမ်းခရီး၌ အဖြေလွှာစာအုပ်များဖြင့် ဒုက္ခများသည်ကို ထိုချိန်က ကျွန်တော်သိခဲ့သင့်ပါသည်။
 
        ကျွန်တော်က ကြက်ဆီထမင်းကြိုက်သည်မို့ စုဘူးပြည့်တိုင်း ၀ယ်စားခဲ့သည်။ တစ်ခါက အမေတို့ကျောင်းအုပ်ကြီး အငြိမ်းစားယူနှုတ်ဆက်တော့ အမေတို့ကျောင်းမှာ ကြက်ဆီထမင်းကျွေးသည်။ ကျွန်တော့်အကြောင်းကိုသိသော အမေက မစားရက်ခဲ့ပါ။ ထို ကြက်ဆီထမင်းဘူးလေးက ညနေစောင်း အိမ်ရောက်သည်ထိ စက်ဘီးခြင်းထဲမှာပါလာသည်။
စက်ဘီးရပ်ချိန်မှာ အမေ့မျက်နှာမျက်နှာက ခပ်ပြုံးပြုံး။ ပြီးတော့ ဖော့ဘူးလေးကို ကျွန်တော့်လက်ထဲထည့်သည်။ သို့သော် ဖော့ဘူးလေးဖွင့်ကြည့်ချိန်မှာ အသိုးနံ့လေးထွက်နေ၍ ကျွန်တော့်မျက်နှာစူပုပ်သွားသည်။ ကျွန်တော့်ကိုမြင်တော့ အမေ့မျက်နှာမကောင်းတော့။ ထိုစဉ်ကပြောသည့် အမေ့စကားလေးကို အခုအချိန်တွင် ၀င်ငွေအတွက် ရုန်းကန်နေရသည့် ကျွန်တော် ပြန်ကြားယောင်မိသည်။ “မေမေလခထုတ်ရင် သားသားကို ပြန်၀ယ်ကျွေးမယ်နော်”တဲ့။ ကျူရှင်မပြ၊ ဘေးပေါက်မရသည့် ကျောင်းဆရာမတစ်ယောက်က စျေးကြီးသည့်အရာ ခဏခဏ၀ယ်ကျွေးခဲ့သည်ကို ကျွန်တော်ပြန်တွေးမိတိုင်း အမေဘယ်လိုများ ရပ်တည်နေခဲ့ရလည်းဆိုတာသိရပြီး ဆို့နင့်မိသည်။
 
        ကျွန်တော်သတိထားမိသည်တာရှိသေးသည်။ အဲဒါအမေ့လက်ရေး။ သေချာကြည့်လျှင် လက်နှိပ်စက်ရိုက်ထားသလို ခပ်သွယ်သွယ်နှင့်စီစီရီရီရှိသည်။ ကမ္ဘာကျော်မင်းသမီးများ၏ သိန်းသန်းချီသောလက်များအကြောင်း ကျွန်တော်ဖတ်ဖူးသည်။ အဖိုးထိုက်အဆင်တန်ဆာတွေကြော်ငြာဖို့ သူတို့လက်များက အဖိုးထိုက်တန်လှသည်တဲ့။ 
 
        ကျွန်တော်ကတော့ လက်တကာ့လက်များတွင် အမေ့လက်တစ်စုံသာ တန်ဖိုးအမြင့်ဆုံးဟု အသက်နှင့်လောင်းကြေးထပ်၍ ပြောရဲသည်။ အမေ့လက်တွင် အဆင်တန်ဆာရှိမနေပါ။ အမေ့လက်သည် ဖြူစင်၀င်းအိမနေပါ။ သို့သော် တပည့်များစွာ၏လက်ကို ဤလက်ဖြင့်ထပ်၍ ၀ လုံးရေး သင်ပေးခဲ့သည်။ နှစ်ရှည်ရှုရှိုက်လျှင် အသက်ရှုလမ်းကြောင်းထိခိုက်သောမြေဖြူကို ဆယ်စုနှစ်များစွာ ဤလက်ဖြင့်ကိုင်ခဲ့သည်။ ဆိုးမိုက်သောတပည့်များကို ဤလက်ဖြင့်ပင် ကြိမ်လုံးကိုင်ခြောက်ဖူးသည်။
 
        ထိုမျှမက။ မိသားစုအတွက် ဟင်းချက်သောလက်၊ အ၀တ်များသန့်စေသောလက်၊ အပေါ့အလေး သုတ်သင်သော လက်၊ ပတ်၀န်းကျင်အေးမြဖို့ သစ်ပင်လေးများစိုက်သောလက်၊ အလုပ်နှင့်အိမ်၊ အိမ်နှင့်အလုပ် မျှအောင်လုပ်တတ်သော လက်၊ အမေ့လက်က ကျွန်တော့်အတွက် ကျန်စစ်သားမင်းကြီး၏ ရာဇ၀င်လာ လက်တစ်စုံမက တန်ဖိုးရှိသည်ဟု ပြောဝံ့သည်။
 
        တစ်ချိန်မှာတော့ အမေချစ်သောမြေဖြူမှုန့်များက အမေ့ကိုမောဟိုက်စေ၍ စာမသင်နိုင်အောင်အနားပေးခဲ့၏။ အမေ့မှာ နှလုံးရောဂါရှိသည်တဲ့။ ကျွန်တော်မသိခဲ့ရပါလား။ အမေ ပင်စင်မယူခင်နောက်ဆုံးနေ့မှာ အမေ့ပစ္စည်းတွေသိမ်းဖို့ ကျွန်တော် အမေ့ကျောင်းကိုလိုက်သွားသည်။ “ဒါက မေမေ့နေရာလေ”တဲ့။ အမေထိုင်သည့် ကုလားထိုင်ကျောမှီမှာ မြေဖြူနဲ့ရေးထားသည် “ဒေါ်မမကြီး (အထက်တန်းပြ၊ မြန်မာစာ)”။ အမေ့ခုံစောင်းထဲမှာ စာအုပ်တွေ၊ မင်နီချောင်းတွေ၊ တိုလီမိုလီတွေ အတော်များသည်။ ဘေးရှိဆရာမများက အမေနှင့် ခွဲခွာကြရတော့မည်မို့ စိတ်မကောင်းကြ။ ဆရာမတစ်ဦးက “မမကြီး၊ နင့်သားလေးရဲ့လက်ရာတွေရော” ဟုမေးသည်။ ထိုဆရာမဘာမေးသည်ကို ကျွန်တော်မသိ။ အမေကတော့ “​သည်ထဲမှာလေ ဆရာမရဲ့”ဟု ပြန်ဖြေသည်။
 
        တွေ့ပါပြီ။ စက္ကူဖိုင်ညိုလေးပေါ်မှာ “သားလေး ဝေယံမောင်မောင်၏ လက်ရာများ”ဟု ရေးထားသည်။ ဖွင့်ကြည့်လိုက်တော့ ကျွန်တော်အံ့သြမိသွားသည်။ အထဲမှာ ကျွန်တော် ငယ်ငယ်ကရေးဖူးသော စာလေး၊ ကဗျာလေးများက ရက်စွဲစဉ်အလိုက် စီစီရီရီရှိနေသည်။ အမေ့ဘေးရှိ ဆရာမကပင် ထပ်ပြောသည်။ “မင်းအမေလေ မင်းတစ်ခါရေးတိုင်း ယူလာကြွားတာ”တဲ့။
 
x          x          x
 
        နှစ်တွေကြာခဲ့ပါပြီ။ ကျွန်တော်လည်း စီးပွားရှာချိန်ရောက်ခဲ့ပြီ။ သူဌေးတစ်ဦးတော့မဟုတ်။ သို့သော် အမေတိုက်တွန်း၍ ထပ်ယူသောဘွဲ့က ကျွန်တော့်ဘ၀ကိုကျိုးပြုသည်။ အိမ်ကအပ်ချုပ်စက်ကို အမေရောင်း၍ ပေးတက်ခဲ့သောသင်တန်းက လုပ်ငန်းခွင်လောကအတွက် မဏ္ဍိုင်ပြုနေသည်။ အမေ့၏ စိတ်ဓာတ်၊ စည်ကမ်း၊ ပညာတို့က ကျွန်တော့်အတွက် အဖိုးတန်ဆုံးအမွေအနှစ်များဖြစ်နေသည်။
လောကတွင် မိခင်များစွာရှိပါသည်။ မကောင်းမြစ်ထာ၊ ကောင်းရာညွှန်လတ်သူကို မိဘဟု ခေါ်သည်။ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမသူကို ဆရာဟုခေါ်သည်။
 
        အခြားသူများအတွက်တော့ ပညာသင်ပေးသူက ဆရာ၊ မွေးဖွားပြုစုသည်က အမိဖြစ်သော်လည်း ကျွန်တော့်အတွက်မှာမူ လောကကိုပညာဖြင့်အလှဆင်သည့် ဆရာကလည်း အမေ၊ နို့ချိုတိုက်ကျွေးပြုစုမွေးသူကလည်း အမေပင်ဖြစ်သည်။ ထို့ကြောင့် လောက၏အမြတ်ဆုံး အနန္တော၊ အနန္တငါးပါးတွင် နှစ်ပါးပြိုင်တူဖြစ်သော ကျွန်တော့်အမေကို “ဆရာလည်းအမေ အမေလည်းအမေ” ဟု ဝိသေသပြုလိုတော့သည်။
 
ဘ၀အဆက်ဆက်က မိခင်များအား ကန်တော့ဦးခိုက်လျက်
ကောလိယ ဝေယံမောင်မောင်
၂.၅.၂၀၁၆
 
The Chic Magazine
၂၀၁၇၊ မေလ

Comments