|
ကျွန်တော့်ရဲ့ မင်္ဂလာအခမ်းအနားမှူးသင်တန်းကို ဘိုးဘွားထားရစ်တဲ့ ရှေးအမွေရယ်၊ ဆရာများရဲ့ ပညာရယ်၊ (၁၀)နှစ်ကျော်အတွေ့အကြုံရယ် ပေါင်းစပ်သင်ပါတယ်။ ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူ အဖြစ် ‘မင်္ဂလာအစီအစဉ်’ တွေ နှစ်တိုင်းရိုက်ကူး ထုတ်လွှင့်ပေးခဲ့ပါတယ်။ ပိတ်ရက်ကျ မင်္ဂလာအခမ်းအနားမှူး လုပ်ခဲ့ပါတယ်။
တီဗီဖန်သားပြင်မှာ ခန်းမ၊ ဝတ်စုံ၊ မိတ်ကပ်၊ ပန်း၊ ဂီတ၊ ကျွေးမွေး၊ ဓာတ်ပုံ၊ ဗီဒီယို စတဲ့ပညာရှင်များနဲ့ မေးမြန်းတင်ဆက်ခဲ့တာ အမှတ်ရစရာပါ။ တချို့ကို ယူကျုမှာတင်ထားပေးပါတယ်။ စာအနေနဲ့ ဖတ်လိုသူများဖို့ အပိုင်းလိုက် အမေးအဖြေပုံစံ အနှစ်ချုပ်ဖော်ပြပေးမှာ ဖြစ်ပါတယ်။
မင်္ဂလာတေးဂီတနှင့် မိတ်ကပ်၊ ဝတ်စုံအကြောင်း (၂၀၁၄ ခုနှစ်)
တေးသံရှင် မေခလာ၊ မိတ်ကပ်နှင့် ဝတ်စုံ သူရိန်မောင်မောင်
ယူကျု၌ ကြည့်ရှုရန် - https://youtu.be/Qsf5a0RY4m4
ဝေယံမောင်မောင်
မင်္ဂလာပါ ကိုသူရိန်နဲ့ ချစ်ငယ်(မေခလာ)။ အဖွင့်စကားပြောပေးကြပါအုံး။
သူရိန်
စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာကြပါစေ။ ဝါကျွတ်ချိန်မှာ စိတ်ကူးရင်ခုန်လို့ရအောင် ဖန်တီးပေးထားပါတယ်။
မေခလာ
ပရိသတ်ကြီး ကျန်းမာပါစေ၊ ချမ်းသာပါစေ။ မြန်မာဝတ်စုံနဲ့ မြန်မာအမျိုးသမီးတွေက သိပ်လိုက်ပါတယ်။ ချစ်ငယ်လဲ သိပ်ကြိုက်တယ်။ စင်ပေါ်မှာသာ ဟော့ရှော့ဝတ်ဖြစ်တာ၊ တကယ်တမ်းကြိုက်တာ မြန်မာဝတ်စုံပါ။
ဝေယံမောင်မောင်
ကိုသူရိန်ရေ။ အခုမင်္ဂလာဝတ်စုံအကြောင်း ပြောပြပါအုံး။
သူရိန်
မြန်မာမင်္ဂလာဝတ်စုံရယ် ယိုးဒယားဒီဇိုင်း ပွဲတက်ဝတ်စုံရယ် ဖန်တီးပေးထားတာပါ။ သည်နှစ်မှာ အဝါက ရင့်မယ်ဆိုလဲ တောက်တောက်၊ ဖျော့မယ်ဆိုလဲ ဖျော့ဖျော့လေး ဝတ်လာကြတာပေါ့။ ချစ်ငယ်ကိုလဲ အဝါ တောက်တောက်လေး ဆင်ထားဖြစ်ပါတယ်။
ဝေယံမောင်မောင်
ချစ်ငယ်ရေ။ မင်္ဂလာပွဲမှာ ဂီတလိုအပ်ပုံအကြောင်းနဲ့ ချစ်ငယ်ရဲ့ ဂီတဝန်ဆောင်မှုအကြောင်းနဲ့ ပြောပြပေးပါအုံး။
မေခလာ
မင်္ဂလာဆောင်မှာ ဂီတမပါရင် ပရိသတ်လဲ ကြောင်တောင်ကြီးဖြစ်နေနိုင်တယ်။ တီးဝိုင်းမပါတောင် အနည်းဆုံး တော့ ပတ္တလား၊ စန္ဒယားသံလေးတွေ ကြားရရင် စိတ်ကိုလဲကြည်နူးစေတာပေါ့။ ဂီတအကျိုးဆောင်တာတော့ ကြာပါပြီ။ နောက်ပိုင်းကျ ဗိုလ်အောင်ကျော်လမ်းမှာ May Khalar Art Agency ရုံးခန်းဖွင့်ထားတယ်။ အဆိုတော်တွေ၊ တီးဝိုင်းတွေ ချိတ်ဆက်ပေးတာပေါ့။
ဝေယံမောင်မောင်
မင်္ဂလာတေးဂီတကို ဘယ်လောက်ကြိုချိတ်သင့်လဲ? ချစ်ငယ် မင်္ဂလာဆောင်ပွဲတွေမှာ ဘယ်သီချင်းတွေ အများဆုံးဆိုဖြစ်လဲ။
မေခလာ
တစ်လလောက် ကြိုချိတ်သင့်တယ်။ ရီရီသန့်၊ တင်တင်မြ၊ တက္ကသိုလ်လဲ့လဲ့တို့နဲ့ မြန်မာသံဆိုဖြစ်တယ်။ ဖိုးသောကြာနဲ့ ချစ်မှာလားတို့၊ နှစ်ကိုယ်တူချစ်သမျှတို့ ဆိုတာများတယ်။ ခေတ်ပေါ်ဆိုရင် ဇော်ပိုင်တို့၊ ဟဲလေးတို့နဲ့ တွဲဆိုဖြစ်တယ်။ မင်္ဂလာဆောင်ဆိုတော့ ချစ်တာ၊ ကြင်နာတာမျိုးပဲဆိုတယ်။ မုန်းတာ၊ ကွဲတာ တွေကျ မကောင်းဘူး။
ဝေယံမောင်မောင် (ရယ်လျက်ဖြတ်ပြော)
“ကော်လံပေါ်ကနှုတ်ခမ်းနီ” မဆိုဘူးပေါ့။
မေခလာ
အဲဒါက ဟော့ရှော့။ ပွဲမှာဆိုရင် လူကြီးများလား၊ လူငယ်များလားပေါ်ကြည့်ပြီး Adjust လုပ်သွားတယ်။
ဝေယံမောင်မောင်
ဝတ်စုံနဲ့မိတ်ကပ်က မင်္ဂလာဆောင်မှာ ဘယ်လိုပံ့ပိုးပေးလဲ ကိုသူရိန်။
သူရိန်
အကုန်လုံး Link ဖြစ်နေကြတာ။ ဝတ်စုံမလှရင် မိတ်ကပ်မလှဘူး၊ မိတ်ကပ်မလှရင် ဝတ်စုံမလှဘူး။ မျက်နှာ တအားရှည်တာကို အပြောင်သိမ်းပေးပါ၊ ဘယ်မင်းသမီးအတိုင်းပြင်ပေးပါ ဆိုတာမျိုးကျ အလိုမလိုက်ရဲဘူး။ မိတ်ကပ်ဆံပင်က မျက်နှာကြည့်ပြီး လုပ်ပေးရတာ။
ဝေယံမောင်မောင်
ချစ်ငယ်၊ မေးရအုံးမယ်။ မင်္ဂလာပွဲသီချင်းဆိုရင်း အလွဲတို့၊ အမှတ်တရတို့ရှိရင် ပြောပြပါအုံး။
မေခလာ (ရယ်လျက်)
သီချင်းစာသားမေ့တာမျိုးပေါ့။ ညမအိပ်တာများရင် အဆိုတော်တွေမှာ ဖြစ်တတ်တယ်။ တစ်ခါဆို မင်္ဂလာ သီချင်းဆိုဖို့ ခန်းမထဲထိုင်နေရင်း ဆိုပြီးပြီမှတ်လို့ထွက်သွားတာ။ တခြားအဆိုတော်ပြောမှ သတိထားမိတယ်။
ဝေယံမောင်မောင်
နှုတ်ဆက်တဲ့အနေနဲ့ မင်္ဂလာဆောင်မဲ့သူတွေအတွက် အကြံပေးစကားလေး ပြောပေးကြပါအုံး။
သူရိန်
မင်္ဂလာဆောင်တယ်ဆိုတာ တစ်ဘဝလုံး တွဲရမှာပေါ့။ တချို့ဆို Pre Wedding ရိုက်၊ ဖိတ်စာဝေပြီးမှ မဆောင်ဖြစ်တာလဲ ရှိတယ်။ အကုန်လုံးကို စဉ်းစားဆင်ခြင်ဖို့ ပြောချင်တာပေါ့နော်။
မေခလာ
မပြည့်စုံဘဲလဲ အိမ်ထောင်ကျလို့မဖြစ်ဘူး။ “ချစ်တာအပြစ်လား”နဲ့လဲ မဖြစ်သေးဘူး။ (ပိုက်ဆံပုံစံ လက်ကို ဝိုင်းပြလျက်) ဒါလေးလဲရှိအုံးမှ။ ဒါချည်းလဲမဖြစ်သေးဘူး၊ ချစ်တာလဲပါမှ။ Perfect တော့ ဘယ်သူမှမရပါဘူး။ မောင်နှမချင်းတောင် စိတ်ချင်းတူတာမှမဟုတ်ဘဲ။ လင်မယားဆိုတာ ရန်ဖြစ်ကြတာပဲ။ ချစ်ငယ်တို့လဲ သည်လိုပဲ။ သူစိတ်ဆိုးရင် ကိုယ်လျှော့ပေး၊ ကိုယ်စိတ်ဆိုးရင် သူလျှော့ပေးပေါ့။ ချစ်ငယ်ဆို စိတ်မကောက်တတ်ဘူး။ ပြောပြီးပြီးသွားတာပဲ။
Comments
Post a Comment