တပို့တွဲလပြည့် မြန်မာ့သနပ်ခါးနေ့

 


    “မြန်မာ့သနပ်ခါးနေ့”သည် (၂၀၂၁)ခုနှစ်၌ နိုင်ငံတော်အစိုးရက တရားဝင်သတ်မှတ်ခဲ့သည့် မြန်မာ့ အထိမ်းအမှတ်နေ့ဖြစ်သည်။ နှစ်စဉ်တပို့တွဲလပြည့်နေ့အား “မြန်မာ့သနပ်ခါးနေ့” အဖြစ်သတ်မှတ်ကြောင်း (၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလ(၈)ရက်နေ့တွင် အမိန့်ကြော်ငြာစာ ထုတ်ပြန်ခဲ့သည်။

 

သနပ်ခါးသမိုင်း

            သနပ်ခါးပင် (Niringi crenulata)သည် မြန်မာ၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ပါကစ္စတန်နှင့် ယိုးဒယားနိုင်ငံ တို့၌ ပေါက်ရောက်သော်လည်း အသုံးပြု၍ရသည့် အရည်အသွေးကောင်း မြန်မာ့သနပ်ခါးသည် မြန်မာပြည် အလယ်ပိုင်း အညာဒေသတွင်သာ ပေါက်ရောက်သည်။ ထို့ပြင် သနပ်ခါးယဉ်ကျေးမှုသည် တစ်ကမ္ဘာလုံးတွင် မြန်မာပြည်၌သာရှိသည်။

ခိုင်မာသော သမိုင်းအထောက်အထားများအရ ပျူခေတ် ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများ တူးဖော်ရာ၌ ကျောက်ပျဉ်ချပ်များ တွေ့ရှိခဲ့သည်။  “မြန်မာ့သနပ်ခါး” စာအုပ်တွင်လည်း ဗိဿနိုးဘုရင်မ လက်ထက်ကတည်းက သနပ်ခါးကို စွဲစွဲမြဲမြဲလိမ်းခြယ်ကြကြောင်း ဖော်ပြထားသည်။ ထိုအချိန်မှစ၍ အညာ တို့၏သနပ်ခါးယဉ်ကျေးမှုမှာ ယနေ့တိုင်ခိုင်မာခဲ့သည်။

 

ကမ္ဘာက မျက်စိကျသည့် မြန်မာ့သနပ်ခါး

            ဂျပန်နိုင်ငံသည် ခန့်မှန်းခြေအားဖြင့်(၂၀၁၀)မတိုင်မီက မြန်မာ့သနပ်ခါးကို မှတ်ပုံတင်ခဲ့ဖူးကြောင်း ဖတ်ရှုဖူးသည်။ (၂၀၁၉)ခုနှစ်တွင်လည်း ယိုးဒယားနိုင်ငံက မြန်မာ့သနပ်ခါးကို ၎င်းတို့၏ ယဉ်ကျေးမှုအမွေအနှစ် အဖြစ်တင်သွင်းရန်ကြိုးပမ်းသည်ဟု သတင်းများကဖော်ပြသည်။ ကမ္ဘာ့အလှကုန်ဈေးကွက်တွင် နာမည်ကျော် အနောက်တိုင်းထုတ် သနပ်ခါးအလှကုန်များသည် မြန်မာ့သနပ်ခါးကို တရားဝင်မဝယ်ယူဘဲ ထုတ်လုပ်နေကြ သည်။ ထို့ပြင် ၎င်းသနပ်ခါးထုတ်ကုန်များသည် သနပ်ခါးပါဝင်မှု (၂၀)ရာခိုင်နှုန်းပင်မရှိကြောင်း ပညာရှင်များ စစ်ဆေးတွေ့ရှိရသည်။

 

သနပ်ခါးမြို့တော်အဖြစ် အရာတော်ကိုသတ်မှတ်

            မြန်မာ့နိုင်ငံတွင် သနပ်ခါးကို စစ်ကိုင်းတိုင်းဒေသကြီးရှိ ယင်းမာပင်မြို့နယ်၊ ပုလဲမြို့နယ်၊ မုံရွာမြို့နယ်၊ ကနီမြို့နယ်၊ မြင်းမူမြို့နယ်၊ ဘုတလင်မြို့နယ်၊ ကန့်ဘလူမြို့နယ်၊ အရာတော်မြို့နယ်၊ မကွေးတိုင်းဒေသကြီးရှိ ပခုက္ကူမြို့နယ်၊ ရေစကြိုမြို့နယ်၊ မြိုင်မြို့နယ်၊ ရှမ်းပြည်နယ်ရှိ လင်းခေးမြို့နယ်တို့၌ အဓိကစိုက်ပျိုးကြသည်။

မြန်မာနိုင်ငံ၌ သနပ်ခါးစိုက်ပျိုးမြေ ဧက(၁)သိန်းကျော်ရှိပြီး ယင်းဒေသများအနက် သနပ်ခါးအများဆုံး စိုက်ပျိုးသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်ရှိ အရာတော်မြို့ကို “သနပ်ခါးမြို့တော်”အဖြစ် (၂၀၁၉)ခုနှစ် တွင် သတ်မှတ်ခဲ့သည်။

 

ကမ္ဘာ့အမွေအနှစ်အဖြစ်တင်သွင်းခြင်း

            ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုကို ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကိုထံတင်သွင်းလိုလျှင် အချက်(၅)ချက် နှင့် ကိုက်ညီရန်လိုသည်။ ၎င်းတို့မှာ -

၁၊ ပါးစပ်ရာဇဝင်နှင့် ဖော်ပြချက်များ

၂၊ ဖျော်ဖြေတင်ဆက်မှုအနုပညာ

၃၊ လူမှုရေးအစဉ်အလာများ၊ ရိုးရာဓလေ့နှင့် ပွဲတော်များ

၄၊ သဘာဝနှင့် စကြာဝဠာဆိုင်ရာ ဗဟုသုတနှင့် ရိုးရာအစဉ်အလာများ

၅၊ ရိုးရာလက်မှုပညာရပ်များ တို့ဖြစ်သည်။

ဂုဏ်ယူဖွယ်ကောင်းသည်မှာ          မြန်မာ့သနပ်ခါးသည် အချက်(၅)ချက်လုံးနှင့် ပြည့်စုံနေခြင်းပင်ဖြစ် သည်။ ထို့ပြင် သနပ်ခါးသာမက သနပ်ခါးလိမ်းခြယ်ခြင်းဓလေ့၊ သနပ်ခါးဆက်စပ်ပစ္စည်း ကျောက်ပျဉ်နှင့် သနပ်ခါးလိမ်းသူများပါ ဒြပ်မဲ့ယဉ်ကျေးမှု၌ပါဝင်ကြောင်း ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စိစစ်ရေးပညာရှင်အဖွဲ့ က ဆိုသည်။

ဤသို့ဖြင့် သနပ်ခါးကို မြန်မာ့ပထမဆုံးဒြပ်မဲ့ယဉ်ကျေးမှုအဖြစ် (၂၀၂၀)ပြည့်နှစ်၊ မတ်လ(၃၁)ရက်၌ ယူနက်စကိုထံ တင်သွင်းခဲ့သည်။ ယူနက်စသည် ထုံးစံအားဖြင့် တင်သွင်းလာသည့်နိုင်ငံများအနက်မှ ဒြပ်မဲ့ ယဉ်ကျေးမှုတစ်ခါမျှ မရရှိသေးသောနိုင်ငံများကို ဦးစားပေးရွေးချယ်သည်။ မြန်မာသည် ဒြပ်မဲ့ယဉ်ကျေးမှု တစ်ခါမျှမရဖူးသေးသဖြင့် ရရှိရန်အလားအလာများသည်။ သို့သော် အဆုတ်ယောင်ကမ္ဘာ့ကပ်ကြောင့် ယူနက်စကိုအစည်းအဝေး မကျင်းပနိုင်သေးသည့်အတွက် ဆိုင်းငံ့စာရင်းတွင် ရောက်ရှိခဲ့သည်။

 

နဝမတန်းအင်္ဂလိပ်စာ၌ သနပ်ခါးအကြောင်းပြဌာန်း

            စနစ်သစ်သင်ရိုးမှစတင်၍ နဝမတန်း (Grade 10) အင်္ဂလိပ်စာ၌ မြန်မာ့သနပ်ခါးအကြောင်း ထည့်သွင်း ခဲ့သည်။ Tanakha, Uniquely Myanmar ခေါင်းစဉ်ကို Unit 11 စာမျက်နှာ(၉၇) မှ (၉၉)အထိ ပြဌာန်းထားပြီး Reading, Vocabulary, Grammer, Listening and Speaking နှင့် Writing တို့ပါဝင်သည်။

 

 

မြန်မာ့သနပ်ခါးနေ့ မသတ်မှတ်မီကတည်းကကျင်းပ

            နိုင်ငံတော်က “မြန်မာ့သနပ်ခါးနေ့” မသတ်မှတ်မီ မြန်မာနိုင်ငံသနပ်ခါး ထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်းက (၂၀၁၉) ဇန်နဝါရီ(၁၄)၌ မုံရွာတွင် အလုပ်အမှုဆောင်အစည်းအဝေး ကျင်းပခဲ့သည်။ ယင်းနှစ် တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။ ပထမဆုံးအနေဖြင့် ရွှေဘို၊ အရာတော်၊ ရေစကြို၊ မြိုင် မြို့လေးခု၌ ကျင်းပခဲ့ပြီး (၂၀၂၀)ပြည့်နှစ်တွင် ပေါက်မြို့ထပ်တိုးလာသည်။ ထိုနေ့၌ သနပ်ခါးသားနှင့် ဘုရားမီးပူဇော်ခြင်း၊ ထမနဲစတုဒီသာကျွေးခြင်း၊ စာရေးဆရာများ သနပ်ခါးပတ်သက်ပြီး ဟောပြောခြင်း၊ သနပ်ခါးနှင့် ပတ်သက်သောသီချင်းများ သရုပ်ဖော်ခြင်း၊ သနပ်ခါး လက်ကမ်းစာစောင်များ ဝေငှခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။

 

မြန်မာ့သနပ်ခါးနေ့အဖြစ် နိုင်ငံတော်ကသတ်မှတ်

            တပို့တွဲလပြည့်နေ့ကို မြန်မာ့သနပ်ခါးနေ့အဖြစ်သတ်မှတ်ပေးရန် မြန်မာနိုင်ငံသနပ်ခါးစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းက နိုင်ငံတော်အစိုးရကို ယူနက်စကိုကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စတင်ပြချိန်ကတည်းက တင်ပြခဲ့သည်။ ထို့ကြောင့် နိုင်ငံတော်သမ္မတရုံးက မြန်မာနိုင်ငံအမျိုးသား ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းမြင့်တင်ရေးကော်မတီထံ ၂၂.၁.၂၀၂၁ ရက်စွဲဖြင့် “၇၀၈(၄၀)/၁၄/သမ္မတရုံး” စာပေးပို့လာသည်။

            ထို့ကြောင့် (၂၀၂၁)ခုနှစ်၊ ဇန်နဝါရီလ(၂၈)ရက်နေ့ရက်တွင် အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၁)ဖြင့် နှစ်စဉ်တပို့တွဲလပြည့်နေ့ကို “မြန်မာ့သနပ်ခါးနေ့” အဖြစ်သတ်မှတ်ခဲ့သည်။ ထိုကြော်ငြာစာကို ယင်းကော်မတီ ဥက္က၊  သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။ ဇန်နဝါရီ(၂၉)၌ ထိုနေ့ကိုအတည်ပြုသည့် အကြောင်းကြားစာများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ကြေညာခဲ့သည်။

 

မြန်မာ့သနပ်ခါးကို မြန်မာတို့တန်ဖိုးထားထိန်းသိမ်းရန်လို

            မြန်မာ့သနပ်ခါးသည် မြန်မာ၌သာရှိသည့် ကမ္ဘာ့အဆင့်ယဉ်ကျေးမှုဖြစ်သည်။ သို့သော် ရန်ကုန်ကဲ့သို့ မြို့များ၌ လူငယ်များကြား သနပ်ခါးမြတ်နိုးသုံးစွဲသူ လျော့နည်းလာသည်။ တိုးတက်သောနိုင်ငံကြီးများက ၎င်းတို့ယဉ်ကျေးမှုကို အထူးထိန်းသိမ်းနေသော်လည်း မြန်မာ၌ သနပ်ခါးလိမ်းလျှင်ပင် “တောကျသည်၊ Image အောက်သည်” စသဖြင့် ပြောဆိုသူများရှိသည်။ ထို့ကြောင့် မြန်မာသည် ဒြပ်မဲ့ယဉ်ကျေးမှု ယူနက်စကိုဝင်သည့် အာရှနိုင်ငံများနှင့်ယှဉ်လျှင် သနပ်ခါးတစ်ခုသာ တင်သွင်းနိုင်သေးကြောင်း သတိပြုသင့်သည်။

(၂၀၂၁)နှစ်ဆန်းထိ အာရှနိုင်ငံများ၏ ယူနက်စကိုစာရင်းဝင် ဒြပ်မဲ့ယဉ်ကျေးမှုဖြစ် တရုတ်၌(၄၂)ခု၊ ဂျပန်၌(၂၂)ခု၊ တောင်ကိုရီးယား၌(၂၁)ခု၊ မွန်ဂိုလီးယား၌(၁၅)ခု၊ အိန္ဒိယ၌(၁၃)ခု၊ ဗီယမ်နမ်၌(၁၃)ခု၊ အင်ဒိုနီးရှား၌ (၁၁)ခုထိ ရှိနေပြီဖြစ်ကြောင်းလည်း စမတ်ကျကျ သတိချပ်သင့်သည်။ တိုင်းတစ်ပါးယဉ်ကျေးမှု နောက်သာ လိုက်မည်စဉ်းစားလျှင် တိုင်းတစ်ပါးကလည်း မိမိတို့ယဉ်ကျေးမှု နောက်ကိုလိုက်ချင်လာအောင် ဂလိုဘယ်လိုက်ဇေးရှင်းလူငယ်များ အရင်ကြိုးစားသင့်သည်။

ကောလိယ ဝေယံမောင်မောင်

၂၄.၂.၂၀၂၁ 

 

#ကောလိယဝေယံမောင်မောင်

#မြန်မာ့သနပ်ခါးနေ့

Comments