(၃၂) ပျံ့ နဲ့ ပြန့် | ပျံ့ပျူး နဲ့ ပြန့်ပြူး


 

   

    သံတူကြောင်းကွဲတွေဖြစ်တဲ့ ‘ပျံ့ နဲ့ ပြန့်’ ၊ ‘ပျံ့ပျူး နဲ့ ပြန့်ပြူး’ တို့ကို ရောထွေးတတ်ကြပါတယ်။ အသံတူပေမဲ့ အနက်ကွဲတဲ့ ဒီနှစ်လုံးကို မရောထွေးအောင် မှတ်သားနိုင်ပါတယ်။

ပျံ့
    ‘ကူးရောက်သည်။ အနှံ့ရောက်သည်။’ ဆိုတဲ့အဓိပ္ပာယ်ပါ။ ‘ပျံ့နှံ့၊ ပျံ့ပျူး၊ ပျံ့လွင့်’ စတာတွေမှာ သုံးပါတယ်။ ဥပမာ -

- ကိုဗစ်ကူးစက် ‘ပျံ့နှံ့’ သည်။
- ‘ပျံ့ပျူး’ နေသော ဖုန်မှုန့်များ။ (‘ပြန့်ပြူး’ နှင့်မတူ)
- စိတ် ‘ပျံ့လွင့်’ သည်။
 

ပြန့်
    ‘မျက်နှာပြင်စန့်သော၊ မျက်နှာပြင် ညီညာကျယ်ဝန်းသော၊ အဝန်းကျယ်စွာရောက်ရှိသည်။’ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ‘ပြန့်ပြူး၊ ပြန့်ပြော’ စတာတွေမှာ သုံးပါတယ်။ ဥပမာ -

- ဤမြေပြင်သည် ‘ပြန့်ပြူး’ သည်။ (‘ပျံ့ပျူး’ နှင့်မတူ)
- ကြွယ်ဝ ‘ပြန့်ပြော’သည်။
- ‘ပြန့်ပြော’ များပြားသည်။
- သာယာ ‘ပြန့်ပြော’ သည်။
- ညီညာ ‘ပြန့်ပြော’ သည်။

 

ကောလိယ ဝေယံမောင်မောင်


Comments