တင်မိုးလွင်နှင့် ဝေယံမောင်မောင်၏ မင်္ဂလာလမ်းညွှန်အစီအစဉ်
အနုပညာမှာ ဒေါ်တင်မိုးလွင်ဟာ လက်ဦးဆရာဖြစ်ပြီး ဆရာတပည့် (၁၅)နှစ်ကျော်လက်တွဲဆဲပါ။ ကျွန်တော်ငယ်စဉ်က မော်ဒယ်နဲ့ စာရေးဆရာပေါ့။ ဂျာနယ်၊ မဂ္ဂဇင်းတွေမှာ ဆရာမကိုဖော်ပြဖို့ အင်တာဗျူး တယ်။ ရုပ်သံထုတ်လုပ်ရေးမှူးနဲ့ တင်ဆက်သူဖြစ်ချိန်မှာ ဆရာမနဲ့ တပည့်မော်ဒယ်တွေဖို့ အစီအစဉ်အများကြီး ရိုက်ပေးခဲ့တယ်။ (၂၀၁၃)မှာတော့ ဆရာမရေးဖူးတဲ့ ‘မင်္ဂလာလမ်းညွှန်’ စာအုပ်ကို အစီအစဉ်အဖြစ် တင်ဆက်ခဲ့ ကြပါတယ်။ အခု ဆရာမ ဒေါ်တင်မိုးလွင်ရဲ့ ပြောစကားသတ်သတ်ကို စာသားအသွင် ဖော်ပြပါရစေ။
ဝေယံမောင်မောင် (မေးမြန်းသူ)
မင်္ဂလာပါခင်ဗျာ။ ဒေါ်တင်မိုးလွင်ဟာ ဝါရင့်အခမ်းအနားမှူးဖြစ်တဲ့အပြင် ‘မင်္ဂလာလမ်းညွှန်’ စာအုပ်လဲ ထုတ်ခဲ့တော့ ရုပ်သံကြည့်ပရိသတ်များအတွက် မင်္ဂလာလမ်းညွှန်အစီအစဉ် တင်ဆက်ပါရစေခင်ဗျာ။
တင်မိုးလွင်
ဟုတ်ကဲ့။ ကြည့်ရှုနေကြတဲ့ ပရိသတ်များ၊ မင်္ဂလာဆောင်မဲ့သူများအတွက် အနှစ်ချုပ်ပြီး တင်ဆက်ပေး သွားမှာပါ။ ‘မင်္ဂလာလမ်းညွှန်စာအုပ်’ မှာ အခန်(၁၃)ခန်း ပါပါတယ်။ လိုရင်းတွေကို ပြောပြပေးချင်ပါတယ်ရှင်။
ကြိုတင်အစီအစဉ်ချမှတ်ရန်နှင့်
စရိတ်တွက်ချက်ရန်စာရင်း
အခန်း(၂)မှာ ဝတ်စုံ၊ မိတ်ကပ်၊ နေရာ၊ အစားအသောက်၊ ပန်းအလှပြင်၊ ဂီတ၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဖိတ်စာ စသဖြင့် ဇယားချပေးထားပါတယ်။ ခန်းမဆိုလဲ လိုချင်တဲ့နေ့ရလား၊ လူဘယ်လောက်ဆံ့လဲ၊ တစ်ဦးစာ ကျွေးစရိတ်၊ အချိန်ပိုကြေးဘယ်လောက်လဲ စသဖြင့် အချက်(၅၀)လောက်ထိ အကြံပြုထားတယ်။
ဖိတ်ကြားခြင်းနှင့်
တက်ရောက်ခြင်းဆိုင်ရာ သိကောင်းစရာများ
အခန်း(၃)ပါ။ ဧည့်သည်စာရင်းပြုစုပြီး ဖိတ်စာရေးတာ၊ ဖိတ်စာအပ်တာတွေအထိ ပါပါတယ်။ အသင့် အသုံးပြုလို့ရတာပေါ့။
မင်္ဂလာဝတ်စုံများ
အခန်း(၄)ဖြစ်ပါတယ်။ မြန်မာလိုဆောင်ရင် ခေါင်းပေါင်းနဲ့ ထိုင်မသိမ်းလား၊ အနောက်တိုင်းလို ဆောင်ရင် ဘယ်လိုကုတ်လဲ၊ ဘယ်လိုဂါဝန်မျိုးလဲ။ ပန်းကြဲ၊ ပန်းကုံးပန်းကိုင်၊ လက်စွပ်ပန်းကိုင်တွေအတွက် ဝတ်စုံ။ မိတ်ကပ် စတာတွေအတွက် လမ်းညွှန်ပေးထားပါတယ်။
မင်္ဂလာဧည့်ခံပွဲအတွက်ပြင်ဆင်ခြင်း
အခန်း(၆)မှာတော့ အစားအသောက်၊ ကိတ်၊ တေးဂီတပိုင်းကို အစဉ်လိုက် လမ်းညွှန်ပေးထားပါတယ်။
မင်္ဂလာပန်းအလှဆင်ခြင်း
အခန်း(၇)ကိုဖတ်ရင် ခန်းမပန်းထိုး၊ လက်ကိုင်ပန်း၊ ရင်ကပ်ပန်းမကျန် ပန်းအလှဆင်ခြင်းအတွက် ဘယ်လိုတွေစီစဉ်ရတယ်ဆိုတာ သဘောပေါက်မှာပါ။
အမှတ်တရမင်္ဂလာပုံရိပ်များ မှတ်တမ်းတင်ခြင်း
ဓာတ်ပုံ၊ ဗီဒီယိုပညာရှင်များ ငှားရမ်းပုံနဲ့ ရိုက်ကူးရေးလမ်းညွှန်ကို အခန်း(၈)မှာ ဖော်ပြထားပါတယ်။
လအလိုက်အစီအစဉ်များ
အခန်း(၁၃)မှာ မင်္ဂလာမဆောင်ခင် (၁)နှစ်အလိုကနေ (၁)ရက်အလိုအထိ လအလိုက်၊ အပတ်အလိုက်၊ ရက်အလိုက် အသေးစိတ်စီစဉ်ဖို့ ဇယားနဲ့လမ်းညွှန်ပေးထားလို့ ရေးခြစ်ပြင်ဆင်နိုင်ပါတယ်။ မင်္ဂလာဆောင်မဲ့ စုံတွဲအားလုံး ရွှေလက်တွဲ ခိုင်မြဲကြပါစေရှင်။
ဝေယံမောင်မောင်
ရုပ်သံထုတ်လုပ်ရေးမှူးနှင့် တင်ဆက်သူ
မြန်မာနေရှင်နယ်ရုပ်သံလိုင်း၊ ၂၀၁၃ ခုနှစ်
Comments
Post a Comment