တန်ခူးလဆိုတာ သရက်သီးအစေ့ယှက်တဲ့အချိန်ပါ။ မန္တလေးက ကျွန်တော့်ခြံထဲမှာတော့ စိန်တွေ၊ မြတွေ အတော်ပေါနေပြီလေ။ စိန်တစ်လုံးတို့၊ မြကျောက်တို့ပြောပါတယ်။ ဟင်္သာတို့၊ ခေါင်ချိုး (ဂေါင်ဂျိုး)တို့၊ စိမ်းချိုတို့၊ မချစ်စုတို့လည်းရှိသေးတယ်။ မန္တလေးစိန်တစ်လုံး ဆွတ်ချိန်တန်ပြီဆို ခူး၊ ထုပ်၊ ပိတ်ပြီး လက်ဆောင် ပို့ပေးရတာ အကြည်နူးဆုံးပဲ။ သရက်ကင်းရာသီတုန်းကတော့ သရက်ကင်းတွေ တို့စား၊ မြှုပ်စားပေါ့။
အချို့က သရက်ကင်းဆိုတာ ချင်းလိုအတက်လို့မှားထင်ကြတယ်။ တကယ်တော့ သရက်ကင်းရယ်၊ ရေသရက်ကင်းရယ်၊ လယ်သရက်ကင်းရယ် မတူပါဘူး။ ရေသရက်ကင်းနဲ့ လယ်သရက်ကင်းတို့က သရက်ကင်းနဲ့အနံ့ဆင်လို့ ကပ်ပါးစွဲမှည့်ထားတဲ့ အရွက်နဲ့ဥပါ။ အမှန်က သရက်ပင်ကအသီးမှ သရက်ကင်းပါ။ ဒါ့ကြောင့် ဘုရားကျောင်းကန် လှေကားရင်းမှာရှိတဲ့ သရက်သီးပုံ လုံးကွေးရှည်ရှည်ကိုလည်း သရက်ကင်းနဲ့ တူလို့ သရက်ကင်းလို့ ခေါ်ပါတယ်။
ခြံထဲကသရက်တွေက အကင်းအရွယ်ကိုကျော်လို့ အစေ့ယှက်တဲ့အဆင့် ရောက်လာပါပြီ။ အစေ့ယှက် တယ်ဆိုတာ အစေ့ရင့်လာပြီး အသားနဲ့အမျှင်ရောယှက်တာကို ပြောတာပါ။ အဲဒီအနေအထားပြီးရင် ယွန်းပြင်း။ နောက်အဆင့်က အမှည့်။ နောက်ဆုံးအဆင့်က အပုပ်။ မြန်မာစကား ဝေါဟာရကြွယ်၀ချက်ပါ။
အဲဒီ သရက်သီးအရင့်တွေက သုပ်၊ သနပ်၊ ယို၊ အခြောက်၊ ချက် အစုံလုပ်လို့အကောင်းဆုံး ဖြစ်ပါတယ်။ ခြံထဲကသရက်သီးတစ်မျိုးက အင်မတန်အလုံးကြီးပြီး အစေ့သေးလို့ အတော်စားလို့ကောင်းပါတယ်။ အလုံးကြီး ပုံကို တစ်ခြားသရက်သီးနဲ့ ယှဉ်ပြထားပါတယ်။ ကျွန်တော်ကတော့ မန္တလေးအချဉ်ပေါင်းကို ကိုယ့်နည်းကိုယ့် ဟန်နဲ့ဆန်းသစ်သုပ်ပြီး ဝေယံသရက်သီးပေါင်းလို့ သမုတ်လိုက်ပါတယ်။
ပါ၀င်ပစ္စည်းတွေက
၁၊ သရက်သီးရင့်
၂၊ စိမ်းစားငါးပိ
၃၊ ပုစွန်ဆိတ်ငယ်ငယ်
၄၊ ပလာတူးခြောက်
၅၊ ထန်းဖိုထန်းလျက်
၆၊ ရှောက်ညွန့်
၇၊ ငရုတ်သီး
၈၊ ကြက်သွန်ဖြူ
ပြုလုပ်ပုံက
- သရက်သီးရင့်ကို ခပ်ကြမ်းကြမ်းလှီးပါ။ အနုပညာဆန်မနေပါနဲ့။ မထူမပါး၊ မလှမပ၊ လှီးချင်သလို လှီးချလိုက် တာဟာ ကြမ်းတမ်းမှုရဲ့အနုပညာပါ။
- ပုစွန်ဆိတ်ငယ်ငယ်လေးတွေကိုလှော်ပြီး အမှုန်အမွှားတွေပြာထားပါ။ ပုစွန်ခြောက်ထက် မွှေးပါလိမ့်မယ်။
- စိမ်းစားငါးပိကို မီးဖုတ်ပြီးထောင်းထားပါ။ ချိုငန်မွှေးအရသာ ပေးပါလိမ့်မယ်။
- ပလာတူးခြောက်ကို မီးဖုတ်ပြီးမွှာထားပါ။ ငါးခြောက်သားနဲ့ သရက်သီးပေါင်းစပ်တဲ့ အထိအတွေ့က စွဲမက်စ ရာပါ။
- ကြက်သွန်ဖြူကို မီးကျီးခဲထဲထည့်ဖုတ်ပြီး ထောင်းထားပါ။ လေကိုလဲ ကောင်းစေတယ်။ မွှေးတာလဲ ထူးခြား တယ်။
- ထန်းဖိုထန်းလျက် ဒါမှမဟုတ် ထန်းလျက်နည်းနည်းကို ထောင်းထားပါ။
- ငရုတ်သီးကို သီတံနဲ့ထိုးကင်ပြီး ထောင်းထားပါ။ အစပ်ကြိုက်ရင် ပိုထည့်။
- ရှောက်ရွက်ကို ရိတ်ရိတ်လေးတွေလှီးထားပါ။
- အမယ်စုံရင် အားလုံးရောသမမွှေပြီး သုပ်လိုက်ရင် အနံ့၊ အရသာ ဘာမှပြောစရာမရှိတဲ့ သရက်သီးပေါင်း ရပြီ ပေါ့ဗျာ။
ကောလိယ ဝေယံမောင်မောင်
၁၅.၄.၂၀၂၀
Comments
Post a Comment