ကျွန်တော်တို့မြန်မာပြည်မယ် ‘ချိစ်’ သာ မကြားဖူးရင်နေမယ်၊ ‘ငါးပိ’ ကိုတော့ မကြားဖူးမရှိလောက် ဘူးထင်ပါတယ်။ မြန်မာနဲ့ငါးပိ ခွဲမရပါဘူး။ မကြိုက်တာကြိုက်တာအသာထား မြန်မာနဲ့ငါးပိ ဆက်စပ်နေတော့ စကားပြောရင်တောင် ‘ငါးပိသံ’ လို့ ပြောစမှတ်ရှိတယ်မဟုတ်လား။ မြန်မာတင် ငါးပိရှိတာလားဆိုတော့ မဟုတ်ပြန်ဘူး။ ပင်လယ်ကမ်းရိုးတန်းရှိတဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာလဲ ရှိတယ်။
ဝေါဟာရချင်းတော့ မတူဘူးပေါ့။ ခမာ-ယိုးဒယားစကားမှာ ‘ကပိ’တဲ့။ မြန်မာအခေါ်နဲ့တော့ နီးစပ် တယ်။ မလေးမှာဆိုရင် ‘ဘလာချန်’ လို့ခေါ်တယ်။ သူတို့ငါးပိက ကြံသကာခဲများလို ခပ်မာမာအတုံးတွေ လုပ် ထားကြတာ။ အင်ဒိုနီးရှားမှာကျ ‘တီရာစီ’ တဲ့။ ပုံကြည့်ရတာ ပိုတောင်မာသလိုထင်ရတယ်။ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ လာအို တွေမှာလဲ ငါးပိရှိတယ်။ ဒါပေမဲ့ လာအိုက ပင်လယ်ကမ်းရိုးတန်း မရှိတဲ့အတွက် ကျွန်တော့်အထင် သူ့အရှေ့ဘက် ဗီယက်နမ်ကမ်းရိုးတန်းဘက်ကနေပဲ ငါးပိအခွင့်အလမ်းယူရတဲ့ပုံပါ။ ဖိလစ်ပိုင်ကတော့ ဒီနိုင်ငံတွေနဲ့ဝေးတဲ့ သမုဒ္ဒရာအလယ်က ကျွန်းနိုင်ငံဆိုတော့ သူ့ငါးပိက တစ်ဖုံဆင်ကွဲမယ် ထင်ပါရဲ့။
မြန်မာမှာတောင်မှ ငါးပိအမျိုးမျိုးရှိတယ်လေ။ အဓိကအားဖြင့်
၁၊ ပုစွန်ဆိတ်ကလေးတွေနဲ့လုပ်တဲ့ စိမ်းစားငါးပိ
၂၊ မျှင်ပိုက်နဲ့ဖမ်းရတဲ့ မျှင် ခေါ် ဂွေးကောင် ပုစွန်ငယ်လေးတွေနဲ့လုပ်တဲ့ မျှင်ငါးပိ (ဒါလဲ စိမ်းစားငါးပိပဲ)
၃၊ ကတော့ပုံငါးဖမ်းကိရိယာ ဓမင်းနဲ့ထောင်ဖမ်းရတဲ့ ငါးပုစွန်ငယ်လေးတွေနဲ့လုပ်တဲ့ ဓမင်းငါးပိ (ဒါလဲ စိမ်းစား ငါးပိပါပဲ)
၄၊ ငါးအကောင်လတ်၊ အကောင်ကြီးတွေနဲ့လုပ်ပြီး ကျိုစားရတဲ့ ရေကျိုငါးပိ။ (ငါးရံ့၊ ငါးဖယ်နဲ့ ငါးပြေမ သုံးမျိုး နဲ့လုပ်တတ်တဲ့ သုံးဦးစပ်ငါးပိဆိုတာလဲ နာမည်ကြီးတယ်။ ကျွန်တော်ကတော့ ငါးစုံ၊ ကနန်း၊ ပုစွန်တွေ ရောပါ နေတာကို ပိုကြိုက်တယ်။ ကျိုက်မရောကသူငယ်ချင်း အမြဲပေးလို့စားနေကျလေ။)
၅၊ ငါးကိုမထောင်းဘဲ အကောင်လိုက် ဆားပက်၊ ကုပ်နှိပ်ရတဲ့ ငါးပိကောင် စသဖြင့် တွေ့ရတယ်။ သေချာတာ ကတော့ တခြားနိုင်ငံတွေထက် မြန်မာမှာဒေသအလိုက် ငါးပိစုံလင်တယ်။
ငါးမီးလှုံငါးပိရေကျိုလုပ်ဖို့ လိုအပ်တဲ့ပစ္စည်းတွေ
၁၊ နှစ်သက်ရာ ရေကျိုငါးပိ
၂၊ အကြေးပါတဲ့ငါးတစ်မျိုးမျိုး
၃၊ ငရုတ်သီးစိမ်း
၄၊ ကြက်သွန်ဖြူ
၅၊ နှစ်သက်ရာ အတို့အမြှုပ်စုံ
အရင်ဆုံး ငါးဖုတ်လိုက်ရအောင်။ အကြေးမထိုးဘဲ ရေစင်စင်ဆေး။ တံစို့နဲ့ထိုးပြီး မီးကျီးခဲနဲ့ကင်။ ကျွန်တော်ကတော့ မီးလှုံလို့ သုံးနှုန်းလိုက်တယ်။ ဖုတ်တယ်ပြောရင်လည်း ပြောပေါ့။ သဘောကတော့ မီးပူရှိန် နဲ့ ကျက်အောင်လုပ်တာပဲ။ ငါးက ကင်နေရင်း အရည်တွေထွက်ကျလာလိမ့်မယ်။ ခဏနေလို့ အကြေးခွံကျွမ်းရင် ငါးသွေ့သွားပြီမို့ အသားထွင်ထားနိုင်ပါပြီ။ မီးသွေးမသုံးရင် ဖုတ်စက်သုံးတာ၊ အိုးပူတိုက်တာ၊ ပြုတ်တာတွေ လုပ်နိုင်ပါတယ်။
ပြီးရင် ငရုတ်သီးနဲ့ ကြက်သွန်ဖြူလှော်ပါမယ်။ ငရုတ်သီးကို ရေစင်စင်ဆေး၊ ကြက်သွန်ဖြူကို အပေါ် တစ်ထပ်လောက်ခွာပြီး အိုးပူထဲထည့်လှော်ပါ။ ညိုသွေ့သွားရင် အညှာတွေ၊ အခွံတွေဖယ်ပြီး ထောင်းထားပါ။ ငါးအသားတွေနဲ့ အတူရောပြီး ငါးပိရည်ကျိုထည့်မဲ့ ခွက်တစ်လုံးထဲကို ထည့်ထားပါ။
ငါးပိကျိုတာကျ ပုံမှန်ကျိုသလိုပါပဲ။ ဒါပေမဲ့ ပိုပြီးကောင်းစေချင်ရင် ရေပွက်ပွက်ဆူအောင်တည်ပါ။ ဆူမှ ရေကျိုငါးပိထည့်ပါ။ ဆနွင်းထည့်ပါ။ အချိုမှုန့်ထည့်ပါ။ ငါးအသားတွေကြေပြီး လိုချင်တဲ့ အပျစ်အကျဲရရင် အဆာတွေထည့်ထားတဲ့ခွက်ထဲ ပူပူလောင်လောင်ကြီးသာ လောင်းထည့်လိုက်ပါ။ ငရုတ်သီးအလှော်မှုန့် ကြိုက် ရင် ချက်ချင်းဖြူးထည့်။ အမယ်တွေရဲ့ အမွေးနံ့က ကောက်ကာငင်ကာ ထလာလိမ့်မယ်။
ကဲ… အခုလို ငါးမီးလှုံငါးပိရည်ကျိုရပြီဆိုရင် နှစ်သက်ရာအတို့အမြှုပ်တွေနဲ့ စားကြပေတော့။ မြန်မာ့ ရိုးရာထမင်းဝိုင်းဆိုတာ ဒီတစ်ခွက်နဲ့တင် အုတ်မြစ်ခိုင်နေပြီမဟုတ်လား။
ကောလိယ ဝေယံမောင်မောင်
၂၈.၄.၂၀၂၀
Comments
Post a Comment