အမြစ်ကနေ ကိုင်းဖျားအထိ အသုံး၀င်တဲ့အပင်ကိုပြောပါဆိုရင် မန်ကျည်းကိုအရင်ဆုံးပြောရမယ် ထင်ပါတယ်။ “အမြစ်ကလဲ ဆေးဖက်၀င်၊ ပင်စည်ကလဲ စဉ့်တီတုံး၊ အသားတုံးလဲ ထင်းခြောက်စိုက်၊ အလှကြိုက်ရင် အခေါက်လိမ်း၊ အရွက်စိမ်းကို မျိုးစုံစား၊ ရွက်ခြောက်သွားတော့ မြေသြဇာ၊ ပွင့်တဲ့အခါ သနပ်သုပ်၊ ချက်ပြုတ်ဖို့ အသီးစိမ်း၊ အပူငြိမ်းဖို့ မန်ကျည်းမှည့်၊ ကိုင်းခြောက်ထည့် မီးတောက်မွှေး” နေရာမရွေး အသုံး၀င်လှပါတယ်။
မန်ကျည်းရွက်သုပ်ကတော့ ကျွန်တော့်အကြိုက်ပါ။ ခြံထဲမှာ ဝါရင့်သမ္ဘာရင့် မန်ကျည်းပင်တွေ ရှိနေ တော့ မန်ကျည်းနဲ့ပတ်သက်တာ ဘာမှမ၀ယ်ရဖူးဘူး။ လက်ဆောင်လည်း အမြဲပေးခွင့်ရပါတယ်။ နွေရာသီဆို မန်ကျည်းရွက်တွေ လှိုင်လှိုင်ထွက်ချိန်မို့ စားခါနီး၊ ချက်ခါနီးမှ အရအမိ ခူးရုံပါပဲ။ ပါးစပ်ရာဇ၀င်အရတော့ အင်းဝ ခေတ်၊ နန်းမတော်မယ်နုက မန်ကျည်းရွက်ဆို နုတယ်ပြောရင်မကြိုက်၊ ထွတ်တယ်ပြောမှ ကြိုက်တယ်ဆိုပဲ။
စျေးမှာ မန်ကျည်းရွက်၀ယ်မဲ့သူဆိုရင်တော့ အချဉ်စူးတဲ့အရွက်လား၊ အဖန်ကဲမယ့်အရွက်လား၊ ဆိမ့်ချဉ်ချဉ်အရွက်လား ခွဲခြားဖို့လိုမယ်။ ခွဲနည်းပြောပါမယ်ဗျ။ အများအားဖြင့် အရွက်ရိုးအောက်ခြေက အနီဖတ်ကလေးတွေပါတာက ဖန်တတ်တယ်။ ရောင်နီဘက်မသွားတဲ့ စိမ်းနုနုလေးလေးတွေက ချဉ်စိမ့်လေး တွေဖြစ်နိုင်တယ်။ နီကြောင်ကြောင် မန်ကျည်းရွက်ကတော့ မန်ကျည်းပနီလည်း ဖြစ်နိုင်သလို၊ အဖန်အချဉ် လွန်တာလဲ ဖြစ်နိုင်ပါတယ်။ ကြည့်ကျက်ရွေးတော်မူကြပါ။ မနုမထွတ် ခပ်ကြမ်းကြမ်းဝယ်မိရင် သုပ်မစားဘဲ ချက်သာစားပါလေ။
မန်ကျည်းရွက်သုပ်ဖို့ လိုအပ်တာတွေက
၁၊ မန်ကျည်းရွက်နုနု
၂၊ မြေပဲဆံ
၃၊ ကြက်သွန်နီ
၄၊ ခရမ်းချဉ်သီး
၅၊ ပဲမှုန့်
၆၊ ပဲဆီ
၇၊ ငရုတ်သီးကြော်မှုန့်
သုပ်မယ်ဆိုရင်
လွယ်ပြီး မြန်တဲ့အသုပ်ဖြစ်ပါတယ်။ သက်သတ်လွတ်စားသူများဖို့လဲ အဆင်ပြေပါတယ်။ မန်ကျည်းရွက်ကို ရေစင်စင်ဆေးပါ။ မြေပဲဆံကိုကြော်ပြီး လုံးကွဲထောင်းထားပါ။ ကြက်သွန်နီကို ပါးပါးလှီး၊ ရေစင်စင်ဆေးပြီး ညှစ်ထားပါ။ ခရမ်းချဉ်သီးကို အလုံးလိုက်ရေဆေးပြီး ပါးပါးလှီး၊ အစေ့ထုတ်ထားပါ။
သုပ်မယ်ဆိုရင် မန်ကျည်းရွက်ထဲကို အမယ်တွေအားလုံးထည့်၊ ဆား၊ အချိုမှုန့်ထည့်၊ ပဲဆီစိမ်းလေး ဆမ်းပြီး နယ်လိုက်ရုံပါပဲ။ တကယ်လို့များ သက်သတ်လွတ်မဟုတ်ဘူးဆိုရင် မြေပဲဆံအစား ပုစွန်ခြောက်နဲ့ ဆားထည့်နိုင်ပါတယ်။ ငံပြာရည်မဟုတ်ရင်လဲ ပဲငံပြာရည်သုံးနိုင်ပါတယ်။
ကျွန်တော်တို့ အဘွားတွေကတော့ ပဲဟင်းရည်လေးဆမ်းပြီး သုပ်တတ်ပါတယ်။ ပဲဟင်းရည်က အသုပ် ကို ခြောက်ကပ်မနေအောင် လုပ်ပေးသလို၊ အချဉ်စူးတဲ့မန်ကျည်းရွက်ကိုလည်း အချဉ်လျော့သွားစေပါတယ်။ ကဲ မန်ကျည်းရွက်ကချဥ်ချဥ်လေးဆိုတော့ သူနဲ့လိုက်အောင် အအီအဆိမ့်တစ်ခုခုတော့ ချက်သင့်ပြီ ထင်တယ် ဗျာ။
ကောလိယ ဝေယံမောင်မောင်
၂၆.၅.၂၀၂၀
Comments
Post a Comment