သစ်ပင်၊ ပန်းမန်မျိုးစိတ်စုံကို ကလေးဘ၀ကတည်းက ခြံနဲ့စိုက်ခဲ့တာ နှစ်ပေါင်း(၂၀)ကျော်ခဲ့ပါပြီ။ အကျော်တို့၊ တရုတ်စံကားရောင်စုံတို့လည်း အပါအဝင်ပေါ့။ အကျော်နဲ့ တရုတ်စံကားက တကယ်တမ်း Plumeria တစ်အုပ်စုတည်းပါပဲ။ အဲထဲကမှ အဖြူရောင်၊ အပွင့်ကြီး၊ ချက်အဝါ၊ အရွက်ကြီး၊ ရွက်ထိပ်လုံး၊ ပင်စည်တုတ်၊ အသီးတောင့်ကြီးတာကို အကျော်လို့ခေါ်ပါတယ်။ တရုတ်စံကားကတော့ အရွက်တွေချွန်ပြီး သူ့ထက်သေးပါတယ်။ တရုတ်စံကားပင်ရဲ့ အနှစ်ကိုလဲ အကျော်လို့ပဲခေါ်ပါတယ်။ လိုရင်းကတော့ အကျော်နဲ့ တရုတ်စံကား မိသားစုပါပဲ။
တချို့က 'တစ်လုပ်နဂါး' ခေါ်တယ်။ တစ်လုပ်နဂါးလို့ ခေါ်တဲ့သူကပဲ အုတ်တံတိုင်းကျ 'အုတ်ဂျတိုင်း' တဲ့။ တစောင်းပင်ကို 'ဂစောင်း' ပင်ခေါ်သလိုပေါ့။ ဒေသိယစကားဆိုတာ တစ်ခါတလေ ပြောင်းပြန်တောင်ဖြစ် သွားတတ်တယ်။ ဒီနေ့ခေတ်သုံးကြတဲ့ ပလတ်စတစ်ပျော့ ကားလိပ်ပြား Vinyl ဆိုရင် အင်္ဂလိပ်စကားမှာ 'ဗိုင်နေးလ်' လို့ထွက်တာ။ မြန်မာပြည်ရောက်မှ 'ဗီနိုင်း' ဆိုပြီးဖြစ်သလိုပေါ့။
ဒီနေ့တော့ ဆေးဖက်လည်း၀င်၊ လေကိုလည်းကောင်းစေတဲ့ အကျော်၊ တရုတ်စံကားရောင်စုံကို ခူး တန်ခူး၊ ကောက်တန်ကောက်ပြီး အညာသုပ် သုပ်ဖို့ပြင်ဖြစ်ပါတယ်။
လိုအပ်တာလေးတွေ
၁၊ အကျော်၊ တရုတ်စံကား
၂၊ မြေပဲဆံကြော်
၃၊ ပဲကျက်မှုန့်
၄၊ ကြက်သွန်နီ
၅၊ ပဲဆီ
၆၊ နှမ်းလှော်
၇၊ ငရုတ်သီးအကြော်မှုန့်
၈၊ ရှောက်သီး
သုပ်တော့မယ်ဆိုရင်
အပွင့်လေးတွေကို ရေသေချာဆေးပြီးပြုတ်ပါ။ ရေနွေးဖျောရုံနဲ့တော့မရဘူးဗျ။ နည်းနည်းလေးကြာ ကြာပြုတ်ရတယ်။ ပွင့်ဖတ်ကနူးပေမဲ့ ပွင့်ညှာက မာဆတ်ဆတ်ဖြစ်နေသေးတာ။ ပြုတ်နေတုန်းတော့ မူးနိုင် တယ်။ ပန်းနံ့ကမွှေးပေမဲ့ ဆန်ကောထဲကပန်းနံ့ရော၊ အပြုတ်နံ့ရောနဲ့ဆိုတော့ အီဝေ့နောက်ကျိ လာသေးတယ်။ ပြုတ်ပြီး အေးသွားတဲ့အခါ ရေသေချာထွက်အောင် ညှစ်ပါ။ စာရေးဆရာ ဒေါင်းနွယ်ဆွေရဲ့ စကားနဲ့ပြောရရင် ရေကုန်မညစ်ရင် ‘ဘွတ်လော့ ဘွတ်လော့နဲ့တောင် မြည်သေး’ ဆိုသလို စားလို့လဲမကောင်း၊ အထားလဲမခံဘဲ သိုးလွယ်လိမ့်မယ်။
ကြက်သွန်နီပါးပါးလှီးပြီး ဆီသတ်ပါ။ ကြက်သွန်ကြော်ဖတ်တွေ ဆီစစ်ထားပါ။ မြေပဲဆံကြော်ကို လုံးကွဲထောင်းထားပါ။ သုပ်တော့မယ်ဆိုရင် တရုတ်စံကားပြုတ်ဖတ်လေးတွေ ကတ်ကြေးနဲ့ကိုက်ပြီး ဇလုံကြီး ထဲထည့်ပါ။ မြေပဲထောင်း၊ နှမ်းလှော်၊ ကြက်သွန်နီကြော်၊ ပဲကျက်မှုန့်၊ ဆား၊ ဟင်းချိုမှုန့်၊ ဆီကျက်နည်းနည်း၊ ငရုတ်သီးအကြော်မှုန့်၊ ရှောက်ရည် အားလုံးထည့်ပြီး ခပ်ဖွဖွနယ်ပါ။
နယ်ပြီးရင် နှစ်သက်ရာပန်းကန်ထဲထည့်ပါ။ ခုနသုပ်တုန်းက ဆီကျက်နည်းနည်းလို့ ပြောခဲ့ပါတယ်။ အခု အပေါ်ကနေ ဆီကျက်နည်းနည်းထပ်ဆမ်းပါ။ ကြက်သွန်နီကြော်၊ နှမ်းလှော်ဖြူးပါ။ ဒါဆို ရေနွေးနဲ့ပဲ မြည်း မြည်း၊ ထမင်းနဲ့ပဲစားစား ဆိမ့်ဆိမ့်လေးနဲ့ အရသာရှိမဲ့ ဆေးဖက်ဝင် အညာလက်သုပ်လေးတစ်ပွဲ ရပါပြီဗျာ။
ကောလိယ ဝေယံမောင်မောင်
၃.၆.၂၀၂၀
Comments
Post a Comment