အနောက်တိုင်းမင်္ဂလာဝတ်စုံနှင့် မိတ်ကပ်အကြောင်း
မင်္ဂလာမောင်မယ်များက နံနက်ခင်း မြန်မာလိုဆောင်ပြီးရင် ညစာစားပွဲမှာ အနောက်တိုင်းဝတ်စုံများ ဝတ်ဆင်ကြပါတယ်။ သတို့သားအတွက် ကုတ်၊ ခါးတိုကုတ်၊ စတိုင်ဘောင်းဘီ၊ ဖဲပွင့် (သို့) လည်စည်း၊ ခါးစည်း စတာတွေကို Suit လို့ခေါ်ရလောက်အောင် စပ်ဟပ်ဝတ်ဆင်ရမှာပါ။ သတို့သမီးအတွက်တော့ Evening Gown ခေါ် ဂါဝန်က အဓိကဖြစ်ပါတယ်။
ငှားမလား၊ ဝယ်မလား၊ ချုပ်မလား နှစ်သက်ရာရွေးနိုင်ပါတယ်။ ချုပ်မယ်ဆိုရင် ဒီဇိုင်နာရဲ့ကဏ္ဍ အရေးပါလာပါပြီ။ ဒါ့ကြောင့် ကျွန်တော်နှစ်စဉ်ရိုက်ကူးတဲ့ ဖက်ရှင်အစီအစဉ်တွေမှာ မင်္ဂလာဝတ်စုံပါ ထည့်သွင်း ခဲ့တာပါ။ ဒီအစီအစဉ်များစွာထဲကနေ မိတ်ကပ်၊ ဒီဇိုင်နာ အိမြတ်သူဇာနဲ့ (၂၀၁၄) မှာရိုက်ကူးခဲ့တာကို လိုတိုရှင်းရေးပြီး ဖော်ပြပေးလိုက်ပါတယ်။ ဝတ်ဆင်ပြသတဲ့ မော်ဒယ်လေးများကတော့ Talents & Models မှ ဖြစ်ပါတယ်။
ယူကျု၌ အပြည့်အစုံကြည့်ရှုရန် - https://youtu.be/B_IhlNLFQ3s
ဝေယံမောင်မောင်
အစ်မအခုဖန်တီးထားတဲ့ အနောက်တိုင်းဝတ်စုံလေးတွေအကြောင်း အသေးစိတ်ရှင်းပြပေးပါလား။
အိမြတ်သူဇာ
မြန်မာ့ရိုးရာအရ မသုံးရမဲ့အရောင်တွေရှိတယ်ပေါ့နော်။ အဲဒါလေးတွေကိုရှောင်ပြီး ဖန်တီးပေးထားတာပါ။
၁၊ အနီရောင်လေးကို ရွှေနဲ့စပ်သုံးထားတယ်
၂၊ မြန်မာတွေကြိုက်ကြတဲ့ ရွှေဝါရောင်လေးပါတယ်
၃၊ နက်ပြာရောင်လေးရယ်
၄၊ မြက်ခင်းပြင်နဲ့လိုက်တဲ့ အဝါတောက်တောက်လေးရယ်
၅၊ ပန်းပွင့်လေးတွေပါတဲ့ ခဲရောင်လေးတွေရယ် ဖန်တီးထားပါတယ်။
ဝေယံမောင်မောင်
မိတ်ကပ်ဘက်ကို မေးအုံးမယ်။ ညနေခင်းဆိုရင် အလင်းရောင်မရတော့ဘူး။ သတို့သမီးအလှ ပေါ်လွင်အောင် မိတ်ကပ်ဘယ်လိုလိမ်းသင့်လဲ။ ဆံပင်ရော ဘယ်လိုထုံးဖွဲ့မလဲ။
အိမြတ်သူဇာ
ညဘက်မို့ မျက်လုံးအရောင်ဆို အဖျော့တွေအစား အရင့်တွေသုံးရပါတယ်။ ဥပမာ အမည်းတို့၊ နက်ပြာတို့၊ အညိုရင့်တို့။ မိတ်ကပ်ကို လက်နေတာ၊ ပြောင်နေတာမျိုး သုံးပေးရပါတယ်။ ဖောင်ဒေးရှင်းဆိုလဲ ပြောင်ပြောင်လေး။ နှုတ်ခမ်းနီဆိုလဲ ရင့်ရင့်လေးတွေ သုံးပေးရပါတယ်။
ဆံပင်ကျ အခုခေတ်မှာ တိတိပပထုံးဖွဲ့တာ မကြိုက်ကြဘူး။ အခုဝတ်စုံဝတ်ပြကြတဲ့ မော်ဒယ်တွေရဲ့ ဆံနွယ် ပေါ်မူတည်ပြီး ပြေပြေလျော့လျော့လေးတွေ ဖန်တီးပေးထားပါတယ်။
ဝေယံမောင်မောင်
သတို့သမီးဝတ်စုံချုပ်ဖို့ ဒီဇိုင်နာကို ဘယ်လိုရွေးချယ်မလဲ?
အိမြတ်သူဇာ
ယုံကြည်မှုနဲ့အပ်တာ ကောင်းပါတယ်။ တချို့ကျအစွဲရှိတယ်။ သူလဲဒီမှာပဲအပ်တယ်၊ ကိုယ်လဲဒီမှာပဲအပ်မယ် ဆိုတာမျိုး။ အဲဒီအစား ဒီဇိုင်နာရဲ့လက်ရာတွေ လေ့လာတာ၊ တတ်ကျွမ်းတဲ့သူဆီမေးတာမျိုး လုပ်ပြီးမှအပ်ရင် ပိုကောင်းပါတယ်။
ဝေယံမောင်မောင်
သတို့သမီးမိတ်ကပ်အတွက်ရော မိတ်ကပ်ဆရာဘယ်လိုရွေးချယ်သင့်လဲ။ အစမ်းမိတ်ကပ် လိမ်းသင့်သလား?
အိမြတ်သူဇာ
အစမ်းလိမ်းသင့်ပါတယ်။ မျက်နှာဆိုလဲ အဝိုင်းရှိတယ်၊ လေးထောင့်ရှိတယ်။ အပြောင်သိမ်းတာ လိုက်တာ ရှိတယ်၊ မလိုက်တာရှိတယ်။ မင်္ဂလာဆောင်နေ့ကျမှ စိတ်မညစ်ရဖို့၊ မမှားဖို့ပေါ့။ စိတ်ညစ်ရတယ်ဆို မကောင်းဘူးလေ။ အစမ်းလိမ်းလို့အဆင်မပြေရင် အားမနာဘဲနောက်တစ်ဦးရွေးပါ။ နာမည်ကြီးတာပဲ ရှာအပ်မဲ့အစား ကိုယ့်အတွက် အကောင်းဆုံးလိမ်းပေးမဲ့သူ ရွေးသင့်တယ်ထင်ပါတယ်။
Comments
Post a Comment