ကျွန်ုပ်လက်ရာ ၉၊ ကြက်ဥပေါင်းချက်

 






ကလေးဘ၀ကတည်းက မီးဖိုဆောင်ဝင်ခဲ့တဲ့ကျွန်တော် ကြက်ဥမကြာခဏပေါင်းခဲ့ဖူးတာ ပြန်ပြောင်း သတိရမိတယ်။ မီးဖိုဆောင်က အဘွားအိမ်နောက်မှာရှိတာ။ ချက်ချင်ရင် ကန်ထဲက ကန်စွန်းရွက်ခူးတယ်။ ကင်ပွန်းခြုံကြီးကို သံတံချူနဲ့ဆွဲပြီး အရွက်တွေခူးတယ်။ တစ်ခါတလေ ပုလင်းထဲက ပုစွန်ခြောက် အကောင်ကြီးတွေ ထုထောင်းပြီး ထမင်းသုပ်စားတယ်။ သရက်ကင်းပေါ်ချိန်နဲ့တိုက်ရင် မီးဖိုဆောင်ဘေး မြကျောက်သရက်ပင်ကခူးပြီး တို့စားတယ်။ ခြံဝင်းကကျယ် စားဖွယ်ကစုံကိုး။

ကြက်ဥပေါင်းကလဲ အဲကတည်းကစတာပဲ။ အဲတုန်းက ကြက်ဥတစ်လုံးဖောက်၊ ကြွေဇလုံထဲထည့်ပြီး နှစ်သက်ရာအစပ်အဟပ် အကုန်ထည့်ပြီးပေါင်းတာ။ ရေနွေးငွေ့ဟပ်ခံရတာလဲ အကြိမ်ကြိမ်။  ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြက်ဥပေါင်းကို ချက်စားတာတွေ့နေကျကိုး။ ကြက်ဥကို ပေါင်းရ၊ချက်ရနဲ့ နှစ်ဆင့်ဆိုတော့ အလုပ်တော့ပိုရှုပ်တယ်။ ဒါပေမဲ့ လွယ်လဲလွယ် စားလို့လည်းကောင်းတော့ တစ်ခါတလေ သတိရရင် လုပ်စားမိ တတ်တာပဲ။

 

လိုအပ်တဲ့အမယ်တွေ

၁၊ ကြက်ဥ

၂၊ ခရမ်းချဉ်သီး

၃၊ ကြက်သွန်နီ

၄၊ ကြက်သွန်ဖြူ

၅၊ ချင်း

၆၊ ပျဉ်းတော်သိမ်

၇၊ ဆီ

 

ချက်နည်းအဆင့်ဆင့်

ကြက်ဥကိုဖောက်ပြီး ဘာအရသာမှမထည့်ဘဲခေါက်ပါ။ ကျွန်တော်က အနံ့လိုချင်တဲ့အတွက် ပျဉ်းတော်သိမ်ရွက်ကလေး ခူးထည့်တယ်။ နံနံထည့်လဲရတယ်၊ ငရုတ်ကောင်းထည့်လဲ ရပါတယ်။ ကြက်ဥ ခေါက်ရည်တွေကို ကြွေဇလုံခွက်ထဲထည့်၊ အဖုံးပိတ်ပြီးပေါင်းပါတယ်။ ကြက်ဥပေါင်းတွေကျက်ရင် အအေးခံပြီး အတုံးလေးတွေလှီးပါတယ်။

ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်းတို့ကို အနှစ်ရအောင် ထောင်းထားလိုက်ပါတယ်။ ခရမ်းချဉ်သီးကို ပါးပါးလှီးထားတယ်။ ကြက်သွန်နှစ်တွေကို ဆီသတ်ပြီး ခြောက်သွားရင် ခရမ်းချဉ်သီးထည့်တယ်။ ခရမ်းချဉ်သီးလေးတွေလိပ်သွားရင် ဆား၊ အချိုမှုန့်ထည့်တယ်။ ရေထည့်ပြီး အနှစ်ရအောင် တည်ထားပါတယ်။

အရေးကြီးတာက သာမန်ချက်တာထက် အငန်ပိုထည့်ပေးဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကြက်ဥ ပေါင်းတုန်းက အငန်ထည့်မထားလို့ပါ။ ခရမ်းချဉ်သီးလေးတွေနူး၊ ရေလဲကျန်သေးရင် ကြက်ဥပေါင်း အတုံး လေးတွေထည့်ပြီး ခဏတည်ထားလိုက်တယ်။ အရသာတွေ ကြက်ဥပေါင်းထဲစိမ့်၀င်ပြီး အရည်မကျန့်တကျန် လေးမှာ ချလိုက်ပါတယ်။ ကဲ ဘယ်လောက်လွယ်တဲ့ ကြက်ဥပေါင်းချက်လဲဗျာ။

Comments