ကျွန်ုပ်လက်ရာ ၁၂၊ မန္တလေးဆီချက်ခေါက်ဆွဲ

 









ကျွန်တော်တို့မန္တလေးမှာ ဆီချက်ခေါက်ဆွဲရောင်းတဲ့ ခေါက်ဆွဲဆိုင်တွေများတယ်။ ရှမ်းခေါက်ဆွဲဆိုင် တွေမှာလဲ တွဲရောင်းတတ်တယ်။ တရုတ်ဟင်းဆိုင်တွေမှာလဲ ဆီချက်ခေါက်ဆွဲ ရှိပါတယ်။

သမိုင်းအရ ခေါက်ဆွဲရဲ့ဇာတိက တရုတ်ပြည်ပါ။ အေဒီ(၃)ရာစုလောက်ကတည်းက တရုတ်မှာ ခေါက်ဆွဲစားတဲ့ အထောက်အထားတွေ့ရသတဲ့။ သဘောကတော့ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၈၀၀) လောက် ကတည်းက ခေါက်ဆွဲရှိနှင့်ပြီးသား။ တစ်ခါကဆို တရုတ်မှာ သိပ်ရှေးကျတဲ့ခေါက်ဆွဲ တစ်ဇလုံတွေ့ရသတဲ့။ ရေဒီယိုကာဗွန်လို့ခေါ်တဲ့ ပစ္စည်းတွေရဲ့သက်တမ်းစစ်ဆေးတဲ့နည်းနဲ့ စစ်လိုက်တာ ဇလုံနဲ့ခေါက်ဆွဲတွေက နှစ်ထောင်ချီခဲ့ပြီဆိုပဲ။

မန္တလေးမတိုင်မီ အမရပူရခေတ်မှာတော့ တရုတ်ခေါက်ဆွဲနှိပ်စက်လို့ နန်းတော်၊ ရုံးတော်၊ လွှတ်တော်၊ နေအိမ်တွေ မီးလောင်ပြာကျခဲ့ရဖူးတယ်။ ဘိုးတော်ဘုရားလက်ထက်၊ အမတ်ကြီး ဦးပေါ်ဦးတို့ခေတ်ပေါ့။ တရုတ် ငရွှေကြည်က သူ့ခေါက်ဆွဲဖိုမီးလောင်တာ ပစ်ထားခဲ့ပြီး တရုတ်ပြည်ထွက်ပြေးတယ်။ အမရပူရ နေပြည်တော်ကြီးကတော့ မီးလောင်ပြီးကျန်ခဲ့ရတယ်။

တရုတ်ကနေ ခေါက်ဆွဲလာခဲ့ပေမဲ့ မန္တလေးဆီချက်ကတော့ တရုတ်ပြည်က ဆီပါတဲ့ခေါက်ဆွဲတွေနဲ့ ကွဲလွဲပါတယ်။ ကျွန်တော် တရုတ်မှာနေခဲ့တုန်းက မြို့တိုင်းမှာစားခဲ့ရတဲ့ တရုတ်ဆီချက်ခေါက်ဆွဲတွေက မန္တလေးဆီချက်နဲ့ ထပ်တူမကျပါဘူး။ ကျွန်တော်ဒီကနေ့လုပ်တာက မန္တလေးဆီချက်ပါ။ မန္တလေးဆီချက်ပေမဲ့ ရန်ကုန်မြို့ လသာတစ်ဝိုက်နဲ့ တရုတ်ဆိုင်တွေမှာလဲ ရှိတတ်ပါတယ်။ အဲဒီဆီချက်တွေကျ ဝက်ဆီနံ့တွေ ထောင်းနေတာ။

 

လိုအပ်တဲ့ပစ္စည်းတွေ

၁၊ ခေါက်ဆွဲခြောက် (သို့) အစို

၂၊ ကြက်သား (နှစ်သက်ရာအသားသုံးနိုင်)

၃၊ ဆီ

၄၊ ဗမာကြက်သွန်ဖြူအသေး

၄၊ ကြက်သွန်မြိတ်

၅၊ ကြက်သွန်နီ

၆၊ ပဲငံပြာရည်အနောက်

၇၊ ပဲငံပြာရည်အကြည်

၈၊  ရှောက်သီး

 

ပြုလုပ်ပုံ

မန္တလေးဆီချက်က ဆီချက်ရတဲ့အဆင့်ဆင့်က အလုပ်တော့များတယ်။ အလုပ်ရှုပ်သလောက်လဲ အရသာရှိတယ်။ ကဲ စမယ်နော်။

          ပထမ ကြက်သားကို ဆားနည်းနည်းနဲ့ပြုတ်ထားပါ။ ကြက်ပြုတ်ရည်ကို ဟင်းရည်အဖြစ် သောက်မှာမို့ ဆားနည်းနည်းထည့်ပြီး တခြားဘာမှမထည့်ဘဲ ပြုတ်ပါတယ်။

          ဒုတိယ ကြက်သွန်ဖြူကြော်မယ်ဗျာ။ ဗမာကြက်သွန်ဖြူအသေးလေးတွေကို အခွံခွာ၊ ထပ်ခြမ်းခြမ်းပြီး မပူလွန်း၊ မပြင်းလွန်းတဲ့ဆီမှာ ကြော်ရပါမယ်။ မီးအေးရင် ပျော့တွဲဖြစ်မယ်။ ကြွပ်ချိန်ကြာမယ်။ မီးပြင်းရင် တူးခါးသွားမယ်။ စောင်းကြိုးညင်းဖြစ်အောင် ကြော်ရမယ်။ ကြက်သွန်ဖြူညိုခါမှ ချလို့လည်းမဖြစ်ဘူး။ အရောင်လေး နည်းနည်းရင့်တာနဲ့ စစ်ယူပြီးအအေးခံထား။ အေးရင်ဖွဖွလေး ထောင်း။

          တတိယ ကြက်သွန်မြိတ် ဆီချက်ရမယ်။ ကြက်သွန်မြိတ်တွေကို နုတ်နုတ်စင်းပြီး ဆီနဲ့ကြော်။ ကြက်သွန်မြိတ်ကြွပ်သွားရင် ဆီချည်းပဲစစ်ယူထားပြီး ကြက်သွန်ဖြူကြော်ထောင်းနဲ့ရော။

          စတုတ္ထ ခေါက်ဆွဲပြုတ်ရပါမယ်။ ခေါက်ဆွဲအခြောက်ဖြစ်ဖြစ်၊ အစိုဖြစ်ဖြစ် ပြုတ်ကိုပြုတ်ရမှာပါ။ ဦးဆုံး ရေပွက်ပွက်ဆူအောင်တည်ပါ။ ရေဆူခါမှ ခေါက်ဆွဲထည့်ဖို့လိုပါတယ်။ ခေါက်စွဲစိုဆိုရင် ပူရုံပြုတ်ရုံနဲ့ ရပါတယ်။

          ပဉ္စမ ဆီချက်စပ်ရမယ်။ ဆီချက်၊ ပဲငံပြာရည်အကြည်နဲ့အနောက်၊ အချိုမှုန့်လေးနည်းနည်းထည့်ပြီး သမပေးပါ။ အပေါ်က ခေါက်ဆွဲပြုတ်လေးထည့်ပြီး တူနဲ့မွှေပါ။ ကြက်သား၊ ကြက်သွန်မြိတ်၊ ဆီချက်လေး ဟိုဒီတန်ဆာဆင်လိုက်ရင် မန္တလေးဆီချက်ခေါက်ဆွဲမွှေးမွှေးလေး ရပါပြီခင်ဗျာ။

 

ကောလိယ ဝေယံမောင်မောင်

၇.၆.၂၀၂၀

Comments