ကျွန်ုပ်လက်ရာ ၅၊ ဝေယံဒံပေါက် (ပထမနည်း)

 













မင်္ဂလာနှစ်ဆန်းတစ်ရက်နေ့ပါခင်ဗျာ။ နှစ်ဦးနှစ်သစ်မို့ ကုသိုလ်အမျိုးမျိုး ပြုကြမဲ့နေ့ပါ။ အလှူဒါနမှ ကုသိုလ်မဟုတ်ပါဘူး။ ကျင့်ကြံတဲ့သီလ၊ ပွားများတဲ့ဘာ၀နာတို့က ကုသိုလ်ပိုထူးပါတယ်။ ယခင့်ယခင် နှစ်စဉ် နှစ်ဆန်းများမှာလို စတုဒီသာလှူလို့မရတဲ့တိုင် ဘုရားရှင်ရည်မှန်းကပ်တာ၊ ဆွမ်းခံ သံဃာလောင်းတာမျိုးနဲ့ ကုသိုလ်ယူနိုင်ပါတယ်။ အိမ်နီးချင်းထံ စနစ်တကျ ပို့ဝေရင်လဲ ဒါနပါပဲ။

ဒီနေ့မှာတော့ ဝေယံဒံပေါက်ချက်နည်း ချက်ပြပါ့မယ်​ဗျာ။ ‘ဒံပေါက်ဆိုတာ ပါရှင်စကားပါ။ မြန်မာ ပြည်မှာတော့ ဒံပေါက်လို့သိကြတယ်။ အိန္ဒိယမြောက်ပိုင်း ထမင်းတစ်မျိုးပေါ့။ အိန္ဒိယနဲ့ နိုင်ငံတကာမှာတော့ ‘ဘီရီးအာနီ လို့ခေါ်ကြတယ်။ ဘီရီးအာနီဆိုတာလည်း ပါရှန်းစကားပါ။ ဆိုလိုရင်းကိုတော့ ထမင်းတစ်မျိုးပါ။ ဒံပေါက်ဘယ်ကစလဲဆိုရင် တချို့က မဂိုအင်ပါယာခေတ်မှာ အိန္ဒိယကိုရောက်လာခဲ့တယ် ယူဆတယ်။ တချို့က အိန္ဒိယရိုးရာလို့ဆိုတယ်။ သေချာတာကတော့ လက်ရှိမှာ အိန္ဒိယယဉ်ကျေးမှုရဲ့ စားဖွယ်ပါ။

မြန်မာပြည်မှာလဲ မြန်မာရိုးရာမုန့်လို့ လွယ်လွယ်ခေါ်နေကြတဲ့ မုန့်တချို့က မြန်မာမုန့်မဟုတ်တာ အများကြီးရှိပါတယ်။ ဥပမာ - ဆနွင်းမကင်း၊ သာကူ၊ မုန့်လက်ဆောင်း စတာမျိုးတွေပါ။ ယဉ်ကျေးမှု ပျံ့နှံ့မှု ကြောင့် ရောက်ရှိခဲ့တာကြာပါပြီ။ ဒီနေ့ခေတ် မာလာဟင်း၊ ဟော့ပေါ့၊ ဆူရှီ ဆိုတာမျိုးပေါ့။

ကဲ ဒံပေါက်လိုရင်းရောက်ပြီနော်။ ဒံပေါက်ချက်နည်းက အိန္ဒိယမှာကို အမျိုးမျိုးကွဲပါတယ်။ ကျွန်တော့် နည်းကတော့ အိမ်မှာတင် ပေါင်းအိုးရှိရုံနဲ့ ချက်လို့ရတဲ့နည်းပါ။ ဒံပေါက်ကို မြန်မာပြည်မှာတော့ ပွဲရှိမှဖြစ်ဖြစ်၊ ၀ယ်စားမှဖြစ်ဖြစ် စားကြတာများလို့ ‘ဒီနေ့အိမ်မှာ ဒံပေါက်ချက်တယ်’ ဆိုတာ ကြားလေ့မရှိတဲ့ စကားတစ်ခွန်း ပါ။

“ကဲ… ဒါနဲ့ပြောရဦးမယ်… ဒီနေ့အိမ်မှာဒံပေါက်ချက်တယ်

 

ပါ၀င်ပစ္စည်းတွေက

၁၊ ဆန်ကောင်းကောင်း

၂၊ ကြက်သား (သက်သတ်လွတ် (သို့) အခြားအသားလည်းသုံးနိုင်)

၃၊ မဆလာအမယ်စုံ

၄၊ သီဟိုဠ်စေ့

၅၊ စပျစ်ခြောက်

၆၊ ခါချက်ဥ

၇၊ ကြက်သွန်ဖြူ

၈၊ ကြက်သွန်နီ

၉၊ ချင်း

၁၀၊ ထောပတ်

၁၁၊ ဒိန်ချဉ် (အသန့်)

၁၂၊ ဆီ

၁၃၊ ပူဒီနာ

 

ပြုလုပ်နည်းက မခက်ဘူးဗျ။ ဒံပေါက်ချက်တဲ့နည်းထဲက အိန္ဒိယအလွယ်နည်းကို ပြန်ထွင်ပေးထားတာ မို့ပါ။

၁၊ ကြက်သားကို ဒိန်ချဉ်၊ မဆလာအမယ်၊ ကြက်သွန်ဖြူ+ချင်းထောင်း၊ ထောပတ်၊ ဆား၊ ဆနွင်း၊ အရောင် တင်မှုန့် တို့နဲ့နှပ်ထားပါ။ ပြီးရင် ကြက်သွန်နီဆီသတ်ချက်ပါ။ စိတ်ရှည်လက်၀င် ချက်စေချင်ပါတယ်။ ကြက်သားဟင်းက အသက်ပါ။

၂၊ ဆန်ကို မဆလာအမယ်စုံနဲ့ ဆားထည့်ချက်ပါ။ ခပ်မာမာအနေအထားမှာ ဆန်ခါပေါ်ငှဲ့ချပါ။

၃၊ အခုက နှစ်ခြမ်းကွဲရမယ့်အချိန်ရောက်ပါပြီ။ ထမင်းကိုနှစ်ပုံခွဲပါ။ သီဟိုဠ်စေ့၊ စပျစ်ခြောက်၊ ခပ်သေးသေး တုံးထားတဲ့ ခါချက်ဥ၊ ကြက်သွန်နီကြော် တို့ကို နှစ်ပုံခွဲပါ။

၄၊ ပေါင်းအိုးထဲကို ထမင်းတစ်၀က်ထည့်ပါ။ အပေါ်ကနေ ကြက်သားဟင်းနည်းနည်းနဲ့ တစ်၀က်ခွဲထားတဲ့ အမယ်တွေဖြူး။ ထောပတ်လေးနည်းနည်းတောက်။ နောက်ထပ်အပေါ်ကနေ ကျန်တဲ့ထမင်းတွေထည့်။ ကြက်သားဟင်း နည်းနည်းထည့်။ အမယ်တွေဖြူး။ ထောပတ်တောက်ပါ။ ပြီးရင် အဖုံးအုပ်ပြီး ခလုပ်နှိပ်နှပ်ပါ။ ထမင်းပေါင်းအိုးမဟုတ်တဲ့ လျှစ်စစ်၊ မီးသွေး၊ ထင်း တို့နဲ့နှပ်လည်း ကောင်းပါတယ်။

၅၊ သာမန်ထမင်းနှပ်ချိန်ထက် နည်းနည်းကြာကြာစောင့်ပြီး အဖုံးကိုဖွင့်လိုက်ရင် အင်မတန်မွှေးတဲ့ ဒံပေါက်က အိုးထဲကနေ ငုတ်တုတ်ကြီးကြိုနေမှာပါ။ တည်ခင်းဖို့ဆိုရင် အနှစ်တွေ၊ အမယ်တွေနဲ့ ထမင်းကို အသာအယာ ခလောက်ဆန်မွှေနှောက်ယူပြီး ပန်းကန်ထဲထည့်။ အပေါ်က ကြက်သားတုံးတင်၊ ဘေးက ပူဒီနာ၊ သနပ်အချဉ်၊ ငရုတ်သီးစိမ်း၊ ငရုတ်ဘာလချောင် ထည့်ပြီး လှလှလေးပြင်ပါ။

၆၊ အချဉ်နဲ့ပတ်သက်ပြီးပြောရရင် ချက်တနီးလို့ခေါ်တဲ့ သနပ်တစ်မျိုးမျိုးထည့်စားတာ နည်းရိုးကျပါတယ်။ ဒံပေါက်နဲ့ ပါးစပ်ကြားထဲမှာ လမိုင်းကပ်စေဖို့လည်း ပေါင်းကူးပေးတယ်။ သနပ်မရှိရင် သခွားသီးနဲ့ ဂေါ်ဖီခြစ်ပြီး ရှာလကာရည်နဲ့ ချွေတာရေးနဲ့လုပ်လည်း အဆင်ပြေတယ်။ ပူဒီနာကတော့ အစာကြေစေသလို လိုက်လဲလိုက်ဖက်လို့ ထည့်စားရပါမယ်။ ငရုတ်ဘာလချောင်ကတော့ ခပ်ပေါ့ပေါ့ဖြစ်နေတတ်တဲ့ ဒံပေါက်ကို ပါရမီဖြည့်ပေးပါတယ်။ မန္တလေးမှာတော့ ဒံပေါက်နဲ့အတူ မန္တလေးကြာဆံဟင်းခါး၊ သရက်ချဉ်နဲ့ သီးမွှေး ငှက်ပျောသီး ပါတတ်တယ်။ ရန်ကုန်မှာတော့ ချဉ်ပေါင်ရွက်နုပ်နုပ်စဉ်းပြီး ရေဆူခပ်ချဉ်ရည် ပေးလေ့ရှိတယ်။ နှစ်သက်ရာအရည်နဲ့ တွဲဖက်စားနိုင်ပါတယ်။

သွေးမတက်ဘဲ နှစ်သက်စွာစားနိုင်ပါစေ။

 ကောလိယ ဝေယံမောင်မောင်

၁၇.၄.၂၀၂၀

Comments