၃၇၊ အသံထွက်မှန်ဖို့ လိုအပ်သည် (နာမ်နှင့်ကြိယာ ကွဲပြားအောင်ထွက်)


 

           တင်ဆက်ရာမှာ အသံထွက်မှားလို့ ‘နာမ်’ က ‘ကြိယာ’ ဖြစ်၊ ‘ကြိယာ’ က ‘နာမ်’ ဖြစ်ကုန်တာ အမြဲ တွေ့ နေရတယ်။ အခုခေတ်မှာ အင်္ဂလိပ်စာဆိုရင် Noun တွေ Verb တွေကို မူလတန်းကလေးကအစ ဂဃနဏ ပြောနိုင်ပေမဲ့ မိခင်မြန်မာစာကျတော့ တက္ကသိုလ်ပြီးတာတောင် ဟုတ်ဟုတ်ညားညား မရှိပါဘူး။

            အသံထွက်မှားတာနဲ့ နာမ်နဲ့ကြိယာ ဘယ်လိုပြောင်းသွားသလဲ ဥပမာပြပေးပါမယ်။

 

ခြံစောင့်

‘ခြံဇောင့်’ လို့အသံထွက်ရင် ‘ခြံစောင့်သူ’ အဓိပ္ပာယ်မို့ နာမ်ပါ။

‘ခြံစောင့်’ လို့အသံထွက်ရင် ‘ခြံစောင့်တယ်’ အဓိပ္ပာယ်မို့ ကြိယာပါ။

ဥပမာ - ‘ခြံဇောင့်’ က ‘ခြံစောင့်’ တယ်။

 

ဆန်ပြုတ်

‘ဆန်ဗြုတ်’ လို့အသံထွက်ရင် ‘ပြုတ်ထားတဲ့ဆန်’ အဓိပ္ပာယ်မို့ နာမ်ပါ။

‘ဆန်ပြုတ်’ လို့အသံထွက်ရင် ‘ဆန်ကိုပြုတ်တယ်’ ဆိုတဲ့အဓိပ္ပာယ်မို့ ကြိယာပါ။

ဥပမာ - ‘ဆန်ဗြုတ်’ သောက်ချင်ရင် ‘ဆန်ပြုတ်’ ပါ။

 

သတင်းပေး

‘သတင်းဗေး’ လို့အသံထွက်ရင် ‘သတင်းပေးသူ’ အဓိပ္ပာယ်မို့ နာမ်ပါ။

‘သတင်းပေး’ လို့အသံထွက်ရင် ‘သတင်းပေးသည်’ အဓိပ္ပာယ်မို့ ကြိယာပါ။

ဥပမာ - ‘သတင်းဗေး’ က ‘သတင်းပေး’ ၍သိရသည်။

 

အသံထွက်

‘အသံဒွက်’ လို့အသံထွက်ရင် ‘ထွက်လာတဲ့အသံ’ အဓိပ္ပာယ်မို့ နာမ်ပါ။

‘အသံထွက်’ လို့အသံထွက်ရင် ‘အသံကိုထွက်ခိုင်းတယ်’ ဆိုတဲ့အဓိပ္ပာယ်မို့ ကြိယာပါ။

ဥပမာ - ‘အသံဒွက်’ မှန်ချင်ရင် ‘အသံထွက်’ တိုင်း သတိထားပါ။

 

ကောလိယ ဝေယံမောင်မောင်


Comments