‘ငရုတ်ပွချိုကြီး’လို့ ဘာလို့သုံနှုန်းလိုက်သလဲ အရင်ရှင်းပါ့မယ်။ ရိုးရိုးငရုတ်ချိုအပွ မဟုတ်ဘဲ အတော် လေးကြီးတဲ့ ငရုတ်အပွအချိုမို့ပါ။ လက်ထဲမှာ ခေါက်ထီးကိုင်ရသလိုမျိုး ခံစားရပါတယ်။ အရွယ်သိရအောင် ရိုးရိုးငရုတ်အစပ် အနီတောင့်အရှည်ရယ်၊ ငရုတ်ပွချိုအဝါရယ် ယှဉ်ပြထားပါတယ်။ အိမ်သုံးစဉ့်တီတုံးလောက် ရှည်ပါတယ်။ ဒီငရုတ်ကို ‘ချူဘနဲလ်’လို့ ခေါ်ပါတယ်။ ကျူးဘားနိုင်ငံဟင်းလျာများမှာ အထင်ကရငရုတ်ပါ။ အီတလီ၊ ဟေတီ၊ ပေါ်တိုရီကို နိုင်ငံတွေမှာလည်း နာမည်ကြီးပါ။ ဒါကတော့ မြန်မာပြည်မှာ စိုက်ထားတာဖြစ်ပါ တယ်။
ငရုတ်ပွနဲ့ပတ်သက်ပြီး မှတ်ဖွယ်လေးတွေရှိပါတယ်။ ငရုတ်ကို အင်္ဂလိပ်လို ‘ချီလီ’ဆိုတာသိကြပြီး သားပါ။ ငရုတ်ပွကိုကျ အခေါ်မတူတော့ပါဘူး။ အင်္ဂလန်မှာ ‘ပက်ပါ’၊ အမေရိကန်မှာ ‘ဘဲလ်ပက်ပါ'၊ သြစတြေးလျမှာ ‘ကပ်ပစီကမ်’လို့အခေါ်များကြတယ်။ အကျဉ်းအားဖြင့်တော့ စပ်ရှိန်းအနွယ်၀င်မို့ ‘ပက်ပါ’ လို့ ခေါ်ကြပြီး၊ သိပ္ပံအမည်မှာတော့ ‘ကပ်ပစီကမ်’ လို့ခေါ်ပါတယ်။ စားဖိုမှူးချင်း၊ ဟင်းချက်သူချင်းတွေမှာလဲ အခေါ်ကွဲနေကျမို့ ဘယ်လိုရေးရေး ငရုတ်ပွကိုခေါ်တာကြောင်း သိထားရင်ရပါပြီဗျာ။
ငရုတ်ပွချိုကြီးရယ်၊ ငရုတ်ပွချိုအဝါရယ်၊ ငရုတ်သီးစိမ်းအနီရယ်ကို အသားအဆာသွပ် ချက်ပါ့မယ်။ ဘယ်အွန်လိုင်းကမှ ကြည့်ထားတာမဟုတ်တဲ့ ကိုယ့်ဖာသာချက်တဲ့လက်ရာလေးပါ။
ပါ၀င်ပစ္စည်းတွေကတော့
၁၊ နှစ်သက်ရာငရုတ်ပွ
၂၊ နှစ်သက်ရာအသား/ ငါးခြစ်သား
၃၊ ကွကျဥ
၄၊ ပြောင်းကော်မှုန့်
၆၊ ပူဒီနာ
၇၊ ကြက်သွန်ဖြူ
၈၊ ကြက်သွန်နီ
၉၊ ငံပြာရည်
၁၀၊ ငရုတ်ကောင်းမှုန့်
၁၁၊ ငရုတ်သီစိမ်းအနီ
ချက်တော့မယ်ဆိုရင်
ငရုတ်ပွချိုကြီးကို ရေစင်စင်ဆေးပြီး အလျားလိုက်ခွဲ၊ အစေ့ထုတ်ပါတယ်။ သူက အူတိုင်လမ်းကြောင်း အမြောင်းတွေရှိပါတယ်။ ဒါ့ကြောင့် ငရုတ်ညှာကိုဖြတ်ပြီး အစေ့ထုတ်ဖို့ခက်သလို၊ ထိပ်ဖျားကနေ အဆာပလာ တွေညှစ်သွင်းလို့လည်း ခက်ပါတယ်။ ပုံမှန် ခပ်လုံးလုံးငရုတ်ပွကိုတော့ ငရုတ်ညှာကိုဖြတ်ပြီး အစေ့ထုတ်ရုံပါပဲ။
အသားနယ်ပါမယ်။ အသား၊ ငါးခြစ်သား ကြိုက်ရာသုံးနိုင်ပါတယ်။ ကျွန်တော်က အမဲသားကို သုံးထား ပါတယ်။ ကြက်ဥ၊ ပြောင်းကော်မှုန့်၊ ကြက်သွန်ဖြူထောင်း၊ ငရုတ်ကောင်းမှုန့်၊ နုပ်နုပ်စင်းထားတဲ့ ပူဒီနာ၊ ထောင်းထားတဲ့ငရုတ်သီးစိမ်းအနီ၊ ဆား၊ အချိုမှုန့်၊ အရောင်တင်မှုန့် ရောပြီး ဖျစ်ညှစ်သမမွှေရပါတယ်။ ငါးခြစ်သားဆိုရင်တော့ ကြက်ဥနဲ့ ပြောင်းကော်မှုန့် ထည့််စရာမလိုပါဘူး။
ချက်ဖို့အတွက်က ကြက်သွန်နီများများကို ဆနွင်း၊ အရောင်တင်နဲ့ ဆီသတ်ပါတယ်။ နွမ်းလာရင် အဆာ သွပ်ထားတဲ့ ငရုတ်ပွတွေထည့်၊ ငံပြာရည်နည်းနည်းထည့်ပြီးလုံးပါ။ အနံ့ကောင်းပြီဆိုရင် ရေစပ်စပ်ထည့်ပြီး မီးမျှဉ်းမျှဉ်းနဲ့ချက်ပါ။
သတိပြုဖို့ကတော့ ရေများရင် အဆာတွေထွက်ကုန်ပါမယ်။ မီးများရင် အဆာမကျက်ဘဲ အနှစ်တွေချိုး ကပ်ပါမယ်။ အခန့်မသင့်ရင် ငရုတ်ပွအိုးကပ်ချက် ဖြစ်သွားလိမ့်မယ်။ ရေလိုရင် နည်းနည်းစီလိုက်ပါ။ အပေါ် အောက် အသာအယာလှန်ပေးပါ။ နူးတဲ့အခါ ပူဒီနာအုပ်လိုက်ရင် ပြီးပါပြီ။ စားရလွယ်ချင်တယ်၊ မိသားစုတွေ ဝေပုံကျခွဲရမယ်ဆိုရင်တော့ အပိုင်းလိုက်ဖြတ်ထားတာ အသင့်တော်ဆုံးပါပဲဗျာ။
ကောလိယ ဝေယံမောင်မောင်
၂၂.၄.၂၀၂၀
Comments
Post a Comment