ကျွန်တော်က ဆီပြန်ဟင်းတွေ အတော်လေးအီပြီဆိုရင် အရည်သောက်တွေ၊ ဆီမပါဟင်းတွေနဲ့ ရက် ဆက်အောင် ထမင်းစားတဲ့အကျင့်ရှိတယ်။ တချို့လဲ ကျွန်တော့်လိုနေလိမ့်မယ်။ ကျန်းမာရေးနဲ့လဲညီ၊ စရိတ်လဲ အကုန်သက်သာတယ်မလား။
စျေးထဲရောက်ရင် ငါးသည်တွေဆီမှာ တစ်ပြီးသားငါးကွင်းလေးတွေ တွေ့ရတတ်တယ်။ တချို့ ငါး သည်တွေကျလည်း ကောင်းနိုးရာရာ အတိုအစလေးတွေ စုပုံထားတာပေါ့။ အဲလိုငါးကွင်းလေးတွေကို ကျွန်တော်မကြာဏ၀ယ်တတ်တယ်။ အိမ်ရောက်ရင် ဆားလေးပက်၊ ခပ်ကြမ်းကြမ်းနယ်၊ ရေစစ်ပြီး သိပ်ထား လိုက်တာ။ သင်တန်းပို့ချရတာတွေ ရက်ဆက်လို့ စျေးမသွားနိုင်တဲ့နေ့တွေဆို ငါးဆားနယ်ကို ငရုတ်သီးစိမ်း နိုင်းချင်းထည့်ပြီးချက်စားရင် ကောင်းမှကောင်း။ အငန်ချက်ဆိုတော့ သိုးလည်းမသိုးလွယ်ဘူးလေ။
ဒီနေ့လဲ လတ်လတ်ဆတ်ဆတ် ငါးမြင်းကွင်းတွေတွေ့လို့ ၀ယ်လာလိုက်တယ်။ အိမ်မှာ ဘူးသီးနုနု တစ်လုံးရှိသေးတယ်။ ဗမာခရမ်းချဉ်သီးလဲ ရှိသေးတယ်။ ဒီတော့ ငါးမြင်း၊ ဘူးသီး၊ ဗမာခရမ်းချဉ် ပြွန်းပြီး ချဉ်ရည်ချက်စားမယ်လေ။ တစ်ခွက်ကောင်းပေါ့။ နံနံပင်၊ ငရုတ်သီးစိမ်း၊ တညင်းကင်း၊ သခွားသီးငယ်လေးတွေ ၀ယ်လာပြီး အိမ်ပြန်လာလိုက်တယ်။ တို့စရာပေါ့ဗျာ။
ပါ၀င်ပစ္စည်းတွေက
၁၊ ငါးမြင်း (နှစ်သက်ရာ အကောင်ကြီးငါးလဲရ)
၂၊ ဘူးသီးနုနု
၃၊ ဗမာခရမ်းချဉ်သီး
၄၊ နံနံပင် (ရှမ်းနံနံလဲရ)
၅၊ ငရုတ်သီးစိမ်း
ချက်ပြုတ်ပုံ
ငါးကို ရေစင်စင်ဆေးစစ်လိုက်တယ်။ ဆားပက်နယ်ပြီး ဆန်ခါနဲ့စစ်ထားလိုက်တယ်။ ဘာလို့လဲဆိုရင် ငါးကိုဆားနယ်ပြီးချက်တာက ငါးအသားတင်းတင်းနဲ့ အလွှာလိုက်လေးစားလို့ သိပ်ကောင်းတာလေ။ ဖြစ်နိုင်ရင် တစ်နေ့လုံး ဒါမှမဟုတ် တစ်ညလုံးနှပ်ထားရင် ပိုကောင်းသေးသဗျ။ အခုလိုဘူးသီးနဲ့ ခပ်ကြာကြာရောချက်ရင် ငါးအသားလဲ ပဲ့ထွက်ဖို့မလွယ်တော့ဘူးပေါ့။
ငါးနှပ်ထားတုန်း ဘူးသီးနုနုကို ခပ်သေးသေးစိပ်တယ်။ ဗမာခရမ်းချဉ်သီးကို လှီးတယ်။ ဗမာခရမ်း ချဉ်သီးကို ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကျားခြေရာသီးလို့လည်း ခေါ်တတ်ကြတယ်။ အချဉ်ပိုကဲပြီး ချက်ရ လွယ်ပါတယ်။ ဒီနေ့ခေတ်သုံးနေကြတဲ့ ထိုင်ဝမ်ခရမ်းချဉ်သီးတွေလို မနူးနိုင်၊ မနပ်နိုင်မဟုတ်ဘဲ အလုံးလိုက် ဖောက်ထည့်ရင်တောင် နူးနိုင်တယ်လေ။ ဗမာခရမ်းချဉ်သီးနဲ့လုပ်ရတဲ့ ပန်ထွေဖျော်ဆိုသိပ်ကြိုက်တာပဲ။
ကြက်သွန်နီလှီးတယ်။ ကြက်သွန်ဖြူကို ဓားပြားရိုက်တယ်။ နံနံပင်ကို အမြစ်ဖြတ်၊ ရေပေါပေါနဲ့ ဆေး ပြီး သင်လိုက်တယ်။
ချက်တော့မယ်ဆိုရင် အိုးထဲကို ဆီပါလေကာထည့်၊ ဆီပူလာရင် ကြက်သွန်ဖြူအရင်ထည့်တယ်။ ကြက်သွန်ဖြူနံ့လေး လွှမ်းသွားရင် ကြက်သွန်နီထည့်တယ်။ ကြက်သွန်နီနွမ်းရင် ဆနွင်းနဲ့ အရောင်တင်ထည့်ပြီး ခရမ်းချဉ်သီးထည့်တယ်။ ခရမ်းချဉ်သီးအိရင် ဆားနယ်ထားတဲ့ ငါးကွင်းကို ရေဆေးထည့်လိုက်တယ်။ ဆားထပ် ထည့်ဖို့တော့ မလိုတော့ဘူးဗျ။ အချိုမှုန့်သုံးတတ်ရင်တော့ ထည့်ပါ။ ကြက်သားမှုန့်ဆိုရင်တော့ သတိထားထည့် စေချင်ပါတယ်။ ကြက်သားမှုန့်က အငန်ပါပြီးသားမို့ ဟင်းကိုငန်သွားနိုင်ပါတယ်။
ငါးအစိမ်းနံ့ပျောက်တဲ့အခါ ဘူးသီးစိတ်ကလေးတွေထည့်လိုက်ပါတယ်။ ဘူးသီးအစိမ်းနံ့ပျောက်ရင် ရေ ထည့်ပြီး အဖုံးပိတ်တည်ထားလိုက်ပါတယ်။ ဘူးသီးနူးရင် ငရုတ်သီးစိမ်းထပ်ခြမ်းခွဲနဲ့ နံနံပင်လေးအုပ်ပြီး ချ လိုက်ရုံပါပဲ။ အရည်ရွှဲရွှဲနဲ့ ဆမ်းစားတတ်တဲ့သူများဆို ပိုကြိုက်မဲ့ဟင်းပါ။ ငါးအသားတုံးလေးရယ်၊ ဘူးသီးစိတ် လေးတွေရယ် သဟာဇာတဖြစ်ပြီး ချဉ်ပြုံးစပ်တပ်လေးမို့ ကျွန်တော်ကတော့ ဒီတစ်ခွက်နဲ့တင် နှစ်ပါးသွား တာပါ။
ကောလိယ ဝေယံမောင်မောင်
၈.၄.၂၀၂၀
Comments
Post a Comment