မျိုးဆက်ဝေါဟာရများ

 


 

အမျိုးအနွယ်အစဉ်အဆက်ကို မျိုးဆက်ဟုခေါ်သည်။ ကျွန်ုပ်တို့လူသားများသည် တစ်ချိန်က မျောက် နှင့်ဆင်တူသော Homo habilis အဖြစ်ရှိခဲ့သည်။ ထိုခေတ်ပြီးသည့်နောက် ယခုကာလမှတွက်လျှင် နှစ်ပေါင်း (၂၀၀,၀၀၀)ခန့်၌  ယနေ့ခေတ်ပုံစံလူသားများ စတင်ပေါ်ပေါက်လာတော့သည်။ မျိုးဆက်တစ်ခုကို နှစ်(၂၀)ဖြင့် ပျမ်းမျှပိုင်းခြားသဖြင့် ထိုအချိန်မှစရေလျှင် ခေတ်မီလူသားမျိုးဆက်ပေါင်း (၁၀,၀၀၀)မှ (၁၅,၀၀၀)ခန့်ရှိသည် ဟု တွက်ဆနိုင်သည်။

 

မျိုးဆက်အမည်မှည့်သူများ

(၁၉)ရာစု အမေရိကန်စာရေးဆရာမကြီး Gertrude Stein (၁၈၇၄-၁၉၄၆)သည် ယနေ့ခေတ်သုံး မျိုးဆက်အမျိုးအစားတစ်ခုဖြစ်သည့် “ပျောက်ဆုံးမျိုးဆက် Lost Generation” ဟူသောဝေါဟာရ စထွင်ခဲ့ သည်။

မျိုးရိုးဗေဒပညာရှင်နှစ်ဦးဖြစ်သည့် Neil Howe နှင့် William တို့ (၁၉၉၁)ခုနှစ်၌ထုတ်ဝေသော Generations  အမည်ရှိစာအုပ်တွင် မျိုးရိုးခွဲခြားပုံနှင့် အမည်နာမများဖော်ပြခဲ့သည်။

ကနေဒါဝတ္ထုဆရာ Douglas Coupland ၏ နိုင်ငံတကာ၌ အရောင်းရဆုံးဝတ္ထုဖြစ်သည့် (၁၉၉၁) ထုတ် Generation X : Tales for an Accelerated Culture ဝတ္ထုကြောင့် Generation X ဟူသောအမည် ပေါ်ပေါက်ခဲ့သည်။

ထို့ပြင် အခြားပညာရှင်အသီးသီး၏ ရေးသားဖော်ပြချက်များကြောင့် (၂၀)ရာစု အနောက်ကမ္ဘာခြမ်း၌ မျိုးဆက်အမည်များကို တိတိကျကျ သတ်မှတ်လာခဲ့ကြသည်။

 

အနောက်ကမ္ဘာခြမ်းက မျိုးရိုးအမည်များ

မျိုးဆက်နှင့်ပတ်သက်၍  ဘိုးဘေးတို့ကိုတွက်သော မိသားစုမျိုးဆက်နှင့် လူ့အသက်ချင်း ယှဉ်တွက် သော လူမှုမျိုးဆက်ဟု ခွဲတတ်သည်။ အနောက်ဥရောပ၊ တောင်နှင့်မြောက်အမေရိကနှင့် ဩစတျေးလျ၊ နယူးဇီလန် နှင့် အိမ်နီးချင်းကျွန်း အချို့ပါဝင်သောဒေသများ၌ XYZ အစရှိသော လူမှုမျိုးဆက်ဇယားကို သုံးတတ်သည်။

မျိုးဆက်အသီးသီး၏ မွေးဖွားသည့်နှစ်တို့ကို မူကွဲအမျိုးမျိုးဖြင့် သတ်မှတ်ကြသော်လည်း ယခုမူသည် အများသုံးမူဖြစ်သည်။ ရှေးခေတ်မျိုးဆက်အပိုင်းအခြားကို ကမ္ဘာစစ်စသည်ကိုအခြေခံတွက်သော်လည်း အိတ်စ် X မျိုးဆက်မှစတင်ပြီး (၁၅)စီပိုင်းခြားသဖြင့် ပိုမိုတိကျသည်ဟု ဆိုနိုင်သည်။

 

ပျောက်ဆုံးမျိုးဆက် Lost Generation

            (၁၈၈၃) မှ (၁၉၀၀)ပြည့်နှစ်အတွင်း မွေးသောမျိုးဆက်ဖြစ်သည်။ ပထမကမ္ဘာစစ်တွင်းလူများကို လည်းကောင်း၊ (၁၉၂၀) နှစ်များအတွင်းက အနောက်တိုင်းလူများကိုလည်းကောင်း Lost Generation  ဟု ခေါ်ဝေါ်သည်။ အမေရိကန်စာရေးဆရာမ Gertrude Stein က ပထမကမ္ဘာစစ်တွင် တိုက်ပွဲဝင်ခဲ့ကြသူများအား ရည်ညွန်းပြီး Lost Generation ဟုတပ်ခဲ့ဖူးသည်။ ဥရောပ၌မူ Lost Generation ကို (၁၉၁၄)ခုနှစ် မျိုးဆက်ဟု သတ်မှတ်သည်။ ဆက်သွယ်ရေးအတွက် ကြေးနန်းစနစ်နှင့် ခေတ်ဟောင်းတယ်လီဖုန်းတို့ စတင်ပေါ်ပေါက် ခဲ့သည့်ကာလဖြစ်သည်။

 

ဧရာမမျိုးဆက် Greatest Generation

            (၁၉၀၁) မှ (၁၉၂၇)ခုနှစ်အတွင်း မွေးသောမျိုးဆက်ဖြစ်သည်။ G..Generation ဟုလည်းခေါ်သည်။ စစ်မှုထမ်းဟောင်းများအပါအဝင် ဒုတိယကမ္ဘာစစ်တွင်း တိုက်ပွဲဝင်သူများကိုခေါ်သည်။ အမေရိကန် သတင်းထောက် Thomas John Brokaw က Greatest Generation ဟုရေးခဲ့သည်။ ရေဒီယိုထုတ်လွှင့်ခြင်း၊ လေအေးပေးစက်၊ လျှပ်စစ်အဝတ်လျှော်စက် တီထွင်နိုင်ခဲ့သည်။

 

 

အသံတိတ်မျိုးဆက် Silent Generation

             

            (၁၉၂၈) မှ (၁၉၄၅)ခုနှစ်အတွင်း မွေးသောမျိုးဆက်ဖြစ်သည်။ Lucky Few ဟုလည်းခေါ်သည်။ ဒုတိယကမ္ဘာစစ်ပြီးလုဆဲဆဲ ကာလဖြစ်သည်။ အမေရိကန်ပြည်ထောင်စု၌ အသံတိတ်မျိုးဆက်အတွင်း မွေးသူများသည် ကိုရီးယားစစ်နှင့် ဗီယက်နမ်စစ်တို့ တိုက်ပွဲဝင်ခဲ့ရသူများလည်း ပါဝင်သည်။ အသံတိတ် မျိုးဆက်တို့ခေတ်၌ တစ်ဦးနှင့်တစ်ဦး စာပို့ဆက်သွယ်ခဲ့ကြပြီး အော်တိုကားများ စတင်ပေါ်ပေါက်ခဲ့သည်။

 

မွေးနှုန်းမြင့်မျိုးဆက် Baby Boomers

            (၁၉၄၆) မှ (၁၉၆၄)ခုနှစ်အတွင်း မွေးသောမျိုးဆက်ဖြစ်သည်။ Me Generation ဟုလည်းခေါ်သည်။ Baby Boom ဟုခေါ်ရခြင်းအကြောင်းမှာ ဒုတိယကမ္ဘာစစ်အပြီး ကလေးမွေးဖွားနှုန်း အလွန်အမင်းများသော ကာလဖြစ်သောကြောင့် ဖြစ်၏။ အမေရိကန်ပြည်ထောင်စုတွင် ဤမျိုးဆက်ရှိ အသက်ကြီးပိုင်းအချို့သည် ဗီယက်နမ်စစ်ပွဲ၌ ပါဝင်ခဲ့ကြဖြစ်သည်။ အသက်ငယ်သူအချို့ကိုမူ Generation Jones ဟု ထပ်မံပိုင်းခြား နိုင်သည်။ မွေးနှုန်းမြင့်မျိုးဆက်တို့ခေတ်၌ တယ်လီဖုန်းနှင့် ကောင်းစွာအသုံးပြုနေပြီဖြစ်ပြီး တီဗီနှင့် ကတ်ဆက် စတင် ပေါ်ပေါက်ခဲ့သည်။

 

အိတ်စ်မျိုးဆက် Generation X

            (၁၉၆၅) မှ (၁၉၈၀)ပြည့်နှစ်အတွင်း မွေးသောမျိုးဆက်ဖြစ်သည်။ Gen X ဟု အတိုရေးသည်။ ကလေး မွေးနှုန်း ပြန်ကျသည့်ကာလဖြစ်သဖြင့် အမေရိကန်တွင် Baby Bust Generation ဟုလည်း ခေါ်တတ်သည်။ အိတ်မျိုးဆက်ကာလအတွင်း ခေတ်ဟောင်းလက်ကိုင်ဖုန်းများဖြင့် စာပို့ဆက်သွယ်သည့်စနစ်ထွန်းကားပြီး Walkman အိတ်ဆောင်ကတ်ဆက်နှင့် တစ်ကိုယ်ရည်သုံး ကွန်ပြူတာ စပေါ်ခဲ့သည်။

မူကွဲခုနှစ် (၁၉၆၅-၁၉၇၉)

 

ဝိုင်မျိုးဆက် Generation Y

            (၁၉၈၁) မှ (၁၉၉၆)ခုနှစ်အတွင်း မွေးသောမျိုးဆက်ဖြစ်သည်။ Gen Y ဟုအတိုရေးသည်။ အင်္ဂလိပ် ပြက္ခဒိန်၏ သက္ကရာဇ်(၂၀၀၀) ကုန်လုကာလဖြစ်သဖြင့် Millennials မျိုးဆက်ဟုလည်းခေါ်သည်။ ထိုခေတ် ကလေးမွေးဖွားနှုန်းသည် (၂၀၁၉)ခုနှစ်တွင် Baby Boomers ခေတ်ကလေးမွေးနှုန်းထက် ကျော်လွန်ခဲ့သည်။ ဝိုင်မျိုးဆက်ကာလ၌ စမတ်ဖုန်းနှင့် တက်ဘလက်များ ပေါ်ပေါက်လာခြင်းနှင့်အတူ လူမှုကွန်ရက်များဖြင့်ပါ ဆက်သွယ်လာကြ၏။

မူကွဲခုနှစ် (၁၉၈၀-၁၉၉၄)

 

ဇက်မျိုးဆက် Generation Z

            (၁၉၉၇) မှ (၂၀၁၂)ခုနှစ်အတွင်း မွေးသောမျိုးဆက်ဖြစ်သည်။ Zoomers ဟုလည်းခေါ်ပြီး Gen Z ဟုအတိုရေးသည်။ အမေရိကန်သံဖြင့်ထွက်လိုလျှင် “ဇက်” အစား “ဇီ” ဟုထွက်နိုင်သည်။ အလွန်ခေတ်မီလာ သည့်ကာလဖြစ်သဖြင့် ခေတ်မီတီထွင်မှုများ ပိုမိုများပြားလာသည်။ မောင်းသူမဲ့ကား၊ ဂူးဂဲလ်မျက်မှန်၊ နာနို ကွန်ပြူတာစနစ်၊ အိုင်ပေါ့၊ သုံးဖက်မြင်ရုပ်ကြွပရင့်ထုတ်ခြင်းတို့ပါ ပေါ်ပေါက်ခဲ့သည်။

မူကွဲခုနှစ် (၁၉၉၅-၂၀၀၉)

 

အာဖာမျိုးဆက် Generation Alpha

            (၂၀၁၀)နှစ်များအစောပိုင်းမှ (၂၀၂၀)နှစ်များအလယ်အတွင်း မွေးသောမျိုးဆက်ဖြစ်သည်။ ကမ္ဘာ၌ (၂၀၁၅)ခုနှစ်က တစ်ပတ်လျှင်လူနှစ်သန်းခွဲမျှမွေးသဖြင့် (၂၀၂၅)ခုနှစ်တွင် အာဖာမျိုးဆက်ဦးရေ နှစ်သန်းခန့် ရှိမည်ဟု ပညာရှင်များတွက်ဆကြ၏။

မူကွဲခုနှစ် (၂၀၁၀-၂၀၂၄)

 

ကောလိယ ဝေယံမောင်မောင် 

၁၉.၂.၂၀၂၁ 

 

#ကောလိယဝေယံမောင်မောင်

Comments