‘ထူးမခြားနား’ ဆိုတာ အများပြောသလို ‘မထူးခြားတာ’ မဟုတ်ပါဘူး။ ဘုရားရဲ့အနှိုင်းမဲ့တန်ခိုးကို ရည်ညွှန်းတာပါ။ ဒီစကားလုံးပေါ်ခဲ့တာ အင်းဝခေတ်ကတည်းက ဖြစ်ပါတယ်။
ဗုဒ္ဓဟာ ခန္ဓာကိုယ်အပိုင်းအလိုက် ရေမီး(၂)မျိုး အံ့ဖွယ်ထွက်တဲ့တန်ခိုး (၃)ကြိမ်ပြဖူးပါတယ်။ ပါဠိလို ‘ယမကပြာဋိဟာရိယ’၊ အင်္ဂလိပ်လို The Twin Miracle လို့ခေါ်ပါတယ်။ ကြည့်သူများက ရေမီး(၂)မျိုး တစ်ပြိုင်တည်းထွက်နေတာ မြင်ရတယ်။ တကယ်က တစ်လှည့်စီထွက်နေတာပါ။ ရေတစ်လှည့်၊ မီးတစ်လှည့် မြန်လွန်းတဲ့အလျင်နဲ့ ဖန်ဆင်းတာပါ။ ဘုရားပြီးရင် တန်ခိုးအကြီးဆုံး ရှင်မဟာမောဂ္ဂလာန်တောင် ဒီတန်ခိုးမျိုး မဖန်ဆင်းနိုင်ဘူး ဆိုပါတယ်။
စိတ်ဟာ တစ်ကြိမ်ကို(၁)မျိုးပဲဖြစ်နိုင်လို့ ဖန်ဆင်းရင်လဲ တစ်ကြိမ်(၁)မျိုးပဲ ဖန်ဆင်းနိုင်မှာပါ။ ဒါဆို ‘ဘုရားက တစ်ချိန်မှာစိတ်(၂)မျိုးရှိလား’ ဆိုတော့ မဟုတ်ပါဘူး။ ရေဖန်ဆင်းဖို့ ရေကသိုဏ်းရှုပြီး စတုတ္ထဈာန် ဝင်စားတယ်။ မီးဖန်ဆင်းဖို့ မီးကသိုဏ်းရှုပြီး စတုတ္ထဈာန်ဝင်စားတယ်။ ဒီ(၂)မျိုးကို တစ်ခုနဲ့တစ်ခု မျက်တောင် တစ်ခတ်ထက် မြန်လွန်းတဲ့အလျင်နဲ့ ပြောင်းလဲနိုင်တာပါ။ ဒါ့ကြောင့် ရေနဲ့မီးဟာ “ထူးမခြားနား” တော့ဘဲ တစ်ပြိုင်နက် ထွက်နေတယ်လို့ အံ့ဩဘနန်း မြင်ရပါသတဲ့။
ဒီအံ့ဖွယ်တန်ခိုးကို ပမာယူပြီး ‘ထူးမခြားနား၊ မီးရေစုံသား၊ ရောင်တော်ထွေပြား’ အစချီ သီချင်းခံကြီး ပေါ်ခဲ့ခြင်းပါ။ တချို့က မြဝတီမင်းကြီးဦးစ ရေးတယ်လို့ယူဆတယ်။ ဒါပေမဲ့ ကင်းဝန်မင်းကြီးနဲ့ သခင်ကိုယ်တော်မှိုင်းတို့လို ရှေးပညာရှိများအလိုအရ ဦးစထက်ရှေးကျတဲ့ အမည်မသိစာဆိုရဲ့ လက်ရာလို့ သိရပါတယ်။ ဒါ့ပြင် ဦးစရေးတဲ့ ဂီတသမိုင်းမှတ်တမ်းမှာလဲ ထူးမခြားနားကို ထည့်ထားခြင်းမရှိဘူးလို့ ဆိုပါတယ်။
ကောလိယ ဝေယံမောင်မောင်
#ကောလိယဝေယံမောင်မောင်
#စကားနှင့်စာမှတ်စရာ
Comments
Post a Comment