ကျွန်ုပ်လက်ရာ ၁၊ ကြက်သား ပဲကြာဆံသုပ်

 





ခံတွင်းဆိုသည်မှာလဲ ရာသီဥတုနဲ့အတော်ဆိုင်တယ်ဗျာ။ မိုးလေးအေးအေးဆိုရင် ဟင်းခါးပူပူ၊ အသုပ်ပူပူလေးစားချင်၊ ဆောင်းတွင်းချမ်းချမ်းဆိုရင် ပူပူနွေးနွေးနဲ့ လောလောလတ်လတ်မျိုးမှ စားချင်နဲ့လေ။ အခုလို နွေခေါင်ပူပူမှာတော့ စားနေကျထမင်းလဲ ဟင်းသိပ်ကောင်းရင်တောင် မြိန်ချင်မှမြိန်တာ။ အေးအေး လေးမှ စားချင်တာ။ တချို့ဆို ထမင်းစားတာနည်းနည်း၊ ရေခဲရေသောက်တာ များများနဲ့ အတော်လေး အစား ပျက်တဲ့ရာသီပါ။ သွေးတိုးရှိသူတွေ၊ သက်ကြီးရွယ်အိုတွေဆို သွေးတက်မှာ၊ ဦးနှောက်သွေးကြောပြတ်မှာစိုးလို့ ကြည့်ကျက်ရှောင်နေရတဲ့အခါပေါ့။

ကျွန်တော်က နဂိုကတည်းက ထမင်းဟင်းဆို ပူပူလောင်လောင်မစားတတ်ဘူး။ မကြိုက်တာက တစ် ကြောင်း၊ ပူပူလောင်လောင်စားတာက လည်ချောင်းကင်ဆာလို ရောဂါဖြစ်မှာစိုးတာ တစ်ကြောင်းပါ။ ဒီရက်ထဲ မှာလည်း မိုးလေ၀သဌာနကကြေညာတဲ့ အမြင့်ဆုံးအပူချိန်က (၄၁)ဒီဂရီစင်တီဂရိတ်ကျော်တာလည်း တွေ့ရ တယ်။

ဒါ့ကြောင့် ဒီနေ့ဖို့တော့ လွယ်လည်းလွယ်၊ အာဟာရလည်းရှိ၊ အဆီလည်းနည်း၊ ရင်လည်းအေးမဲ့ ကြက်သားပဲကြာဆံသုပ်လေး သုပ်စားဖြစ်ပါတယ်။

 

အဓိကပါ၀င်တဲ့ပစ္စည်းတွေကတော့

၁၊ ကြက်သား (ပုစွန်သုံးလည်းရ)

၂၊ ပဲကြာဆံ

၃၊ ခါကျက်ဥ (မုန်လာဥနီ)

၄၊ ခရမ်းချဉ်သီး

၅၊ ကြက်သွန်နီ

၆၊ သံပုရာသီး

၇၊ တရုတ်နံနံ (နံနံပင်၊ ရှမ်းနံနံ၊ ပင်စိမ်း ပြောင်းသုံးနိုင်)

၈၊ ငရုတ်သီးစိမ်း (အနီရောင်၊ အစိမ်းရောင် ကြိုက်ရာ)

 

ပြုလုပ်ပုံ

ကျွန်တော့်အသုပ်က အရိုးတကာ့ အရိုးဆုံးနည်းပါပဲ။ တစ်ခါတလေ လေယာဉ်ပျံပေါ်မှာလည်း ဒီလို အသုပ်မျိုးကျွေးတတ်တယ်။

ကြက်သားလေးတစ်တုံးကို ရေစင်စင်ဆေးပြီး ဘာမှမထည့်ဘဲ အဖြူထည်သက်သက် ပြုတ်လိုက်ပါ တယ်။ ဆား၊ အချိုမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင် ဘာမှမထည့်ပါဘူး။ ပြုတ်ရင်း တက်လာတဲ့အမြှုပ်တွေက အညစ်အကြေးတွေဖြစ်တာမို့ ဇွန်းဖျားနဲ့ခပ်ထုတ်ပြီး ဖယ်ဖယ်ပစ်ပါတယ်။ ကြက်ရင်အုံပြုတ်ရင်တော့ နံရိုး အောက်က သွေးခဲစလေးတွေပါတတ်လို့ ပိုပြီးအမြှုပ်ထွက်တယ်။ ကြက်သားပြုတ်အရောင်ကိုလည်း ညိုသွား စေတယ်။ အရည်ခွံပါရင်ကျ ပြုတ်ရင်း ဆီတွေဝေ့လာတတ်တယ်။ တချို့ကျတော့ အဆီတက်လို့ မစားကြဘူး။ ကြက်သားပြုတ်အနူး၊ ရေလည်းအခမ်းမှာ ဆယ်ပြီးအအေးခံ ထားလိုက်ပါ။

ပဲကြာဆံကို ရေစိမ်ပြီးပြုတ်ရင်ပိုကောင်းတယ်။ ပြုတ်ပြီးရင် ရေအေးနဲ့စိမ်ပြီးစစ်ထားပါ။ ဒီအသုပ်က ဆန်ကြာဆံနဲ့ လုံး၀မလိုက်ဘူးဗျ။ ပဲကြာဆံပဲကောင်းတာ။

ခါကျက်ဥရဲ့ အပျော့အမာအနေအထားကိုတော့ မသုပ်ခင်ကတည်းက ကြိုကြည့်ထားသင့်တယ်။ အိပျော့ပျော့ဖြစ်နေရင် ရေအေးကြိုစိမ်ထားပေးဖို့လိုပါတယ်။ ကြွပ်နေမှစားကောင်းတာကိုး။ ခြစ်ရင်လည်း ကြွပ်နေတဲ့ခါကျက်ဥကို အပေါက်ကြီးတဲ့ခြစ်နဲ့ခြစ်ပါ။ ခြစ်မရှိရင်လည်း ဓားထက်ထက်နဲ့ အမျှင်ရှည်သာ လှီးပေ တော့။

ခရမ်းချဉ်သီးခပ်မာမာကို ရေဆေး၊ ပါးပါးလှီး၊ အစေ့ထုတ်။ ထပ်ဆေးချင်ရင်လည်းဆေး။ ကြက်သွန်နီ ကို အမျှင်ရှည်ရအောင်လှီး၊ အခိုးမမွှန်အောင် ရေစင်စင်ဆေးပြီး အားနဲ့ညှစ်။ ငရုတ်သီးကို အလျားလိုက် အရှည် လှီးထား။ တရုတ်နံနံကို ရေစင်စင်ဆေးပြီး အရွက်ကြီးကြိုက်ရင် အရွက်ကြီးအတိုင်းခြွေ၊ ရိတ်ရိတ်လှီးတာ ကြိုက်ရင် ရိတ်ရိတ်လှီးပါ။ သံပရာသီးကိုလည်း လှီးထားပါ။ ကျန်တဲ့အချဉ်တွေသုံးတာထက် သံပရာသီးစစ်စစ် သုံးတာက ဒီအသုပ်နဲ့ ပိုလိုက်ဖက်ပါတယ်။

သုပ်တော့မယ်ဆိုရင် ဇလုံထဲကို ပဲကြာဆံပြုတ်ထည့်၊ ကြက်သားကို အမျှင်လေးတွေမွှာထည့်၊ ခုန အမယ်တွေအကုန်ထည့်၊ သကြားနည်းနည်း၊ အချိုမှုန့်ကြိုက်ရင်နည်းနည်း၊ ငံပြာရည်နည်းနည်း၊ ဆားနည်း နည်းထည့်၊ သံပုရာရည်ညှစ်ပြီး နယ်ရုံပါပဲ။ သတိထားမိမလားမသိဘူး။ ကျွန်တော် ဆီလုံး၀သုံးမထားဘူး။ အဆီ လဲမတက်တော့ဘူးပေါ့။

ပိုပြီးအေးအေးစားချင်ရင် ပဲကြာဆံပြုတ်တို့၊ ခါကျက်ဥတို့၊ ခရမ်းချဉ်သီးတို့ကို ရေခဲရေစိမ်ထားပြီး သုပ်ခါမှ ရေစင်စင်ညှစ်သုပ်ပါဗျ။ သုပ်ပြီးမှ အေးအေးစားချင်ရင်လဲ ရေခဲသေတ္တာထဲထည့်ပြီး စားလို့လည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ် အရသာရှိရှိ၊ အာဟာရှိရှိအသုပ်ကို အေးအေးလူလူ စားကြရရင်ကို ကျွန်တော်ကျေနပ် ပြီလေ။

ကောလိယ ဝေယံမောင်မောင်

၅.၄.၂၀၂၀


Comments