နိုင်ငံ့ခေါင်းဆောင်တို့ မင်္ဂလာဆောင်စဉ်က ပုံရိပ်လွှာများ

 

ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် ဂျပန်ခေတ် ဆေးရုံကြီး၌ မင်္ဂလာဆောင်စဉ်။ (၁၉၄၂)ခုနှစ်၊ စက်တင်ဘာလ(၆)ရက်၊ မွန်းလွဲ(၂)နာရီ

မြန်မာဆန်သော ဗိုလ်ချုပ်တို့မိသားစု

ဗိုလ်တေဇအမည်ခံ ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာညစာစားပွဲဖိတ်စာ

မြန်မာ့နောက်ဆုံးဘုရင် သီပေါမင်း နှင့် စုဖုရားလတ်

ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ်အဲရစ် တို့၏ မင်္ဂလာဆောင်

သားဖြစ်သူကို မြှူနေကြသော ဒေါ်အောင်ဆန်းစုကြည်နှင့် ခင်ပွန်းသည်

ဒေါ်ခင်ကြည်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့မိသားစု

ဒေါ်အောင်ဆန်းစုကြည်က မင်္ဂလာအခမ်းအနားတစ်ခုသို့ ကြွရောက်ချီးမြှင့်နေစဉ်

            ကျက်သရေမင်္ဂလာအဖြာဖြာနှင့်ပြည့်စုံသော မင်္ဂလာကာလဖြစ်ပါစေဟု ဦးစွာနှုတ်မွန်ခြွေလိုပါသည်။ သီတင်းကျွတ်ပြီးသကာလ တန်ဆောင်မာသ ဆောင်းကာလသည် မင်္ဂလာဆောင်နှင်းကြသူများကြောင့် အာဝါဟ၊ ဝိဝါဟမင်္ဂလာ ရှိသောကာလပင်ဖြစ်ပါသည်။

            ကမ္ဘာပေါ်တွင် မြန်မာ့ရိုးရာဓလေ့ထုံးတမ်းဖြင့် ခေတ်အဆက်ဆက်မင်္ဂလာဆောင်နှင်းလာကြသည့် မင်္ဂလာမောင်မယ်အရေအတွက် ကုဋေပေါင်းများစွာရှိမည်မှာသေချာသည်။ ထိုမင်္ဂလာမောင်မယ်များတွင် နိုင်ငံ့ခေါင်းဆောင်များစွာလည်း ပါဝင်ခဲ့သည်။ စိတ်ဝင်စားဖွယ်ကောင်းသည်မှာ သာမန်ပြည်သူတို့ လက်ဆက်ခြင်းသည် နှစ်ဖက်မိဘဆွေမျိုးအကျိုးနှင့်သာ ပတ်သက်တတ်သော်လည်း နိုင်ငံ့ခေါင်းဆောင်တို့  လက်ဆက်ခြင်းသည် တိုင်းပြည်တစ်ခုလုံးအကျိုးနှင့် ပတ်သက်တတ်ခြင်းဖြစ်ပါသည်။

            ထို့ကြောင့် သမိုင်းကြောင်းများကိုလေ့လာလျှင် နိုင်ငံ့ခေါင်းဆောင်တို့မင်္ဂလာဆောင်စဉ်က ပုံရိပ်လွှာ များမှာ အလွန်ပင်မှတ်သားဖွယ်ကောင်းသည်ကို တွေ့ရမည်ဖြစ်ပါသည်။

 

သီပေါမင်း နှင့် စုဖုရားလတ် တို့၏မင်္ဂလာပွဲ

            မြန်မာမင်းတို့၏ ထိမ်းမြားမင်္ဂလာပွဲများအနက် မြန်မာ့နောက်ဆုံးသောမင်းနှင့် မိဖုရားတို့ဖြစ်သော သီပေါမင်းနှင့် စုဖုရားလတ်တို့မင်္ဂလာပွဲမှာ နောက်ဆုံးသော တော်ဝင်မင်္ဂလာပွဲဖြစ်ပါသည်။ မန္တလေး ရတနာပုံနေပြည်တော် တည်ထောင်သူ မင်းတုန်းမင်းကြီးသည် ထီးနန်းအရာဆက်ခံရန် သားတော် များအစား ထူးချွန်သော ညီတော် ကနောင်မင်းသားအား အိမ်ရှေ့မင်းအဖြစ်ထားခဲ့သည်။

            သို့သော် စုဖုရားကြီး၊ စုဖုရားလတ်နှင့် စုဖုရားလေးတို့မိခင် မင်းတုန်းမင်း၏အလယ်နန်းစံ ဆင်ဖြူမရှင် မိဖုရားသည် သမီးများကောင်းစားရေးအတွက် မှူးမတ်များ၊ နန်းတွင်းအမတ်များနှင့် တိုင်ပင်၍ စာပေသာ မွေ့လျော်သော မင်းတုန်းမင်း၏သားတော် သီပေါမင်းသားနှင့် အကြီးဆုံးသမီးတော် မိုင်းနောင်မြို့စား စုဖုရားကြီးတို့အား လက်ဆက်ရန်စီမံခဲ့သည်။

            ကျန်ရှိသော စလင်းမြို့စား စုဖုရားလတ်နှင့် ရမည်းသင်းမြို့စား စုဖုရားလေးတို့မှာ ဆင်ဖြူမရှင်၏ စာရင်းတွင်ပါရှိသည်မဟုတ်ပေ။ သို့သော် စုဖုရားလတ်က မိဖုရားခေါင်ကြီးနေရာ လက်ယာအရာကိုယူပြီး သီပေါမင်းက သီရိပဝရ ဝိဇယာနန္ဒ ယသတိလောကာဓိပတိ ပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇ  ဘွဲ့တော်ခံယူ၍ နန်းတက်ခဲ့သည်။

            ထို့နောက် စုဖုရားလတ်က သီပေါမင်းသား၏ချစ်သူ အရပ်သူဒိုင်းခင်ခင်အား ကွယ်ပျောက်စေသည်။  စုဖုရားကြီးနှင့် စုဖုရားငယ်တို့မှာ အရံမိဖုရားများဖြစ်လာသည်။ မင်္ဂလာရာဇဝင်အရဆိုလျှင် မိဖုရားခေါင်ကြီး ခေါ် လက်ယာနေရာကို အတင်းယူခဲ့သောစုဖုရားလတ်အား ဆိုးသွမ်းသည်ဆိုကြသည်။ သို့သော် လင်သား ဖောက်ပြန်မှုများကို ပြင်းထန်စွာအရေးယူ၍ တစ်လင်တစ်မယားစနစ်ကျင့်သုံးသူဟု သတ်မှတ်သူများလည်း ရှိသည်။

            ကုန်းဘောင်မင်းဆက်များမှာ တိုင်းတစ်ပါးလက်အောက်ခံဖြစ်ခဲ့သဖြင့် ပျက်သုဉ်းခဲ့ရသော်လည်း မြန်မာ့ထိမ်းမြားခြင်းမင်္ဂလာကား ယနေ့ထက်တိုင်လက်ဆင့်ကမ်းကျန်ရစ်သည်။

 

ဗိုလ်ချုပ်အောင်ဆန်း နှင့် ဒေါ်ခင်ကြည် တို့၏မင်္ဂလာပွဲ         

            မြန်မာနိုင်ငံတပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့၏မင်္ဂလာပွဲကို အကျဉ်းချုံး၍ ဆောင်ခဲ့ကြောင်း ဆရာဒဂုန်တာရာ၏ အောင်ဆန်း (သို့မဟုတ်) အရိုင်း စာအုပ်နှင့် ဒေါက်တာမြင့်ဆွေ၏ ဂျပန်ခေတ်ဆေးရုံကြီးပေါ်ဝယ် စာအုပ်တို့တွင် ရေးသားထားပါသည်။

            ဗိုလ်ချုပ်အောင်ဆန်းမှာ ဂျပန်ခေတ်က ဆေးရုံတက်ခဲ့ရစဉ် သူနာပြုမလေး မခင်ကြည်အားချစ်ခင် ခဲ့သည်။ သို့နှင့် ဆေးရုံဆင်းပြီးနောက်ပိုင်း မခင်ကြည်အား ထမင်းစားဖိတ်ခဲ့သည်။ ထိုညစာစားပွဲတွင် မခင်ကြည်အား လက်ထပ်ခွင့်ပေးဖို့တောင်းဆိုခဲ့သည်။ ဆရာမလေး မခင်ကြည်လည်း ခေါင်းညိတ်ခဲ့သည်။

            ယင်းသို့ဖြင့် (၁၉၄၂)ခုနှစ်၊ စက်တင်ဘာလ(၆)ရက်၊ မွန်းလွဲ(၂)နာရီတွင် ဂျပန်ခေတ်ဆေးရုံကြီးပေါ် မင်္ဂလာဆောင်နှင်းခဲ့ကြသည်။ ဂျပန်ခေတ်ဖြစ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝတ်စုံဝတ်၍ ဂျပန်စစ်ဦးထုပ်ကိုဆောင်းပြီး မင်္ဂလာပွဲကျင်းပခဲ့သည်ဟု မှတ်သားရပါသည်။

             မင်္ဂလာပွဲ၌ ဗိုလ်ချုပ်နှစ်သက်သည့် အလင်္ကာကျော်စွာ မြို့မငြိမ်းရေးသော ပြည်လှဖေနှင့် မေရှင်၏

“သစ္စာမဏ္ဍိုင် မြဲခိုင်ခဲ့ပေ၊

မေတ္တာမိုးတွေ သွန်းဖြိုးရွာစွေ၊

အသည်းမှာစွဲမက် အသက်ကိုပုံတယ်လေ”

ဟူသော သက်ဝေသီချင်းကို ဒေါ်ခင်မေသန်း (ကစ်တီဘသန်း)က စန္ဒယားတီး၍ ဒေါက်တာဘသန်းနှင့် သမီးတို့ ကသီချင်းဆိုပြီး မင်္ဂလာလက်ဖွဲ့ခဲ့သည်ဟုလည်း သိရသည်။ ဗိုလ်ချုပ်တို့မင်္ဂလာဆောင်တွင်  ရွှေကြိုးတားသည့် အစီအစဉ်လည်းရှိခဲ့ပြန်သည်။ ဆေးရုံကြီးမှ ကိုကျော့မောင်နှင့်အခြားတစ်ဦးက အပေါက်ဝတွင်ဆီး၍ ရွှေကြိုးတားသည်။

            သို့သော် ဗိုလ်ချုပ်သည် နိုင်ငံရေး၊ လွတ်လပ်ရေး၊ တိုင်းရေးပြည်ရေးကိုသာ လေ့ကျက်ကျွမ်းကျင်၍ မင်္ဂလာထုံးတမ်းစဉ်လာကို အလေးမမူသဖြင့် ရွှေကြိုးကို လက်ယာလက်ဖြင့်ဆောင့်ဆွဲကာ ဘေးသို့ပစ်လိုက်ပြီး မခင်ကြည်ကိုဆွဲလျက် မင်္ဂလာစင်မြင့်ထက်သို့ တည်တည်ခန့်ခန့်ကြီးတတ်သွားသည်ဟု သိရပြန်သည်။ ယင်းအဖြစ်မှာ ဗိုလ်ချုပ်အောင်ဆန်းကို လူများကိုအံ့အားသင့်စေသော အမှတ်တရတစ်ခုပင် ဖြစ်သည်။

            ဗိုလ်ချုပ်အောင်ဆန်း၏ မင်္ဂလာညစာစားပွဲကို ရန်ကုန်မြို့တွင် ရှေးကရှိခဲ့သော မင်တိုမင်ရှင်ဟိုတယ် (Nippon Military Club) တွင် ကျင်းပခဲ့သည်။ ရက်စွဲအရ ဝါတွင်းကာလဖြစ်သော်လည်း ထိုခေတ်ကာလ သူ့ကျွန်ဘဝအခြေအနေအားဆန့်ကျင်တိုက်ထုတ်ပြီး မြန်မာတစ်ပြည်လုံးလွတ်လပ်ရေးရအောင် ဦးဆောင် ကြိုးပမ်းနေရသူဖြစ်သဖြင့် ယင်းအချိန်တွင်မင်္ဂလာပြုခဲ့ရသည်ဟု မှတ်သားရသည်။

             ဗိုလ်ချုပ်တို့တွင် အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်နှင့် (၅)ရက်အတွင်းဆုံးသော သမီးငယ် ဟူသော သားသမီး(၄)ဦး ထွန်းကားကြောင်း ဆွေစဉ်မျိုးဆက်ဇယားအရ သိရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် (၁၉၄၇)ခုနှစ်၌လည်းကောင်း၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာအမျိုးသမီး သံအမတ်ကြီး၊ မြန်မာ့ပထမဆုံး လူမှုဖူလုံရေးဝန်ကြီး သီရိသုဓမ္မဒေါ်ခင်ကြည်သည် (၁၉၈၈)ခုနှစ်၌လည်းကောင်း တိုင်းပြည် အတွက် စိတ်ဓါတ်၊ စည်းကမ်း၊ ပညာအမွေများ အမွေပေးရင်း အနိစ္စရောက်ခဲ့ကြသည်။

 

ဒေါ်အောင်ဆန်းစုကြည် နှင့် မိုက်ကယ်အဲရစ် တို့၏မင်္ဂလာပွဲ

            ဒေါ်အောင်ဆန်းစုကြည်၏မင်္ဂလာပွဲကို (၁၉၇၂)ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့တွင် အင်္ဂလန်နိုင်ငံ၌ ကျင်းပခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်လက်ထပ်သည့် မိုက်ကယ်အဲရစ်မှာ လူမျိုးအရ နိုင်ငံခြားသား ဖြစ်သော်လည်း စိတ်ဓါတ်နှင့်နေထိုင်မှုပုံစံတို့မှာ မြန်မာတစ်ဦးနှင့် မခြားနားပေ။

            မိုက်ကယ်အဲရစ်မှာ အောက်စဖို့ဒ်တက္ကသိုလ် တိဗက်ဗုဒ္ဓဘာသာကျွမ်းကျင် ဒေါက်တာဘွဲ့ရဖြစ်သည်။ မိုက်ကယ်အဲရစ်၏ ကျေးဇူးကြောင့် ဗုဒ္ဓဘာသာအကြောင်း ကျမ်းစာအုပ်များစွာထုတ်ဝေနိုင်ခဲ့ကြသဖြင့် ဘာသာရေးအရ လေးထားထိုက်သူဖြစ်သည်။

ပါမောက္ခတစ်ဦးအဖြစ်လည်း တာဝန်များထမ်းဆောင်ခဲ့သကဲ့သို့ မြန်မာပြည်လာစဉ်ကလည်း ကမ္ဘာ့ မှတ်ဉာဏ်အကောင်းဆုံးပုဂ္ဂိုလ်အဖြစ် ဂင်းနစ်မှတ်တမ်းတင်ခဲ့သော မင်းကွန်းဆရာတော်ဘုရားကြီးအား ဖူးမြော်ရာပါဠိဘာသာဖြင့် ပြောဆိုလျှောက်ထားခဲ့ကြောင်းလည်း သိရှိရသည်။

မြန်မာ့တပ်မတော်ဖခင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာအမျိုးသမီးသံအမတ်ကြီး သီရိသုဓမ္မ ဒေါ်ခင်ကြည်တို့၏သမီး ဒေါ်အောင်ဆန်းစုကြည်သည် အောက်စဖို့တက္ကသိုလ်တက်ရင်း မိုက်ကယ်အဲရစ်နှင့် ဆုံတွေ့ခဲ့ရမှ မေတ္တာမျှပြီးစုံဖက်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်က မင်္ဂလာဆောင်တွင် မြန်မာရင်ခံဝတ်စုံအဖြူရောင် ဝတ်ဆင်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖူးစာအရ နိုင်ငံခြားသားနှင့်ပေါင်းဖက်ရသော်လည်း မြန်မာ့ရိုးရာအတိုင်း မင်္ဂလာပြုခဲ့သည်။ မင်္ဂလာပရိသတ်ရှေ့တွင် ခင်ပွန်းသည်ထံမှ ကတိတောင်းခံခဲ့သည်။ ယင်းမှာ အကယ်၍ သူမ မြန်မာပြည်ပြန်ရန် အရေးကြံလာလျှင် ခွင့်ပြုပေးရန်ဖြစ်သည်။ မိုက်ကယ်အဲရစ်ကလည်း မြန်မာပြည် အရေးပေးဆပ်လိုသူဖြစ်၍ လိုလိုလားလားခွင့်ပြုပေးခဲ့သည်။ သားနှစ်ဦးက မြန်မာနိုင်ငံသားဖြစ်လိုသဖြင့် (၁၉၈၉)ခုနှစ်တွင် နိုင်ငံသားခံယူခွင့် တောင်းခဲ့သော်လည်း မရရှိခဲ့ပေ။

ဒေါ်အောင်ဆန်းစုကြည်သည်  သားနှစ်ယောက်ထွန်းကားခဲ့ပြီး အကြီးမှာ တက္ကသိုလ်ကထိကနှင့် အမေရိကန်ပြည်ထောင်စုရှိ သီတဂူအော်စတင် ဗုဒ္ဓဝိဟာရ၏ ကမ္မဋ္ဌာန်းနည်းပြဆရာ မြင့်ဆန်းအောင် (ခ) အလက်ဇန်းဒါးအဲရစ် ဖြစ်သည်။ သားငယ်ဖြစ်သူမှာ အင်္ဂလန်နိုင်ငံတွင် လက်သမားအဖြစ်  အသက်မွေးနေသော ထိန်လင်း (ခ) ကင်မ်အဲရစ်ဖြစ်သည်။ မိုက်ကယ်အဲရစ်မှာ (၁၉၉၉)ခုနှစ်တွင် အနိစ္စရောက်ခဲ့သည်။

နောင်အနာဂတ်မြန်မာ့ယဉ်ကျေးမှုတွင် ရှေးခေတ်အဆက်ဆက်ကဲ့သို့ မြန်မာ့ရိုးရာထိမ်းမြားမင်္ဂလာ တည်တံ့နေရန်လိုအပ်သည်။ မြန်မာ့ဓလေ့တွင် မိဘဝတ္တရားငါးပါးအရ ‘ထိမ်းမြားခြင်းလျှင်’ ဆိုသည့်အတိုင်း စီမံပေးကြပြီး သားသမီးဝတ္တရားငါးပါးအရ ‘စောင့်လေမျိုးနွယ်’ ဆိုသည့်အတိုင်း အာဝါဟ၊ ဝိဝါဟ မင်္ဂလာပြုကြ ခြင်းမှာ ကျက်သရေရှိသော အစဉ်အလာပင်ဖြစ်သည်။ ခေတ်များစွာ၊ စနစ်များစွာ၊ နှစ်များစွာ ပြောင်းလဲ သော်လည်း မပြောင်းမလဲ၊ အမြဲတည်ရှိရမည့်အချက်မှာကား လူသားတို့အနေဖြင့် မျိုးဆက်ကောင်းများကို မွေးထုတ်ခဲ့ပြီး အမွေကောင်းများ ပေးအပ်ခဲ့ရန်ပင်ဖြစ်ပါသည်။

 

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

၂၀၁၆၊ နိုဝင်ဘာ 


ဖေ့စ်ဘုတ်၌ ဖတ်ရှုရန်

https://www.facebook.com/Kawliya.WaiYanMaungMaung/posts/pfbid0o2FaYTrUe9VsPsmhUEXiwqGKtB71GhNBpRhk9LV5Wki11MXaexzwnsCdTXAM1oQ4l

Comments