|
ရောမစစ်သားများအား တိတ်တဆိတ်လက်ထပ်ပေးနေသည့် သူတော်စင် ဗယ်လင်တိုင်း |
| နှင်းဆီနီကြိုက်သော ဗီးနပ်စ်နတ်သမီး |
| သူတော်စင်ဗယ်လင်တိုင်း၏ အရိုး |
| သူတော်စင်ဗယ်လင်တိုင်း၏ အရိုး |
| သူတော်စင်ဗယ်လင်တိုင်း၏ အရိုး |
| သူတော်စင်ဗယ်လင်တိုင်း၏ အရိုး |
| သူတော်စင် ဗယ်လင်တိုင်းရုပ်ရည်ကိုပုံဖော်ချက် |
| နှစ်ပေါင်း(၈၂၃)နှစ်တွင်မှ တစ်ကြိမ်ပါသော ဖေဖော်ဝါရီလ |
| ယနေ့တိုင်ရှိသေးသည့် ရှေးအကျဆုံးချစ်သူများနေ့ကတ်ပြားမှာမူ လန်ဒန်မျှော်စင်ကြီးပေါ်၌ (၁၄၁၅)ခုနှစ်က Charles Duke of Orléans မှ ကဗျာစပ်၍ သူ့အမျိုးသမီးအား ပေးခဲ့သည့်ကတ်ပြားဖြစ်သည်။ |
| နှင်းဆီပန်းနှင့် ချောကလက်ဘူး |
|
အချစ်နတ်ဘုရား ဗီးနပ်(စ်)နတ်သမီး အနှစ်သက်ဆုံးနှင်းဆီနီ |
|
ရောမစစ်သားများအား တိတ်တဆိတ်လက်ထပ်ပေးနေသည့် သူတော်စင် ဗယ်လင်တိုင်း |
|
စတော်ဘယ်ရီပေါ်အုပ်ထားသည့် ချောကလက် |
|
ဆွဲဖွင့်လိုက်လျှင် ရုပ်ပုံထွက်လာသည့် ချစ်သူများနေ့ကတ်ပြားတစ်ခု |
| ချစ်သူများနေ့၏ ပုံရိပ်လွှာများ ဆောင်းပါးပါသော မဂ္ဂဇင်းမျက်နှာဖုံး |
ချစ်ခြင်းမေတ္တာများ တိုးပွားပြည့်ဝသော မေတ္တာဝေမျှ ဖေဖော်ဝါရီလဖြစ်ပါစေကြာင်း ပဏာမဆုမွန် ချွေလိုပါသည်။ ခရစ်ပြက္ခဒိန်ဖြင့်ကြည့်လျှင် ဖေဖော်ဝါရီလသည် ကမ္ဘာပေါ်ရှိချစ်သူစုံတွဲများအား ကိုယ်စားပြု သော ဖေဖော်ဝါရီ(၁၄)ရက် ချစ်သူများနေ့ရှိသည်။ ထို့ပြင်(၂၀၁၇)၏ ဖေဖော်ဝါရီလသည် ကျွန်ုပ်အပါအဝင် ကမ္ဘာကြီးပေါ်ရှိမည်သူကမှ နောက်တစ်ကြိမ်ပြန်လည်ရရှိတော့မည်မဟုတ်သည့် နှစ်ပေါင်း(၈၂၃)နှစ်မှ တစ်ကြိမ်ဖြစ်မည့် ထူးခြားလှသောလဖြစ်နေသည်။
မြန်မာပြက္ခဒိန်အရ ကြည့်မည်ဆိုလျှင်လည်း ပြည်ထောင်စုနေ့နှင့် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ (ကလေးများနေ့) ရှိနေသည်။ ထို့ကြောင့် ဝိသေသထူးသော ဖေဖော်ဝါရီသည် လွန်စွာကျက်သရေရှိလှပေသည်။
သူတော်စင်ဗယ်လင်တိုင်းနှင့် ချစ်သူများနေ့သမိုင်း
ချစ်သူများနေ့ကို Valentine's Day, Saint Valentine's Day, Feast of Saint Valentine စသည်ဖြင့် ခေါ်ဝေါ်ကြပြီး အနောက်တိုင်း ခရစ်ယာန်ဘာသာမှ စတင်ပေါ်ပေါက်ခဲ့သည်။
သူတော်စင်များအတ္ထုပ္ပတ္တိအရ ရောမအင်ပါယာစစ်ပွဲအတွင်း စစ်မှုထမ်းသူများအား လက်ထပ်ခွင့် တားမြစ်ထားချိန်တွင် ရောမသူတော်စင် ဗယ်လင်တိုင်းက ခရစ်ယာန်ဘာသာဖြင့် တိတ်တဆိတ် မင်္ဂလာဆောင် ပေးခဲ့သည်။ ထို့ကြောင့်ပင် ထောင်နန်းစံ၍ကွပ်မျက်ခံရသည်။ ထိုနေ့သည် အေဒီ(၂၇၃) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၄)ရက်ပင်ဖြစ်သည်။
ကွပ်မျက်မခံရမီ သူချစ်ရသောထောင်မှူးကြီးသမီးထံရေးခဲ့သည့် နောက်ဆုံးစာလွှာတွင် ချစ်သူများနေ့ အတွက် အခရာကျသည့် "From Your Valentine" ဟူသောစကားလုံးများဖြင့် လက်မှတ်ရေးထိုးခဲ့သည်။
သူတော်စင်ဗယ်လင်တိုင်း၏ ချစ်ကျိုးတော်ဆောင်မှုကြောင့် ချစ်သူများနေ့စတင်ပေါ်ပေါက်ခဲ့သည်။ ယခင်ခေတ် ရောမပြည်၌ သူတော်စင်ဗယ်လင်တိုင်းနေ့မှာ ဇူလိုင်(၆)ရက်နှင့် (၃၀)ရက်တို့ဖြစ်ခဲ့သည်။ ရှေးရောမပွဲတော်များတွင်တော့ သူတော်စင်ဗယ်လင်တိုင်းပွဲတော်ကို ဖေဖော်ဝါရီ(၁၅)ရက်၌ ကျင်းပခဲ့ကြ သည်။
ယနေ့ဆင်နွှဲနေကြသော ချစ်သူများနေ့မှာ ပုပ်ရဟန်းမင်းကြီး Pope Gelasius I က ခရစ်နှစ်(၄၉၆)ခန့်တွင် ဖေဖော်ဝါရီ(၁၅)ရက်မှ (၁၄)ရက်သို့ ပြောင်းရွှေ့သတ်မှတ်ရာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။
သူတော်စင် ဗယ်လင်တိုင်း၏ အရိုးများတွေ့ရှိခြင်း
(၁၈) ရာစုနှောင်းပိုင်းရောက်သောအခါ ရောမသင်္ချိုင်းဂူ၌ သူတော်စင် ဗယ်လင်တိုင်း၏ အရိုးစုကို ရှာဖွေတွေ့ရှိခဲ့သည်။ အရိုးများကို အမျိုးမျိုးလေ့လာကြပြီး ခေါင်း၊ သေတ္တာစသည်တို့တွင် ထားရှိသည်။ အခုအခါ မှန်တစ်ဖက်ရှိ ရွှေသတ္တာထဲတွင်ထည့်ပြီး အီတလီနိုင်ငံ Basilica of Santa Maria ဘုရားကျောင်းတွင် ပြသထားရှိသည်။ သူ၏အရိုးခေါင်းကို သုံးဖက်မြင်ရုပ်ကြွဖန်တီးကာ မျက်နှာပုံမည်သို့ရှိမည်ကိုလည်း ပုံထုတ် ခဲ့ကြသည်။
ချစ်သူများနေ့ကတ်ပြား
ချစ်သူများနေ့ကတ်ပြားပေါ်ပေါက်လာခြင်းမှာ သူတော်စင်ဗယ်လင်တိုင်း၏ နောက်ဆုံးစာလွှာကြောင့် ဖြစ်သည်။ ချစ်သူများနေ့တွင် လက်ဆောင်အမျိုးမျိုးပေးကြသော်လည်း မပါမဖြစ်ပေးရသည့်အရာမှာ ချစ်သူများနေ့ကတ်ပြားဖြစ်သည်။ ထိုကတ်ပြားသည် အရေးလည်းပါသကဲ့သို့ စိတ်ဝင်စားဖွယ်လည်း ကောင်းလှသည်။ ယင်းကတ်ပြားနှင့်ပတ်သက်ပြီး အများမသိကြသော အချက်များရှိသည်။
• ကမ္ဘာ့ပထမဆုံး ချစ်သူများနေ့ကတ်ပြားကို သူတော်စင်ဗယ်လင်တိုင်း၏ကတ်ပြားဟု အများစု လက်ခံထားကြ သည်။
• ယနေ့တိုင်ရှိသေးသည့် ရှေးအကျဆုံးချစ်သူများနေ့ကတ်ပြားမှာမူ လန်ဒန်မျှော်စင်ကြီးပေါ်၌ (၁၄၁၅)ခုနှစ်က ပြင်သစ်စာရေးဆရာ Charles Duke of Orléans က ကဗျာစပ်၍ သူ့အမျိုးသမီးအား ပေးခဲ့သည့်ကတ်ပြားဖြစ်သည်။ ယင်းကို လန်ဒန်ရှိ ဗြိတိသျှစာကြည့်တိုက်တွင် ထိန်းသိမ်းထားရှိသည်။
• ဝိတိုရိယဘုရင်မကြီးခေတ် (၁၈၃၇-၁၉၀၁) ဝန်းကျင်က ချစ်သူများနေ့ကတ်ပြား လက်မှတ်ရေးထိုးပေးခြင်းမှာ ကံဆိုးစေတတ်သည်ဟု အယူရှိခဲ့သည်။
• ကမ္ဘာ့အရောင်းဆိုင်များ၏ ကိန်းဂဏန်းများအရ ကမ္ဘာပေါ်ရှိ အိမ်မွေးတိရစ္ဆာန်မွေးသူများထဲမှ (၃)ရာနှုန်းခန့်သည် သူတို့တိရစ္ဆာန်လေးများကို ချစ်သူများနေ့ကတ်ပြားပေးကြသည်။
• ချစ်သူများနေ့၌ ကမ္ဘာတစ်လွှားလဲလှယ်ကြသော ချစ်သူများနေ့ကတ် အရေအတွက်မှာ (၁)သန်းမျှရှိသည်။
• ကမ္ဘာပေါ်တွင် ချစ်သူများနေ့ကတ်ပြား (၅၀)ရာနှုန်းကျော်ကို ပိတ်ရက်မတိုင်ခင် (၆)ရက်အတွင်း ကြိုတင် ဝယ်ယူကြပြီး ချစ်သူများနေ့အထိစောင့်ဆိုင်းပေးအပ်ကြသည်။
• ကမ္ဘာ့ဆရာများသည် ချစ်သူများနေ့ကတ်ပြား အများဆုံးရရှိသူများဖြစ်သည်။
ချောကလက်
ချောကလက်သည် လူကြိုက်များသောမုန့််ဖြစ်သည့်အပြင် ချစ်သူများနေ့အတွက်လည်း အရေးပါသည်။ ချောကလက်နှင့်ချစ်သူများနေ့ ဆက်စပ်မှုများမှာ မှတ်သားစရာကောင်းသည်။
• ချစ်သူများနေ့အတွက် ကမ္ဘာ့အရောင်းချရဆုံးစားဖွယ်မှာ ချောကလက်ပင်ဖြစ်သည်။ ချောကလက်သည် အချစ်ကို ကိုယ်စားပြုခဲ့သည့်စားဖွယ်ဖြစ်ခဲ့သည်။
• (၁၈၀၀)ပြည့်နှစ်များအတွင်းက သမားတော်ကြီးများသည် အချစ်နာကျလူနာများကို ချောကလက်စားသုံးရန် အကြံပြုခဲ့ကြသည်။
• ကမ္ဘာ့ပထမဆုံး ချစ်သူများနေ့ချောကလက်ဘူးကို (၁၈၀၀)ပြည့်နှစ်နှောင်းပိုင်းတွင် ကမ္ဘာ့ဒုတိယအကြီးဆုံး မုန့်တိုက် Cadbury Schweppes နှင့် ချောကလက်ကုမ္ပဏီကြီး တည်ထောင်သူ Richard Barrow Cadbury က ထုတ်လုပ်ရောင်းချခဲ့သည်။
• ကမ္ဘာ့ချောကလက်များအနက် အသည်းပုံချောကလက်များမှာ (၃၅)သန်းကျော် ရောင်းချရသည်။
• အမေရိကန်ပြည်ထောင်စု၌ ချစ်သူများနေ့အတွက် ဒေါ်လာ(၁)သန်းကျော်ဖိုးခန့် ချောကလက်များ ဝယ်ယူကြ သည်။
နှင်းဆီပန်း
နှင်းဆီပန်းသည် အချစ်ကိုကိုယ်စားပြုသည့်ပန်းဖြစ်ပြီး ချစ်သူများနေ့၏ သင်္ကေတတစ်ခုဖြစ်သည်။
• ဗီးနပ်(စ်)နတ်သမီးခေါ် ရောမအချစ်နတ်ဘုရားမ၏ အနှစ်သက်ဆုံးပန်းမှာ နှင်းဆီနီဖြစ်သည်။
• အနီရောင်သည် ထက်သန်သည့်ချစ်စိတ်ကို ဖော်ပြသည့်အတွက် နှင်းဆီနီကို အချစ်ပန်းအဖြစ် သတ်မှတ်ခဲ့ကြ သည်။
• ချစ်သူများနေ့အတွက် ကမ္ဘာ့နှင်းဆီပန်း ဝယ်ယူသူအရေအတွက်မှာ အမျိုးသား(၇၃)ရာနှုန်း၊ အမျိုးသမီး (၂၇)ရာနှုန်းဖြစ်သည်။
• အမေရိကန်ပြည်ထောင်စုတွင် ချစ်သူများနေ့၌ နှင်းဆီပွင့်သန်းပေါင်း (၁၈၉)သန်းရောင်းချရသည်။
• ချစ်သူများနေ့၌ အမေရိကန်အမျိုးသမီး(၁၅)ရာနှုန်းမှာ ကိုယ့်ကိုယ်ကိုယ်နှင်းဆီပန်းပေးပို့ကြသည်။
• နှင်းဆီပေးလျှင် အပွင့်အရေအတွက်အလိုက် အဓိပ္ပာယ်တစ်မျိုးစီဖြင့်ပေးကြသည်။
နှင်းဆီပွင့်အရေအတွက်နှင့် အဓိပ္ပာယ်များ
နှင်းဆီ ၁ ပွင့် - တစ်ဦးတည်းသောချစ်သူ
နှင်းဆီ ၂ ပွင့် - အပြန်အလှန်ယှက်နွယ်နေခြင်း
နှင်းဆီ ၃ ပွင့် - ချစ်တယ်
နှင်းဆီ ၄ ပွင့် - ကတိသစ္စာထားခြင်း
နှင်းဆီ ၅ ပွင့် - နောင်တမဲ့အချစ်
နှင်းဆီ ၆ ပွင့် - ဖြောင့်ဖြူးသောချစ်ခြင်း
နှင်းဆီ ၇ ပွင့် - ကံကောင်းမှုများဖြင့်
နှင်းဆီ ၈ ပွင့် - တစ်ဘဝလုံးပုံအပ်ထားသည်
နှင်းဆီ ၉ ပွင့် - နှစ်ပရိစ္ဆေဒကြာသည်ထိ အပြန်အလှန်ဖေးမသွားမည်
နှင်းဆီ ၁၀ ပွင့် - သင်က ကျွန်ုပ်အတွက် ပစ်မျိုးမှဲ့မထင်
နှင်းဆီ ၁၁ ပွင့် - အချစ်ဆုံး
နှင်းဆီ ၁၂ ပွင့် - ကြည်သာချမ်းမြေ့သောဘဝဖြစ်ပါစေ
နှင်းဆီ ၂၄ ပွင့် - အချိန်မလပ်သတိရနေသည်
နှင်းဆီ ၃၃ ပွင့် - သုံးဘဝ၊ သုံးကမ္ဘာတိုင် သတိရမည်
နှင်းဆီ ၅၀ ပွင့် - ထာဝစဉ်ရှင်သန်သောအချစ်
နှင်းဆီ ၆၆ ပွင့် - ရေကဲ့သို့တသွင်သွင်စီးသောအချစ်
နှင်းဆီ ၉၉ ပွင့် - မိုးနှင့်မြေကဲ့သို့ အဆုံးမရှိချစ်ခြင်း
နှင်းဆီ အပွင့် ၁၀၀ - ရိုးမြေကျရာသက်ပန်အချစ်
နှင်းဆီ ၁၀၁ ပွင့် - ထာဝရအမြဲ
နှင်းဆီ ၁၀၈ ပွင့် - အဆုံးမရှိသောအချစ်
နှင်းဆီ ၃၆၅ ပွင့် - နေ့စဉ်သတိရနေသည်
နှင်းဆီ ၉၉၉ ပွင့် - နှစ်တစ်ထောင်တိုင်ချစ်နေမည်
နှင်းဆီ အပွင့် ၁၀၀၀ - နှစ်တစ်သောင်းတိုင်ချစ်နေမည်
(အယူအဆများအလိုက် ကွာခြားမှုများရှိနိုင်သည်။)
နောင်နှစ်(၈၀၀)ကျော်မှ
ပြန်ကြုံရတော့မည့် (၂၀၁၇)ဖေဖော်ဝါရီ
သာမန်ဖေဖော်ဝါရီလသည် နှစ်စဉ်ပါရှိသော်လည်း (၂၀၁၇)ကဲ့သို့ဖေဖော်ဝါရီမှာ နှစ်စဉ်မဟုတ်ဘဲ နှစ်ပေါင်း(၈၂၃)နှစ်တွင်မှ တစ်ကြိမ်ပါရှိလေသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းဖေဖော်ဝါရီတွင် တနင်္ဂနွေမှ စနေအထိ နေ့ရက်ခုနစ်ခုမှာ (၄)ရက်စီကွက်တိပါဝင်သောကြောင့်ဖြစ်သည်။ ရှားပါးလှ၍ ယင်းဖေဖော်ဝါရီလ ကို ငွေအိတ်ဟုခေါ်ကြသည်။ ထို့ကြောင့် (၂၀၁၇)တွင်ကျရောက်မည့် ချစ်သူများနေ့သည် ထူးခြားသောလ၌ ပါရှိခြင်းဖြစ်၍ ကျွန်ုပ်တို့သက်တမ်းတွင် ပြန်လည်မရနိုင်တော့ပေ။
ဆန်းပြားထူးခြား မှတ်ဖွယ်များ
• အင်္ဂလန်ပြည့်ရှင် ဟင်နရီ(၇)က (၁၅၃၇)ခုနှစ်တွင် ဖေဖော်ဝါရီ(၁၄)ရက်ကို သူတော်စင်ဗယ်လင်တိုင်းနေ့ ပိတ်ရက်အဖြစ် သတ်မှတ်ပေးခဲ့သည်။
• ဝီလျံရှိတ်စပီးယား၏ ကမ္ဘာကျော်ပြဇာတ် ရိုမီယိုနှင့်ဂျူးလီးယက် မြတ်နိုးသူများသည် ချစ်သူများနေ့ ရောက်တိုင်း အီတလီနိုင်ငံ၊ ဗာရိုနာမြို့သို့ ဂျူးလိယက်ထံပေးစာပေါင်း (၁၀၀၀)ကျော် ပေးပို့ကြသည်။
• ပျမ်းမျှအားဖြင့် ကမ္ဘာပေါ်ရှိလက်ထပ်မည့်အမျိုးသား ၂၂၀,၀၀၀ ခန့်သည် နှစ်စဉ်ချစ်သူများနေ့တွင် လက်ထပ်ခွင့်တောင်းနေကြသည်။
• ချစ်သူများနေ့၌ ချစ်သူမရှိသည့် တစ်ကိုယ်တည်းသမားများမှာ ကြောင့်ကြစရာမလိုဘဲ SAD ခေါ် Single Awareness Day ကို ကျင်းပနိုင်သည်။
• ဖင်လန်နိုင်ငံတွင် ချစ်သူများနေ့ကို Ystävänpäivä ဟုခေါ်ဝေါ်ပြီး အဓိပ္ပာယ်မှာ ချစ်သူထက် သူငယ်ချင်းကို ပိုချစ်ကြောင်းဖော်ပြသည့် "သူငယ်ချင်းနေ့" ဖြစ်သည်။
• အေဒီ(၅၀၀)မှ(၁၅၀၀)အတွင်း ဥရောပ ယောက်ျားလေး၊ မိန်းကလေးများသည် ဇလုံထဲရှိမဲလိပ်များတွင် ချစ်သူများနေ့၌ အတူဖြတ်သန်းမည်သူနာမည်ကိုမဲနှိုက်ကြရသည်။ မဲလိပ်ကို အဝတ်အစားပေါ်တွင် တစ်ပတ်ကြာတပ်ထားပြီး လူတိုင်းမြင်စေရန်ဖော်ပြကြသည်။ ယင်းဓလေ့က "To wear your heart on your sleeve" ဟူသောဖော်ပြချက်ကို စတင်စေခဲ့သည်။
"လူသားတိုင်းအချစ်နှင့်မကင်းဟူသော" စကားရှိပါသည်။ ထိုသို့ အချစ်နှင့်မကင်းသောလူသားများ ရှိနေသရွေ့ ချစ်ခြင်းစုံတွဲများရှိကြဦးမည်ဖြစ်သဖြင့် ချစ်သူများနေ့သည်လည်း ဆက်လက်ရှင်သန်နေဦး မည်မှာလည်း မလွဲပေ။ ဤသို့လျှင် တစ်ကမ္ဘာလုံးဆင်နွှဲလျက်ရှိသော ချစ်သူများနေ့တွင် မိမိတို့၍တန်ဖိုးနှင့် သိက္ခာများကိုထိန်းသိမ်းရင်း ယဉ်ကျေးစွာပျော်ရွှင်ကြရန် အရေးကြီးလှပေသည်။
ကောလိယ ဝေယံမောင်မောင်
The CHIC မဂ္ဂဇင်း
၂၀၁၇၊ ဖေဖော်ဝါရီ
Comments
Post a Comment