၃၆၊ အလွဲများသော ခန်း နှင့် ခမ်း

 

            ပွဲကျင်းပတဲ့နေရာကို ‘ခမ်းမ’ လို့မှားတတ်သလို၊ ရေခြောက်သွေ့တာကို ‘ခမ်းခြောက်’ လို့ မှားတတ်ပါ တယ်။ ပွဲကိုလဲ ‘အခန်းအနား’ လို့မှားတတ်ပြန်ပါတယ်။ သံတူကြောင်းကွဲဖြစ်တဲ့ ‘ခန်း နဲ့ ခမ်း’ ကိုလဲ တွဲဖက် လေ့လာကြည့်ပါအုံး။

 

ခန်း

            ‘ခန်း’ ဆိုတာ ရေဓာတ်ခန်းခြောက်တာ၊ ကုန်ခန်းတာနဲ့ အခန်းတို့ကို ရည်ညွှန်းပါတယ်။ ကန်ရေခန်း၊ အံမခန်း၊ အိပ်ခန်း၊ စာမျက်နှာအခန်း။ ဒါ့ပြင် ခန်းဆီး၊ ခန်းတောက်ပင်၊ ခန်းနေရဟန်း၊ ခန်းဖွင့်၊ ခန်းမ၊ ခန်းဝါ၊ ခန်းဝင်ပစ္စည်း စသဖြင့်သုံးပါတယ်။

ဥပမာ

- ပင်လယ်ရေဘယ်မခန်း မထွေးအမိဖမ်း။

- အံ့မခန်းတန်ခိုးတော်ဖြင့် ပြည့်စုံတော်မူသည်။

- စာသင်ခန်းရောက်ရင် စာအုပ်အခန်း(၇)ကိုဖွင့်ပါ။

- ခန်းမအတွင်း၌ ခန်းဝင်ပစ္စည်းများရှိသည်။

 

ခမ်း

            ‘ခမ်း’ ဆိုတဲ့စကားလုံးကိုရှာကြည့်ရင် ‘ခမ်းနား’ ဆိုတာလောက်ပဲ တွေ့ရမှာပါ။ ‘ခမ်းနား’ ကိုအကျယ်ချဲ့ ပြီး ‘ခမ်းခမ်းနားနား၊ အခမ်းအနား’ စသဖြင့်ရေးပါတယ်။ ဒါ့ကြောင့် ‘ခမ်းနား’ ကလွဲရင် ကျန်တာအကုန် နသတ် ‘ခန်း’ နဲ့တွဲရေးရမယ်လို့ မှတ်ထားနိုင်ပါတယ်။

ဥပမာ

- ခမ်းနားထည်ဝါသော စံအိမ်တော်ကြီး။

- သားနဲ့သမီးကို ခမ်းခမ်းနားနား မင်္ဂလာဆောင်ပေးမယ်။

 

ကောလိယ ဝေယံမောင်မောင်

 

#ကောလိယဝေယံမောင်မောင်

#စကားနှင့်စာမှတ်စရာ

Comments