မြန်မာပြည်ဒေသစုံမှာ မုန့်တီအမျိုးမျိုးရှိတဲ့အနက် မန္တလေးမုန့်တီက အထင်ရှားဆုံးဖြစ်ပါတယ်။ ဒါက လဲ မန္တလေးမုန့်တီကို ရှေးခေတ်ကတည်းက မုန့်တီလို့ခေါ်ခဲ့ကြလို့ဖြစ်ပါတယ်။ မုန့်တီဆိုတာ ဆန်မုန့်ညက်ကို ရေဆူမှာအမျှင်ညှစ်ချထားတဲ့ စားဖွယ်ပါ။ အချို့ကလဲ ပေါင်းပြီးမှညှစ်ကြတယ်။ မုန့်တီကို ယုတ္တိအရှိဆုံး တိုက်ရိုက်အဓိပ္ပါယ်ဖွင့်ရရင် တီကောင်နဲ့တူတာကိုစွဲပြီး အမည်မှည့်ထားပုံပါပဲ။ ‘တီ’ ရဲ့ တခြားအဓိပ္ပါယ်တွေ ရှိသေးပေမဲ့ မုန့်နဲ့တွဲရလောက်တဲ့ အဓိပ္ပါယ်တွေတော့ မဟုတ်ကြပါဘူး။
ရခိုင်မှာကျ အာပူရွက်ခပ်ထားတဲ့ ငါးပြုတ်ဟင်းရည် အာပူလျှာပူထဲကို မုန့်ဖတ်သေးခပ်သောက်လို့ ရခိုင်မုန့်တီလို့ ခေါ်ကြတယ်။ မော်လမြိုင်မှာ မော်လမြိုင်ငါးပြုတ်မုန့်ဟင်းခါးကို မုန့်ဖတ်သေးနဲ့စားလို့ မုန့်တီ ခေါ်တယ်။ ကရင်မှာလဲ ဟင်းရည်ကျဲကို မုန့်ဖတ်နဲ့ ဟင်းခပ်သီးရွက်စုံထည့်စားတဲ့ ကရင်တောမုန့်တီ ဆိုတာ ရှိတယ်။ အင်းလေးမှာလည်း အင်းသားများရဲ့ အင်းမုန့်တီ စသည်ဖြင့် ဒေသအလိုက် ရှိတတ်ပါတယ်။
မန္တလေး မုန့်တီကျတော့ အရည်သောက်မဟုတ်ပါဘူး။ ‘နန်းကြီး၊ နန်းလတ်၊ နန်းသေး၊ နန်းပြား’ ကို ပဲမှုန့်၊ ဆီ၊ အသား၊ ငရုတ်သီးမှုန့် စတာတွေနဲ့ သုပ်ထားတဲ့ မုန့်တီသုပ်ဖြစ်ပါတယ်။ အသုပ်နဲ့တွဲစားဖို့ ကြက်ရိုး ဟင်းရည်၊ ကြက်သွန်နီကွင်း၊ သံပရာသီး၊ ငရုတ်သီးအလှော်မှုန့်တို့ တွဲပေးပါတယ်။ နန်းဆိုတာ အမျှင်လို့ အဓိပ္ပါယ်ရပါတယ်။ ရန်ကုန်မှာရှိတဲ့ အလွဲတစ်ခုကတော့ ‘နန်းကြီးသုပ်’ ပါ။ တကယ်တော့ နန်းကြီးသုပ် မဟုတ်ဘဲ ‘နန်းလတ်သုပ်’ သာဖြစ်ပါတယ်။ ဒါက ဝေါဟာရအရ ရှင်းပြရုံသက်သက်ပါ။
တကယ်တော့ မန္တလေးမုန့်တီစားမယ်ဆိုရင် ‘နန်းကြီး၊ နန်းလတ်၊ နန်းသေး၊ နန်းပြား’ ရှိတဲ့အနက် နန်းလတ်ကို အစားများပါတယ်။ နန်းကြီးစားမယ်ဆိုရင် အမျိုးသမီးငယ်ရဲ့ လက်သန်းအရွယ်ရှိတဲ့ မုန့်တီဖတ်ကို သုပ်ပေးပါလိမ့်မယ်။ နန်းလတ်မှာလည်း ထုတ်တဲ့မုန့်ဖိုပေါ်မူတည်ပြီး အရွယ်နှစ်မျိုးလောက်ရှိပါတယ်။ နန်းလတ်ထဲကမှ အမျှင်ကြီးကို မုန့်တီသုပ်အဖြစ်စားကြပြီး၊ အမျှင်ငယ်ကို မြီးရှေ ဒါမှမဟုတ် မန္တလေး အနောက် ဘက်ကမ်း ခိုတောင်ရွာက ခိုတောင်မုန့်တီအဖြစ် စားကြပါတယ်။ နန်းသေးဖတ်ကိုတော့ မုန့်ဟင်းခါး၊ အာပူလျှာပူ၊ နန်းသေးသုပ်အဖြစ် စားတတ်ကြပါတယ်။ နန်းပြားကိုတော့ ရန်ကုန်မှာ ညှပ်ပြား၊ ညှပ်ခေါက်ဆွဲလို့ ခေါ်တတ်ပါတယ်။ မုန့်ဟင်းခါးအဖြစ် အများဆုံးစားတတ်ပါတယ်။ (အခုပုံထဲမှာ နန်းလတ်၊ နန်းသေးနဲ့ နန်းပြား သုံးခုကို ယှဉ်ပြထားပါတယ်။ နန်းကြီးက ပုံပါနန်းလတ်ထက် နှစ်ဆအနည်းဆုံးကြီး ပါတယ်။)
မုန့်တီသုပ်ကို အဆာပလာအချိုး ဘယ်လောက်ညီအောင် ထည့်သုပ်သုပ် မုန့်ဖတ်ရဲ့ နန်းအရွယ်အစား ပေါ်မူတည်ပြီး အရသာဟာ လုံး၀လုံး၀ကွာခြားသွားပါတယ်။ နန်းကြီးဖတ် ဒါမှမဟုတ် နန်းလတ်ထဲက အမျှင် ကြီးနဲ့သုပ်မှ မုန့်တီသုပ်ရဲ့အရသာမှန်ကို ရပါတယ်။ အဖတ်သေးလေလေ မုန့်တီအရသာကို အဆာပလာ အရသာက လွှမ်းမိုးလေလေဖြစ်ပါတယ်။
မန္တလေးမုန့်ဖတ်ရဲ့ ထူးခြားချက်က အသားအိပါတယ်။ လေသလပ်ရင်တောင် အတွင်းသားအထိ မမာ တတ်ပါဘူး။ နေကုန်မိုးချုပ် အထားမခံပါဘူး။ အချို့ဒေသမုန့်ဖတ်များက အကြောတင်းပြီး အတွင်းသား ခပ် တောင့်တောင့်ဖြစ်တတ်တယ်။ သုပ်လိုက်ရင် ပဲမှုန့်ကသပ်သပ်၊ ဆီကသပ်သပ်ဖြစ်တတ်တယ်။ မပုပ်ဆေးပါတဲ့ အတွက် နေ့လွဲညဘက်လဲ မပုပ်မသိုးဖြစ်နေတတ်ပါတယ်။
မုန့်တီအတွက် လိုအပ်တဲ့ပစ္စည်းတွေက
၁၊ နန်းကြီး၊ နန်းလတ် နှစ်သက်ရာ
၂၊ ကြက်သား (အသားမစားလျှင် ငါးခြစ်သား၊ ကြက်ဥဘဲဥပြုတ် စသည်)
၃၊ ကုလားပဲအကျက်မှုန့်ကောင်းကောင်း
၄၊ ပဲဆီ
၅၊ ငရုတ်သီးအကြော်မှုန့်
၆၊ ငံပြာရည်
၇၊ ကြက်သွန်နီ
၈၊ နံနံပင်
၉၊ သံပရာသီး (သို့) သံပရိုသီး
သုပ်ပုံသုပ်နည်း
မန္တလေးမုန့်တီစစ်စစ်မှာ ဂေါ်ဖီ၊ ပဲသီး မထည့်ပါဘူး။ သုပ်နည်းကလည်း သူ့အိမ်ကိုယ့်အိမ်၊ သူ့ဆိုင် ကိုယ့်ဆိုင် မူကွဲနိုင်ပေမယ့် ကြက်သားထည့်နည်းပဲ ကွာတတ်တာပါ။ အခုနည်းက ဆီချက်သပ်သပ် ချက်ဖို့မလို တဲ့နည်းပါ။ ရောင်းတန်းဆိုင်များမှာ အလုပ်မရှုပ်ဘဲဒီနည်းကို သုံးကြပါတယ်။ ဆီကုန်လည်း ပိုသက်သာပါ တယ်။ နံနံပင်ကို ရေစင်စင်ဆေးပြီး လှီးထားပါ။ ကြက်သွန်နီကို အကွင်းလေးတွေလှီးပြီး အစပ်ခိုးပျောက်အောင် ရေစိမ်ထားပါ။
ကြက်သားကို အရိုးတွေအကုန်ထုတ်ပြီး ဟင်းချိုအတွက် သပ်သပ်ပြုတ်ပါ။ အရိုးနူးရင် သိပ်ကိုက်လို့ ကောင်းပါတယ်။ နံနံပင်ခပ်သောက်ပါ။ ကြက်အသားတွေကို ခပ်သေးသေးတုံး၊ ရေဆေး။ ကြက်သွန်နီ ဆီသတ်ပြီး ဆား၊ ဆနွင်း၊ ဟင်းချိုမှုန့်၊ ငရုတ်သီးအချောမှုန့် ဒါမှမဟုတ် အရောင်တင်မှုန့်တို့နဲ့ ပြုတ်ချက် ချက် ပါ။ အသားလေးတွေ အမျှင်ကွဲပြီး နူးလာရင် အရည်စပ်စပ်နဲ့ချလိုက်ပါ။
သုပ်ပါတော့မယ်။ ဇလုံထဲကို နန်းဖတ်ထည့်ပါ။ ပဲမှုန့်၊ အကြော်မှုန့်၊ ငံပြာရည်၊ နံံနံပင်၊ သံပရာသီး အရည်ညှစ်၊ ရေဆေးထားတဲ့ ကြက်သွန်နီပါလေရာထည့်ပါ။ အပေါ်ကနေ ကြက်သားဆီချက် ရေလည်ဆီလည် ကို ဆမ်း၊ ကြက်သားဖတ်လည်း လိုသလောက်ထည့်ပြီး နယ်ပါ။ ပန်းကန်ထဲပြောင်းထည့်ပြီး အပေါ်ကနေ ကြက်သားဖတ်၊ ကြက်သွန်နီ၊ နံနံပင် တို့နဲ့ အလှဆင်လိုက်ရင် မန္တလေးမုန့်တီသုပ် ရပါပြီ။
ကောလိယ ဝေယံမောင်မောင်
၈.၅.၂၀၂၀
Comments
Post a Comment