တပို့တွဲလ၏ ပုံရိပ်လွှာများ

 

တပို့တွဲလ၏ ပုံရိပ်လွှာများ

တပို့တွဲလရာသီပန်း - ပေါက်ပန်း


ရှေးမြန်မာ့ထမနဲပွဲ


ကျေးလက်ရိုးရာထမနဲပွဲ


ဗုဒ္ဓဘာသာနိုင်ငံတချို့တွင်လည်း ဤသို့ပင်မီးဖုန်းပူဇော်ကြသည်


ရန်ကင်းတောင်ခြေ သာသနာ့မိခင်ကြီး အမေစိမ်း


ဘုရားရှင် သြဝါဒပါတိမောက်ပြတော်မူခြင်း


တပို့တွဲလ၏ပုံရိပ်လွှာများ ဆောင်းပါးပါရှိသော မဂ္ဂဇင်းစာမျက်နှာ

တပို့တွဲလ၏ပုံရိပ်လွှာများ ဆောင်းပါးပါရှိသော မဂ္ဂဇင်းစာမျက်နှာ

တပို့တွဲလ၏ပုံရိပ်လွှာများ ဆောင်းပါးပါရှိသော မဂ္ဂဇင်းစာမျက်နှာ

တပို့တွဲလ၏ပုံရိပ်လွှာများ ဆောင်းပါးပါရှိသော မဂ္ဂဇင်းစာမျက်နှာ

တပို့တွဲလ၏ပုံရိပ်လွှာများ ဆောင်းပါးပါရှိသော မဂ္ဂဇင်းမျက်နှာဖုံး

        ရာသီဘာ၀ အေးလွန်းသည့်ည တပို့တွဲလသည် ဆောင်းရာသီ၏ နောက်ဆုံးလဖြစ်သည်။ ဆောင်းမြူတို့ ရာသီသိမ်းအနေဖြင့် ခပ်ထူထူကျဆင်း၍ အအေးဓာတ်ပိုသည်။ ထို့ကြောင့် “မီးမယ်ဖျူး ရွှေလက်ကင်သည် ရေစက်သွင်အေးသည့်လ” ဟု ဘုရားရှင်ကိုပင် မီးမယ်ဖျူးခေါ် မီးအိုးကင်းဖြင့် လက်တော်ကင်ဖို့ မီးဖုန်းပွဲလုပ်၍ ပူဇော်ခဲ့ကြသည်။  ယင်းနောက်ပိုင်း ထမနဲပွဲကို ဤတပို့တွဲလ၌ပင်ကျင်းပသည်။

 

စာအညီ ရာသီ

            “တပို့တွဲ” ဟူသောဝေါဟာရသည် ပုဂံခေတ်ကျောက်စာများ၌ တွေ့ရသော “တပိုစ်ထွယ်၊ တပိုင်ထွယ်၊ တပို့ထွဲ၊ တပိုဝ်တွဲ” တို့မှ ဆင်းသက်လာသည်။ 'တပိုဝ်' သည် 'ထန်းဖူး' ဟုအဓိပ္ပာယ်ရှိပြီး 'တွဲ' သည် 'အသီးခိုင် တွဲလောင်းကျသည်' ဟုအဓိပ္ပာယ်ရသည်။ ထို့ကြောင့် မြန်မာအဘိဓာန်တွင် တပို့တွဲလကို “ထန်းဖူးထန်းခိုင်တို့အား အောက်သို့ညွှတ်ဆွဲကိုင်းအောင်၊ တွဲကျအောင် ပြုလုပ်သည့်လ၊ ထန်းရည်နှင်းလ၊ မြန်မာတစ်ဆယ့်နှစ်လတို့တွင် ဆယ့်တစ်မြောက်သောလ၊ ကုံရာသီ” ဟုဖွင့်ဆိုထားသည်။

            ရာသီနှင့်တွက်လျှင် တပို့တွဲလသည် ကုံရာသီ ခေါ် အင်္ဂလိပ်အမည် Aquarius ရာသီဖြစ်သည်။ ရာသီပန်းမှာ ပေါက်ပန်းခေါ် အင်္ဂလိပ်အမည် Butea Monosperma ဖြစ်သည်။ ကုံရာသီ၏ သင်္ကေတမှာ ရေထမ်းသမား ဆင်းရဲသားဖြစ်သည်။ တပို့တွဲလသည် ခရစ်ပြက္ခဒိန်အရ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်ပြီး မာဃနက္ခတ်နှင့် စန်းယှဉ်သည်။ လပြည့်ညသန်းခေါင်ယံ၌ လမင်းသည် မာဃနက္ခတ်နှင့်ယှဉ်၍ မွန်းတည့်သည်။

တပို့တွဲလမှာ ရက်မစုံလဖြစ်ပြီး (၂၉)ရက်ရှိသည်။ နေ့တာတိုပြီး ညတာရှည်သည်။ နံနက်(၆)နာရီ၊ မိနစ်(၂ဝ)၌ နေထွက်၍ ညနေ(၅)နာရီ၊ မိနစ်(၄ဝ)တွင် နေဝင်လေ့ရှိသည်။ ချမ်းအေးလွန်း၍ “နှာရည်ယိုရွှဲ တပို့တွဲ” ၊ “တပို့တွဲ ကျွဲချိုဖျားဆတ်ဆတ်ခါသည်။” စသည်ဖြင့် ဆိုရိုးပြုကြသည်။ 

 

မီးဖုန်းပွဲ

            မီးဖုန်းပွဲမှာ ဘုရားရှင်လက်ထက်က အခြေတည်စတင်ဖြစ်ပေါ်ခဲ့သည်။  မီးလှုံခြင်းသည် အနွေးဓာတ်ရ သော်လည်း ရဟန်းတို့မီးလှုံပြီး မျက်စိထိခိုက်ခြင်း၊ အဆင်းပျက်ခြင်း၊ အားအင်ယုတ်လျော့ခြင်း၊ မီးလှုံရင်း အပေါင်းအဖော်တို့နှင့် ပျော်မွေ့နေခြင်း၊ ထိုအပေါင်းအဖော်များနှင့် အကျိုးမရှိသောစကားများ ပြောဆိုကြခြင်း ကြောင့် ဘုရားရှင်က ဝိနည်းတော်အရ မီးမလှုံရန်တားမြစ်တော်မူသည်။ သို့သော် တပို့တွဲလမှ တပေါင်းလသို့အကူး ကြားရှစ်ရက်မှာ အလွန်အေးသည်။ ထို့ကြောင့် ရဟန်းများမီးလှုံရန်ခွင့်ပြုတော်မူသည့်အပြင်၊ ကိုယ်တော်တိုင်လည်း မီးလှုံတော်မူခဲ့သည်။ ၎င်းဗုဒ္ဓဝင်တော်ကိုအစွဲပြု၍ လူတို့က မီးဖုန်းပွဲကျင်းပကြခြင်းဖြစ်သည်။

            မီးဖုန်းပွဲဟူသောဝေါဟာရတွင် ဖုန်း(ပုန်း)သည် ပါဠိစကားလုံး “ပုည” ဟူသောပုဒ်မှဆင်းသက်လာသည်။ “ပုည” (ပုဉ်း၊ ပုန်း၊ ဖုန်း)၏အဓိပ္ပာယ်မှာ ကောင်းမှု၊ ကုသိုလ်၊ အလှူ ဖြစ်သည်။ ထို့ကြောင့် မီးဖုန်းပွဲ၏ အဓိပ္ပာယ်မှာ မီးကုသိုလ်ပွဲ၊ မီးအလှူပွဲဖြစ်သည်။ ဘုရားရှင်သက်တော်ထင်ရှားရှိသည်ကိုရည်မှန်း၍ နံ့သာထင်းများကို မယ်ဖျူး ခေါ် မီးအိုးကင်းတွင်မီးညှိ၍ ပူဇော်ကြသည်။ ဘုရားရှင်ကိုသာမက ရဟန်းသံဃာ၊ သက်ကြီးရွယ်အိုများကိုပါ မီးဖုန်းကြသည်။

မြန်မာ့သမိုင်းအရပြန်ကြည့်လျှင် သက္ကရာဇ်(၆၅၃)ခုနှစ်၊ ပုဂံမြို့စောလှဝန်းဘုရားကျောက်စာ ကျော(၂၂၊ ၂၃)၌ “မီဖုန်၊ သြင်္ကန်၊ စာရိယ်၊ ညောင်ရိယ်သွန်၊ မပြက်စိယ်လျှင်တည်၏” ဟုရေးထိုးထားသဖြင့် မီးဖုန်းပွဲမှာ ပုဂံခေတ်ကတည်းကရှိခဲ့ကြောင်း သိရသည်။ မီးဖုန်းပွဲကို ပုဂံ၊ ပင်းယ၊ အင်းဝခေတ် တို့တွင် မီးဖုန်းပွဲဟု တောက်လျောက်ရေးသား သုံးစွဲကြသော်လည်း နောက်ပိုင်းခေတ်များ၌ မီးဖုံး၊ မီးပုန်း၊ မီးပုံး၊ မီးပုံ စသည်ဖြင့် အမျိုးမျိုးပြောင်းလဲရေးသားလာကြသည်။ ယနေ့ကာလ၌ မီးဖုန်းပွဲကို  အထက်အညာဒေသတွင်သာ ရိုးရာထိန်း၍ ကျင်းပပူဇော်ကြတော့သည်။


ထမနဲပွဲ

ထမနဲဆိုသည်မှာ ကောက်ညှင်းဆန်ကို ဆီ၊ ဆား၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နှမ်း၊ ရေ၊ အုန်းသီး၊ မြေပဲ စသည့် အမယ်များဖြင့် မီးအပူပေး၍နှဲရသော အများသိစားဖွယ်တစ်မျိုးဖြစ်သည်။ စာလုံးပေါင်းသတ်ပုံအရ “ထမင်းနှဲ” ဟု ရေးမှမှန်မည်ဖြစ်သော်လည်း အသံစွဲရေးထုံးအရ “ထမနဲ” ဟုရေးသည်။ နှမ်းများစွာထည့်ရ၍ “နှမ်းမနဲ” ဟုလည်း ခေါ်သည်။ ကောက်ညှင်းထမင်းကို ရေဖြင့်ပြုလုပ်ရ၍ “ယာဂု” ဟုလည်းခေါ်သည်။ ထို့ကြောင့် စာဆိုဦးပုညက “အများမတူသပ၊ သာဓုပွဲဟာကို ယာဂုထမနဲ ထိုးချိန်ကျမှဟု စပ်ဆိုခြင်းဖြစ်သည်။

ထမနဲပွဲနှင့်ပတ်သက်ပြီး ဆန့်ကျင်ဘက်အဆိုနှစ်ခုကို ကျွန်ုပ်ရှာဖွေတွေ့ရှိသည်။ တစ်ချက်မှာ “ထမနဲပွဲသည် မီးဖုန်းပွဲနောက်မှပေါ်ပေါက်လာခြင်း” ဖြစ်ပြီး နောက်တစ်ချက်မှာ “ထမနဲပွဲသည် မီးဖုန်းပွဲနှင့် တစ်ခေတ်တည်းပေါ်ပါက်လာခြင်း” ဖြစ်သည်။

 

“ထမနဲပွဲသည် မီးဖုန်းပွဲနောက်မှပေါ်ပေါက်လာခြင်း” ဟူသောအဆို

         တပို့တွဲလသည် ကောက်ဦးစပါးပေါ်ချိန်ဖြစ်သည့်အတွက် စပါး၊ ကောက်ညှင်း လှိုင်လှိုင်ပေါသည့်အတွက် ထမနဲထိုးသည့်ဓလေ့ပေါ်ပေါက်ခဲ့သည်။ ထိုသို့ မြန်မာနိုင်ငံ၏ ဆန်ရေစပါးပေါများပြီး သဒ္ဓါတရား ထက်သန်မှုအရ မီးဖုန်းပွဲနောက်မှ ရာသီစာထမနဲပွဲပေါ်ပေါက်ခဲ့သည်ဟု ဆိုခြင်းဖြစ်သည်။ ဤအဆိုမှန်ကန်ကြောင်း ပညာရှင် အများလည်း လက်ခံကြသည်။ ဘုရားရှင်လက်ထက်တော်က ဒေသယဉ်ကျေးမှု၊ စားသောက်မှုပုံစံတို့အရ ယခုခေတ်စားသုံးနေကြသော ထမနဲပေါ်ပေါက်ခဲ့ရန်အကြောင်းမရှိပါချေ။

 

“ထမနဲပွဲသည် မီးဖုန်းပွဲနှင့် တစ်ခေတ်တည်းပေါ်ပေါက်လာခြင်း” ဟူသောအဆို

            ဂေါတမဘုရားရှင်သည် ရဟန်းများနှင့်အတူ အန္ဓဝိန္ဒရွာသို့ကြွရောက်တော်မူရာ ရွာသားများက ဆွမ်း၊ ခဲဖွယ်၊ ဘောဇဉ်တို့ကို လှည်းဖြင့်တင်၍ လိုက်လံကပ်လှူကြသည်။ လှူဒါန်းသူများပြား၍ မိမိအလှည့် မကျသေးသောပုဏ္ဏားက ညီတော်အရှင်အာနန္ဒာအား ယာဂု၊ ပျားသကာမုန့်ချို စသည်ကို ကပ်လှူလိုကြောင်း လျှောက်ထားတောင်းပန်သည်။ ဘုရားရှင်လည်း ကရုဏာရှေ့ထား၍ ခွင့်ပြုတော်မူခဲ့သည်။ ထိုအလှူမှစ၍ ယာဂုအလှူ စတင်သည်ဟု မှတ်ယူရသည်။ ထိုအလှူနှင့် မီးဖုန်းပွဲစတင်ဖြစ်တည်ရာကာလကို နှိုင်းစာလျှင် ဘုရားရှင်လက်ထက်တော်ပင် ဖြစ်သဖြင့် ထမနဲပွဲသည်မီးဖုန်းပွဲနှင့် တစ်ခေတ်တည်းပေါ်ပေါက်လာခဲ့သည်ဟု တချို့က ယူဆသည်။

            ထိုအယူတွင် အရေးကြီးသောအချက်မှာ “ထမနဲကို ယာဂုဟုလည်းခေါ်ခြင်း” ဖြစ်သည်။ ယာဂုသည် တစ်နည်းအားဖြင့် တွက်ပြန်သော် ဆန်ပြုတ်ဖြစ်သည်။ ဘုရားရှင်က လေနာတော်မူသည်ကို သက်သာစေရန် ရှင်အာနန္ဒာအား ယာဂုအလှူခံစေ၍ မာတုဂါမတစ်ဦးလှူလိုက်သောယာဂုရည်ကိုဘုန်းပေးပြီး သက်သာတော်မူခဲ့ သည်။ ထိုယာဂုသည် ချင်းစိမ်း၊ ကြက်သွန်၊ နှမ်း၊ ငရုတ်တို့ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုသို့ ဆန်ကို အမယ်များဖြင့်ပြုတ်ခြင်းသည် ထမနဲနှင့်အလားသဏ္ဍာန်တူ၍ ထမနဲနှင့်မီးဖုန်းပွဲ တစ်ခေတ်တည်းပေါ်သည်ဟု စာရေးဆရာကြီးမောင်ထင် စသူတို့က ကောက်ချက်ချခဲ့ပုံပေါ်သည်။ 


ကျွန်ုပ်၏အယူအဆအရ “မီးဖုန်းပွဲသည်သာ အရင်ပေါ်ခဲ့သည်။”

·        ယာဂုနှင့်ထမနဲသည် ကျိုရသည်ခြင်းတူနိုင်သော်လည်း ယာဂုသည်ဆန်ပြုတ်ကျဲဖြစ်၍ ထမနဲသည် ကောက်ညှင်းနှဲဖြစ်သည်။

·        ယာဂုကိုသောက်လျှင် အစာကြေ၊ လေနာသက်သာနိုင်သော်လည်း၊ ထမနဲကိုစားလျှင်မူ အစာမကြေ၊ လေနာဖြစ်စေနိုင်သည်။

·        မြန်မာ့အဘိဓာန်တွင်လည်း ယာဂုကို ဆန်ပြုတ်ဟုဖွင့်ဆိုထားသည်။ ထို့ပြင် ပေယျာ၊ ယက်မန်းရည် စသည်ဖြင့်လည်း ခေါ်ကြသဖြင့် ဆန်ကိုပြုတ်ထားသည်မှာ ထင်ရှားသည်။

·            ဘုရားရှင်သည် ပဉ္စင်္ဂုတ္တရပါဠိတော်တွင် ယာဂုအကျိုးငါးပါးကို (၁) ဆာလောင်ခြင်းကိုပျောက်စေ၏။ (၂) မွတ်သိပ်ခြင်းကိုပျောက်စေ၏။ (၃) လေကိုအောက်သို့သက်စေ၏။ (၄) ဆီးအိမ်အတွင်းမှဆီးဟောင်းများ ကို သုတ်သင်၏။ (၅) အစာကိုကြေညက်စေ၏။ ဟုဟောတော်မူသည်ကိုထောက်၍ ထမနဲမဖြစ်နိုင်ပါ။

·             ထမနဲပွဲကို ဒုတိယအင်းဝခေတ်ခေါ် ညောင်ရမ်းခေတ် တနင်္ဂနွေမင်းလက်ထက်တွင်သာ အစောဆုံး တွေ့ရသည်။

·        ခြုံပြောရလျှင် ထမနဲနှင့်ယာဂုမှာ မြန်မာ့ဒေသိယစကားအရတူနေသော်လည်း စာပေအရ၊ သမိုင်းအရ ကွဲပြားသဖြင့် ထမနဲပွဲသည် နောက်ပိုင်းကာလပေါ်ပွဲတော်သာဖြစ်သည်။

 

ထမနဲထိုးခြင်း

ကျွန်ုပ်၏အဘွား ကောလိယ ဒေါ်ခင်မေစိန်း (အမေစိမ်း)က မန္တလေးမြို့ ရန်ကင်းတောင်ခြေတွင် မြစိမ်းရှင်သာသနာ့ရိပ်သာများ၊ မြစိမ်းရှင်-စူဠာမဏိ-လောကထွတ်ခေါင် စေတီတော်များ၊ ဇီဝိတဒါနဆေးခန်း၊ ဆယ့်နှစ်လရာသီအလှူများ၊ တရားစခန်းများကို စဉ်ဆက်မပြတ်ကျင်းပခဲ့သည်။ တပို့တွဲလပြည့်နေ့သည် အဘွား ၏မွေးနေ့ပွဲလည်းဖြစ်သဖြင့် နှစ်စဉ်ထမနဲထိုးခြင်းများကိုပြုလုပ်ခဲ့သည်။

ကောက်ညှင်းဆန်နှင့် ကောက်ညှင်းငချိတ်ကိုရေစိမ်ပြီးစင်စင်ဆေးကာ ဆန်ခါစစ်ထားသည်။ မိုးပြဲဒယ် အတွင်းသို့ ပဲဆီ၊ နှမ်းဆီထည့်ပြီး အုန်းသီးကို ရွှေအိုရောင်သန်းအောင်ကြော်သည်။ အုန်းကြော်ဆယ်ပြီး ထုထောင်းထားသောချင်းများကို ဆီသတ်သည်။ ချင်းဖတ်များနွမ်းပြီး မွှေးကြိုင်လာလျှင် ကောက်ညှင်း ဆန်များ ထည့်ပြီး သမသည်။ ကောက်ညှင်းဆန်များအကြောတင်းလျှင် ဆားထည့်သည်။ ထို့နောက်ရေထည့်ပြီး နှပ်ရသည်။ မကြာမကြာလည်း မွှေပေးရသည်။

ကောက်ညှင်းနပ်ခါမှ နှမ်း၊ မြေပဲလှော်လုံးကွဲ၊ အုန်းကြော်များဖြူးပြီး ယောက်ျားသားများပတ်လည်ဝိုင်း လျက် ကျူရိုးများဖြင့် အင်အားသုံးထိုးတော့သည်။ ကောက်ညှင်းကိုနှဲလိုက်၊ နှမ်း၊ မြေပဲ၊ အုန်းကြော် ထည့်လိုက်ဖြင့် ရေလည်း မကျန်၊ အညက်ညောဆုံးလည်းဖြစ်လျှင် ထင်းမီးများဖယ်လျှော့ပြီး ငှက်ပျောဖက်များ အုပ်လိုက်သည်။ တပို့တွဲလပြည့်နေ့ မနက်အစော၌ ဘုရားရှင်ကို နံ့သာဖြူ၊ သနပ်ခါးတုံးများဖြင့် မီးဖုန်းပူဇော်ရင်း ထမနဲဆွမ်း ကပ်သည်။ ရန်ကင်းတောင်ခြေ သာသနာ့နယ်မြေမှ သံဃာတော်များ၊ သီလရှင်များ၊ မြစိမ်းရှင်ရိပ်သာရှိ ယောဂီနှင့် ဥပုသ်သည်များ အားလုံးမကျန် လှူဒါန်းသည်။ အလွန်မြတ်ပြီး ကြည်နူးဖွယ်အလှူ များကား ယနေ့တိုင် အောက်မေ့ဖွယ်ပင် ဖြစ်သည်။


သြဝါဒပါတိမောက်အခါတော်နေ့ (Magha Puja Day, Sangha Day)

            ပါတိ - စောင့်ရှောက်သူကို၊ မောက္ခ - လွတ်မြောက်စေသည့် ရဟန်းတို့ကျင့်ဖွယ် ဝိနည်းသိက္ခာပုဒ်ပေါင်း ကုဋေ ကိုးထောင့် တစ်ရာ့ ရှစ်ဆယ် ငါးသန်း သုံးသောင်း ခြောက်ထောင်ရှိသည်။ ယင်းတို့ကိုအနှစ်ချုပ်လျှင် (၂၂၇) သွယ်သော ဝိနည်းသိက္ခာပုဒ်များဖြစ်လာသည်။ သံသရာမှလွတ်မြောက်၍ နိဗ္ဗာန်ရောက်ဖွယ် စည်းကမ်းများ သြဝါဒပေးခြင်းဖြစ်သည့် ပါတိမောက် (Ovada Patimokkha Gatha)ကို ဘုရားရှင်က ကဿပညီနောင် ရှင်တစ်ထောင်၊ အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန် နှင့် တပည့်(၂၅ဝ) စုစုပေါင်း ရဟန္တာ(၁၂၅၂)ပါးတို့အား မဟာသက္ကရာဇ် (၁ဝ၃)ခုနှစ်၊ တပို့တွဲလပြည့်နေ့၌ ဂါထာသုံးပုဒ်ဖြင့် ပြဆိုတော်မူခဲ့သည်။


တပို့တွဲလပြည့်၏ ထူးခြားသောဂုဏ်ပုဒ်များ

·        အရှင်သာရိပုတ္တရာ ရဟန္တာဖြစ်တော်မူသောနေ့

·        အရှင်သာရိပုတ္တရာနှင့် အရှင်မဟာမောဂ္ဂလာန် ဧတဒဂ်ရတော်မူသောနေ့

·        အင်္ဂါလေးရပ်နှင့်ပြည့်စုံသော ရဟန်းပရိတ်သတ်တို့ အလိုအလျှောက် စုဝေးမိသောနေ့

·        ဘုရားရှင်တိုင်း သြဝါဒပါတိမောက် ပြတော်မူသောနေ့ (ဘုရှားရှင်တိုင်း အြင်္ဂါလေးချက်နှင့် ညီသောအချိန်အခါမှ သြဝါဒပါတိမောက်ပြတော်မူသည်။ (၁၊ တပို့တွဲလပြည့်နေ့ဖြစ်ခြင်း။ ၂၊ ဧဟိဘိက္ခု ရဟန်းတော်ချည်းသာစုဝေးမိခြင်း။ ၃၊ ဆဠဘိညပဋိသမ္ဘိဒါပတ္တ ရဟန္တာချည်းသာ စုဝေးမိခြင်း။ ၄၊ မည်သူကိုမျှမပင့်ဖိတ်ဘဲ အလိုလိုစုဝေးမိသောအခါဖြစ်ခြင်း။)

 

မြန်မာ့ဆယ့်နှစ်လရာသီပွဲတော်များအနက် တပို့တွဲလသည် ဗုဒ္ဓဝင် မီးဖုန်းပွဲအစဉ်အလာလည်းရှိသည်။ ဆယ့်နှစ်လလုံး၌ အစားအစာနှင့်ပတ်သက်သည့် ပွဲဟူ၍လည်း စည်းလုံးညီညွတ်ခြင်းကိုညွှန်းဆိုသော တပို့တွဲလ ထမနဲပွဲတစ်ပွဲသာရှိသည်။ ထို့ကြောင့် မတူကွဲပြားသော ဆယ့်နှစ်လရာသီပွဲတော်များမှာ ထူးခြားသော ဝိသေသ  များ တစ်မျိုးစီရှိနေခြင်းပင်ဖြစ်သည်။

တပို့လပြည့်၌ မွေးဖွား/ကွယ်လွန်ခဲ့သော

အဘွား ကောလိယ ခင်မေစိန်း (အမေစိမ်း) အားကန်တော့လျက်

ကောလိယ ဝေယံမောင်မောင်

The CHIC မဂ္ဂဇင်း

၂၀၁၈၊ ဖေဖော်ဝါရီ

Comments