မင်္ဂလာရှိတဲ့ မဟာသင်္ကြန်အကြိုနေ့ပါဗျာ။ တနင်္ဂနွေ၊ ပိတ်ရက်နဲ့ မဟာသင်္ကြန်အကြိုနေ့ ထပ်တူကျ တော့ အိမ်မှာဖွယ်ဖွယ်ရာရာ စားသောက်ကြမယ်ဆိုရင် မုန့်ဟင်းခါးကို ရွေးတတ်ကြတယ်မလား။ မုန့်ဟင်းခါး ချက်ရတာ အင်မတန်လွယ်ကူတာကြောင့် ကျွန်တော်အမြဲချက်စားဖြစ်ပါတယ်။ တစ်ခါချက်ရင် ငါးတစ်မျိုး ပြောင်းသုံးပြီး မတူတဲ့အရသာတွေ စမ်းသပ်ကြည့်ပါတယ်။ အများစုကတော့ ငါးခူ၊ ငါးရံ့ အသုံးများကြတယ်။ ငါးကြင်း၊ ငါးရွှေ၊ ငါးသလောက်၊ ငါးကျည်းသုံးကြတာလဲ ရှိတယ်။ ရောင်းတန်းလား၊ ပွဲဧည့်ခံလား၊ အိမ်စားလား အပေါ်မူတည်ပြီး သင့်တော်ရာကို သုံးနိုင်ပါတယ်။
စျေးသွားပြီဆိုရင် အမယ်တွေအားပါးတရထည့်ရအောင် စျေးခြင်းကြီးနဲ့သွားတတ်တဲ့ ကျွန်တော်၊ အမြဲ တမ်းငေးဖြစ်တာက ငါးတန်းပါ။ ကုန်းသတ္တဝါဆိုတာ အမြဲမြင်နေကျမလား။ ရေသတ္တဝါကျ ငုပ်ကြည့်ရင်တောင် အကုန်မြင်ရမှာမဟုတ်ဘူးလေ။ စျေးပန်း ခင်းသူတွေဆီက တချို့ငါးတွေဆိုမြင်ရခဲလို့ ၀ယ်၀ယ်မ၀ယ်၀ယ် ဘာ ငါးလဲ တောင်မေးကြည့်တာ။ ငါးအဆန်းစမ်း၀ယ်မိရင်လည်း ပုံမှန်ချက်တာမျိုးအပြင် တစ်ခါတလေ မုန့်ဟင်းခါး တောင် စမ်းချက်စားလိုက်သေးတယ်။
ဒီတစ်ခါကတော့ လွယ်လွယ်ကူကူ ငါးခူနဲ့ချက်မယ်။ ချက်နည်းကတော့ ဒေသအလိုက်လဲမတူ၊ အကြိုက်အလိုက်လဲ မတူနိုင်ဘူးဗျာ။ အခုလက်ရာကတော့ ဝေယံမောင်မောင့်အကြိုက်ပါ။
ပါ၀င်ပစ္စည်းတွေက
၁၊ ငါးခူ
၂၊ ကုလားပဲ
၃၊ ဆီ
၄၊ ငှက်ပျောအူ
၅၊ ချင်း
၆၊ စပါးလင်
၇၊ ကြက်သွန်ဖြူ
၈၊ ကြက်သွန်နီ
၉၊ နံနံ
၁၀၊ ပူဒီနာ
၁၁၊ သံပရာသီး
၁၂၊ ငရုတ်သီးအလှော်မှုန့်
၁၃၊ ဘဲဥ
၁၄၊ ငံပြာရည်
၁၅၊ နနွင်း
၁၆၊ ငရုတ်သီးစိမ်းမှုန့်
၁၇၊ ဆန်လှော်မှုန့်
၁၈၊ ဟင်းချိုမှုန့်
၁၉၊ မုန့်ဖတ် သို့မဟုတ် မုန့်ဖတ်ခြောက်
စချက်တော့မယ်ဆိုရင်
အဆင့်တွေများလို့ သံခိပ်လုပ်ပြီးပြောပါမယ်ဗျ။ အနံ့၊ အရသာ၊ အရောင်ကတော့ စိတ်ရှည်မှုနဲ့ လက် ရည်အပေါ် မူတည်ပါတယ်။
- ငါးကိုရေဆေး။ နနွင်း၊ ငံပြာရည်၊ အချိုမှုန့်၊ ထုထားတဲ့စပါးလင်တို့နဲ့ အသားနူးအောင်ပြုတ်၊ အရိုးနွှင်ထား။ ပြုတ်ရည်ဖယ်ထား။ အရိုးကို ငရုတ်ဆုံနဲ့ထောင်းပြီး အရည်စစ်ထား။
- ကုလားပဲနူးအောင်ပြုတ်။ အရည်သိမ်းထား။ အသားကြိတ်ချေ။
- ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ စပါးလင် ထောင်း။
- ထောင်းထားတဲ့အမယ်တွေကို နနွင်း၊ အရောင်တင်မှုန့်တို့နဲ့ဆီသတ်။ ငါးပြုတ်ထည့်။ သမပြီးခြောက်ရင် ငါး ပြုတ်ရည်၊ ပဲရည်၊ ထုထားတဲ့ စပါးလင်ထည့်။ ပွက်ပွက်ဆူရင် ပဲနှစ်နဲ့ ဆန်လှော်မှုန့်ထည့်။ ငံပြာရည်လိုရင် ထပ်ထည့်။ အချိုမှုန့်ထည့်။
- အားလုံးရောယှက်နူးလာရင် ကြက်သွန်နီဥလေးတွေထည့်။ ကျွန်တော်က ငှက်ပျောအူမကြိုက်တော့ အမယ် ထဲမှာထည့်မထားပါဘူး။ ကြိုက်ရင်ထည့်ပါ။ ဘဲဥပြုတ်အကာဖတ်လေးတွေ ကြိုက်တတ်သူများ ပါးပါးလှီးပြီး ထည့်ပါ။ စားရတာ ထပ်ထပ်ကလေးတွေပါ။ ကျွန်တော်က ဘဲဥခေါက်ပြီးတော့ပါ ထပ်ထည့်တယ်။ ပေါလော ပေါ်နေတဲ့ ဘဲဥဖတ်လေးတွေကြိုက်လို့ပါ။ သိပ်ကြေအောင်တောင်မမွှေဘဲ အဖတ်ဖြစ်အောင်ထားထားတာပါ။
- အရသာမြည်း၊ ကြက်သွန်နီလေးတွေနူးလားမြည်းပြီး ကြိုက်တဲ့အနေရပြီဆိုရင်ရပါပြီ။ ကျွန်တော်က ကြိုက်တဲ့အချိန်စားလို့ရအောင် မုန့်ဖတ်ခြောက်ပြုတ်ပြီးသုံးပါတယ်။ သတိပြုဖို့က မုန့်ဖတ်စိုနဲ့ အရသာမတူဘူး။ ဟင်းရည်ကိုပေါ့သွားစေတယ်။ ကျွန်တော့်ပန်းကန်ထဲမှာလဲ မုန့်ဖတ်ခြောက်နဲ့သုံးထားလို့ အဖတ်တွေကြီး နေတာ မြင်ရလိမ့်မယ်။
- ပြင်မယ်ဆိုရင် ပန်းကန်ထဲကို မုန့်ဖတ်ထည့်။ ဟင်းရည်ထည့်။ အကြော်၊ ဘဲဥပြုတ်၊ ငါးဖယ်ကြိုက်ရင်ထည့်။ ဘေးက ကြက်သွန်နီဥထည့်။ အပေါ်က နံနံ၊ ပူဒီနာ၊ ငရုတ်သီးအလှော်မှုန့်၊ ကြက်သွန်ဖြူဆီချက်ဖတ်ထည့်ပြီး စားရုံပါပဲ။ အငန်ကြိုက်ရင် ပေါက်ထည့်၊ ခပ်ထည့်ဖို့ ငံပြာရည်ပုလင်းလေး၊ ခွက်လေး ဘေးမှာထားထားပေါ့။
- ဆိုင်မှာစားရင် ဒီခေတ်မှာတစ်ပွဲကို အနည်းဆုံးငါးရာ၀န်းကျင်ပါ။ အိမ်မှာစားရင် ပိုက်ဆံနည်းနည်းနဲ့ အ၀စား လို့ရသလို၊ အရသာလည်းပိုရှိပါတယ်။ ကဲ ဘေးကင်းသက်သာ စားကြပါစို့လားဗျာ။
ကောလိယ ဝေယံမောင်မောင်
၁၂.၄.၂၀၂၀
Comments
Post a Comment