| မင်္ဂလာအခမ်းအနားမှူးသင်တန်း စုံစမ်းသူများအတွက် |
အာရှမိတ်ကပ်ထူးချွန်ပညာရှင်
တိုးတိုး (Covermark) နှင့်တွေ့ဆုံခြင်း
မင်္ဂလာမိတ်ကပ်နဲ့ ဝတ်စုံအကြောင်းကို Best Makeup Artist Asia Award နဲ့ ချန်ပီယံဆုရှင် တိုးတိုး (Covermark)နဲ့ ၂၀၁၄တုန်းက ရိုက်ကူးခဲ့ပါတယ်။ လက်ကိုင်ပန်းများကို လင်းလင်း (အန်တီလင်း)က ဖန်တီးခဲ့ပြီး ကမ္ဘာ့အလှမယ်၊ မော်ဒယ်နဲ့ သရုပ်ဆောင်များ ဝတ်ဆင်ပြသခဲ့ပါတယ်။ ဒီအစီအစဉ်ကို အကျဉ်းချုပ်လို့ ဆောင်းပါးအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
ယူကျု၌ ကြည့်ရှုရန် - https://youtu.be/KamGEKzC9QU
ဝေယံမောင်မောင်
အန်တီတိုး မင်္ဂလာပါ။ မိတ်ကပ်ပညာရှင်ဖြစ်လာခဲ့ပုံ သိပါရစေ။
တိုးတိုး (Cover Mark)
အန်တီတိုးမေမေရဲ့ မျက်နှာအလှကို အရင်ခေတ် ကမ္ဘာ့အကောင်းဆုံး မိတ်ကပ်တစ်ခုဖြစ်တဲ့ Max Factor က ကြော်ငြာခဲ့တယ်။ မေမေက ဟောလီးဝုဒ်မှာ မိတ်ကပ်ပညာသင်ခဲ့တယ်။ အန်တီတိုးက ရှစ်တန်း(၁၉၇၄)မှာ စမ်းလိမ်းနေပြီ။ ဆယ်တန်းအောင်တော့ မေမေက ယိုးဒယားကို မိတ်ကပ်ပညာသင် ပို့တယ်။ ၁၉၈၈ နှောင်းပိုင်း မှာ Best Makeup Artist Asia Award ဆုရတယ်။ ချန်ပီယံဆုလဲ ရခဲ့တယ်။
ဝေယံမောင်မောင်
မင်္ဂလာဝတ်စုံအသစ်တွေဖန်တီးဖို့ စိတ်ကူးကို ဘယ်လိုကွန့်မြူးပါသလဲ?
တိုးတိုး (Covermark)
မင်္ဂလာရောင်မှာ တစ်က ရွှေ၊ နှစ်က အဝါ၊ သုံးက အဖြူ၊ လေးက ပန်းရောင်၊ နောက်ပြီး ဝတ်ချင်သူ စိတ်ကြိုက် အရောင်ပေါ့။ လေ့လာတာတွေက အများကြီးပါ။ ဥပမာ ပန်းလေးကိုကြည့်ပြီး သူ့ရဲအရောင် အတွဲအစပ်လေး နမူနာယူတာမျိုးက အစပေါ့။
ဝေယံမောင်မောင်
ကျွန်တော်ရိုက်ကူးတဲ့ အခုအစီအစဉ်အတွက် အန်တီတိုးရဲ့ဝတ်စုံတွေအကြောင်း သိပါရစေ။
တိုးတိုး (Covermark)
၁၊ ရှေးမြန်မာအမျိုးသမီးဝတ်စုံ။ မေမေ့ရဲ့အဘွားဝတ်စုံကို ဓာတ်ပုံကြည့်ပြီး ဖန်တီးထားပါတယ်။
(ဝတ်ဆင်ပြသသူ - ခြူးနဒီခင်)
၂၊ စိမ်းပြာရောင် ချိတ်ထမီ။ လိုချင်တဲ့ဒီဇိုင်းပေးပြီး ပိုးထည်တိုက်ကို ရက်ဖို့အပ်တာ။ ထိုင်မသိမ်းကို ရိုးရာမပျက် ခေတ်မီအောင်လုပ်ထားတာပါ။ ‘ဘဒ္ဒဝီနန္ဒိမာလာ’ လို့နာမည်ပေးထားတယ်။
(ဝတ်ဆင်ပြသသူ - ပိုးကြာဖြူ)
၃၊ ချိတ်ပုံစံကွဲတစ်မျိုး။ မရန်းစေ့ရောင်။ သတို့သမီးတွေဝတ်မယ်ဆို ဝတ်လို့ရတဲ့အရောင်ပေါ့။ ‘ဩဒိဿကလျာ’ လို့နာမည်ပေးထားတယ်။
(ဝတ်ဆင်ပြသသူ - ဆွီတီကို)
၄၊ စိမ်းစားငါးပိရောင်။ စိတ်ကြိုက်ဒီဇိုင်းကို ၄လ၊ ၆လကြာ ဖန်တီးထားတာပါ။ ‘တုသိတာဘုံ ကာဠုဒါယီ’ လို့ နာမည်ပေးထားတယ်။
(ဝတ်ဆင်ပြသသူ - ပန်းရတီချစ်)
၅၊ ဆန်းတဲ့အဝါရောင်ပေါ်မှာမှ နောက်ထပ် အဝါမျိုးစုံ ပုတီးစေ့၊ ဖန်ချောင်းလေးတွေနဲ့ ပုံဖော်ထားပါတယ်။ ‘သဒ္ဒသိင်္ဂီ မြရွှေရည်’ လို့နာမည်ပေးထားတယ်။
(ဝတ်ဆင်ပြသသူ - ဟန်တီ)
ဝတ်စုံတွေ နှစ်စဉ်နာမည်ပေးဖို့ ဖေဖေရေးခဲ့တဲ့စာအုပ်တွေ ပြန်ဖတ်တယ်။ ရှေးဆန်နွဲ့နှောင်းတဲ့ နာမည်တွေ ပေးဖြစ်တယ်။
ဝေယံမောင်မောင်
ထုတ်ဖြစ်တဲ့ မင်္ဂလာပြက္ခဒိန်အကြောင်းနဲ့ ကတ်တလောက်အကြောင်း ပြောပါအုံး အန်တီတိုးရေ။
တိုးတိုး (Covermark)
မြန်မာ့ဆင်ယင်ထုံးဖွဲ့မှုကိုပြဖို့ ၂၀၀၈တည်းက ပြက္ခဒိန်ထုတ်ခဲ့ပါတယ်။ နှစ်စဉ်ဖန်တီးတဲ့ မင်္ဂလာဝတ်စုံနဲ့ မိတ်ကပ်ဆံထုံးတွေကို ၅နှစ်စာပေါင်းပြီး Myanmar Traditional Wedding Catalogue ဆိုပြီး ထုတ်ခဲ့ပါတယ်။ စာအုပ်က ပျက်ဖို့၊ ပျောက်ဖို့မလွယ်ဘူး။ တော်တော်ကြီးပြီး အချိန်စီးတယ်။ ရောင်းရငွေအကုန် ပရဟိတ လှူပါတယ်။
ဝေယံမောင်မောင်
နိဂုံးချုပ်အနေနဲ့ မင်္ဂလာဆောင်မဲ့သူတွေအတွက် အကြံပေးစကား ပြောပေးပါအုံး။
တိုးတိုး (Covermark)
ဘယ်မင်္ဂလာမောင်နှံမဆို အခမ်းအနားမှူး၊ မိတ်ကပ်၊ ဒီဇိုင်နာ၊ တီးဝိုင်း အကောင်းဆုံး စီစဉ်ချင်သူတွေချည်းပဲ။ ရွေးချယ်မှုမှန်ဖို့ပဲလိုတယ်။ တတ်နိုင်တဲ့ငွေနဲ့ ဘယ်သူက ဘယ်လိုလဲ လေ့လာမယ်။ ယုံကြည်ပြီဆို ပညာရှင်ထံ စိတ်ချလက်ချအပ်ပါ။ ဘယ်သူတော်တယ်၊ ဘယ်သူမတော်ဘူး ဆိုတာမျိုး မဖြစ်ပါစေနဲ့။ အဲဒီပညာရှင်တွေက အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးသွားပါလိမ့်မယ်။
Comments
Post a Comment